သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ မည်သည့်အရာက ကျွန်မကို ပိတ်ပင်ခဲ့သနည်း

16.12.2022

စုအိုက် အီတလီနိုင်ငံ

ညီမက ဂရတ်ဖစ်ဒီဇိုင်းအလုပ်လုပ်ဖို့ အသင်းတော်က တခြားလူတချို့နဲ့ တွဲရတယ်။ တစ်နေ့တော့ ခေါင်းဆောင်က ညီမကို ပြောတယ်။ အစ်မနှစ်ယောက်က အစ်ကိုကျန်းရဲ့ ပြဿနာတွေကို ပြောပြတယ် တဲ့။ သူက သူ့သဘောအတိုင်းပဲ လုပ်ချင်ပြီး သူ့ကြောင့် အလုပ်အရှိန်က နှေးနေတယ်ဆိုပဲ။ ကျွန်မ သူနဲ့အတူ အလုပ်လုပ်တဲ့အခါ ဒီပြဿနာတွေကို တွေ့ရလားလို့ ခေါင်းဆောင်က ကျွန်မကို မေးတယ်။ အစ်ကိုကျန်းနဲ့ အလုပ်လုပ်တုန်းက သူက သူ့ကိုယ်ပိုင်အမြင်တွေကို သေချာပေါက် ဖက်တွယ်ထားတယ်ဆိုတာ ညီမ မြင်ရပုံကို သတိရမိတယ်။ လူတိုင်းက ဆွေးနွေးပြီးသွားပြီး စည်းမျဉ်းတွေနဲ့အညီ စိတ်ကူးတစ်ခုကို ဆုံးဖြတ်ပြီးသွားရင် သူက အမြဲ မတူတဲ့ အမြင်ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ကူးကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်ဘူး။ လူတိုင်းက သူနဲ့အတူ လိုက်စဉ်းစားရပြီး အချိန်တော်တော်ကုန်တယ်။ ပုံတွေမှာ နည်းနည်းအသေးစားဖြစ်တဲ့ ပြဿနာတချို့လည်းရှိတယ်။ နောက်မှ ပြင်လို့ရတယ်။ အားလုံးရဲ့ အချိန်တွေယူပြီး ဆွေးနွေးနေစရာမလိုဘူး။ ဒါပေမဲ့ သူက ညီမတို့ရှေ့မဆက်ခင် ဖြေရှင်းဖို့ မရမကပြောတယ်။ လူတိုင်းက သဘောတူညီမှုရသွားတဲ့အထိ သူက ကိစ္စတွေကို နှောင့်နှေးအောင်လုပ်တယ်။ ဒါကြောင့် တော်တော်နှေးသွားတယ်။ အဲဒါနဲ့ ညီမတွေ့ခဲ့တဲ့ ပြဿနာတွေကို ခေါင်းဆောင်ကို ပြောပြတယ်။ ညီမက ဒီပြဿနာတွေကို အစကတည်းက သိနေတာကို ခေါင်းဆောင်က သိသွားတော့ ညီမကို အပြစ်ပြောတယ်။ “အစ်ကိုကျန်းက သူ့သဘောအတိုင်းလုပ်နေပြီး အလုပ်က နှေးနေတယ်ဆိုတာ ညီမသိတယ်။ ဒါဆို ဘာလို့ သူ့ကို ကန့်သတ်ရမယ့်အစား လိုက်လျောပြီး လက်ခံရတာလဲ။ ဒါကြောင့် အလုပ်နှောင့်နှေးမသွားဘူးလား” တဲ့။ ခေါင်းဆောင်ရဲ့ စကားတွေကြောင့် ညီမ စိတ်ညစ်သွားတယ်။

ညီမက အစ်ကိုကျန်းနဲ့အတူ ပုံအယူအဆဆွေးနွေးတဲ့အချိန်ကို ပြန်စဉ်းစားကြည့်တယ်။ သူက သူ့ကိုယ်ပိုင်အမြင်တွေကိုပဲ ဖက်တွယ်ထားတော့ ညီမ စိုးရိမ်မိတယ်။ သူ့ပြဿနာကို ထောက်ပြချင်တယ်။ ဒါပေမဲ့ ညီမက အစကတည်းက မာနထောင်လွှားသူဖြစ်နေတာကို သတိရတယ်။ ခေါင်းဆောင်ကလည်း အရင်က ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီး သူများနဲ့ ပူးပေါင်းလုပ်ဖို့ ပြောရင်း ညီမကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ညီမက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်လို့၊ ကိုယ့်အမြင်တွေကိုပဲ စွဲကိုင်ထားပြီး ညီမတွဲဖက်တွေနဲ့ ငြင်းနေတာကြောင့် အလုပ နှောင့်နှေးလို့ပေါ့။ ညီမက လူတိုင်းရှေ့မှာ အစ်ကိုကျန်းရဲ့ ပြဿနာတွေကို ထောက်ပြရင် သူ့အမြင်တွေကို စိန်ခေါ်ရင် ညီမက မာနထောင်လွှားပြီး အသိတရားမဲ့နေတုန်းပဲ၊ သူများအကြံတွေကို တည်တည်ငြိမ်ငြိမ်နဲ့ မယူနိုင်ဘူး၊ သူများနဲ့ ပူးပေါင်းမလုပ်နိုင်ဘူးလို့ လူတွေက ထင်နိုင်တယ် ပေါ့။ ဒီတော့ ကိစ္စတွေက ဘယ်လောက်နှောင့်နှေးနေပါစေ ညီမက အစ်ကိုကျန်းပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်လိုက်တယ်။ တစ်ခါတလေမှာ အစ်ကိုကျန်းရဲ့ အကြံတွေကို ညီမတို့က စည်းမျဉ်းတွေနဲ့အညီ စဉ်းစားတဲ့အခါမှာ အလုပ်မဖြစ်နိုင်ဘူးလို့ ခံစားရတယ်။ ပြဿနာက ဘယ်မှာရှိတယ်ဆိုတာ ညီမတို့က ထောက်ပြတယ်။ ဒါပေမဲ့ သူက ကောင်းကောင်းလက်မခံဘဲ သူ့အမြင်တွေကို မရမကပြောတယ်။ သူအကြံပေးတဲ့အတိုင်း ညီမတို့ကမလုပ်ရင် သူက စိတ်တိုပြီး စကားမပြောတော့ဘူး။ အဲဒီတော့ အရမ်းအနေရခက်ပြီး အလုပ်က ရပ်သွားတာပေါ့။ နဂိုကတော့ ညီမက ခေါင်းဆောင်ကို ပြောပြချင်တယ်။ ဒါပေမဲ့ ခေါင်းဆောင်က ညီမရဲ့ မာနထောင်လွှားမှုကို ကိုင်တွယ်ဖြေရှင်းခဲ့တာ မကြာသေးတော့ ညီမက တခြားတစ်ယောက်ရဲ့ ပြဿနာတွေကို တိုင်ရင် ညီမက သူများတွေရဲ့ ပြဿနာတွေကို အာရုံစိုက်နေပြီး အမှားရှာနေတယ် ကိုင်တွယ်ဖြေရှင်းပြီး ဘာမှမပြောင်းဘူးလို့ ခေါင်းဆောင်ကထင်နိုင်တယ်ဆိုပြီး ညီမ စိတ်ပူမိတယ်။ ဒီလိုဆိုရင် ညီမတာဝန်ကို ဘယ်လောက်ဆက်ပြီး ထမ်းဆောင်နိုင်မှာလဲ ပေါ့။ ဒီလိုတွေးပြီး အစ်ကိုကျန်းရဲ့ ပြဿနာကို ညီမ တိုင်တာမျိုး၊ ထောက်ပြတာမျိုး မလုပ်ခဲ့ဘူး။ ရလဒ်အနေနဲ့ ညီမတို့က သဘောမတူနိုင်တော့၊ အမြဲတမ်း အပြန်အလှန်ညှိနှိုင်းဆွေးနွေးနေတာနဲ့ နောက်ဆုံးမှာ သေချာပေါက် နေ့တစ်ဝက်နဲ့ပြီးနိုင်တဲ့ဟာကို တစ်နေကုန်သွားတယ်။ အလုပ်အရှိန်က နှေးသွားတယ်။ ဒါတွေကို စဉ်းစားမိတော့ ညီမ လိပ်ပြာမလုံဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ အစ်ကိုကျန်းပြဿနာကို ညီမ သတိမထားမိတာမျိုး မဟုတ်ဘဲ၊ ညီမက တွန့်ဆုတ်ပြီး သူ့ကို ဒါကို လုံးဝ ထောက်မပြခဲ့တာပါ။ ဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီမ တွေးမိတယ်။ “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို ကြားဝင်စွက်ဖက်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ အသင်းတော်အလုပ်ကို တုံ့ဆိုင်းမှုနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ၊ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ၊ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ— ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အစေခံသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်— ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ၊ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင်၊ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ၊ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင်၊ သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး၊ အနေရခက်လိမ့်မည်၊ ပြီးလျှင် ‘ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ထုတ်ဖော်ရမည်၊ ငါ တားရမည်’ ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်) ဘုရားသခင်ကို အမှန်တကယ်ယုံတဲ့ အသိတရားရှိတဲ့သူတွေက ဘုရားနဲ့ စိတ်တစ်လုံးတစ်ဝတည်းရှိပြီး ပြဿနာတွေနဲ့ပတ်သက်ရင် သူ့ဘက်ကနေတာကို ဘုရားနှုတ်ကပတ်တော်ကနေ ညီမ တွေ့ခဲ့တယ်။ အသင်းတော်အလုပ်ကို တစ်ယောက်ယောက်က နှောင့်ယှက်နေတာကို မြင်ရင် သူတို့က ရင်ဆိုင်၊ ဖော်ထုတ်ပြီး တားဆီးတယ်။ အသင်းတော်အလုပ်ကို ကာကွယ်ကြတယ်။ ဒါပေမဲ့ ညီမကတော့ အစ်ကိုကျန်းက သူ့အမြင်တွေကို ဖက်တွယ်ပြီး သူများထင်မြင်ချက်တွေကို လက်မခံတာကို ညီမက ရှင်းရှင်းလင်းလင်း မြင်တယ်။ သူ့ကြောင့် အလုပ်အရှိန်က ခဏခဏ နှေးခဲ့ရတယ်။ ဒါတောင်မှ ညီမက မာနထောင်လွှားပြီး ရန်စတယ်လို့ လူတွေမပြောအောင် ညီမက ဒါကို တားဆီးတာ၊ ဖြေရှင်းတာ၊ ထောက်ပြတာ၊ ကူညီတာမလုပ်ရုံတင်မကဘဲ ဒီတိုင်းရပ်ကြည့်ပြီး မျက်ကွယ်ပြုခဲ့တယ်။ ညီမတို့အလုပ်ရဲ့ ထိရောက်မှုကို ကာကွယ်ရမယ့်အစား ကိုယ့်အကျိုးကိုပဲ ကာကွယ်ဖို့ စဉ်းစားနေခဲ့တယ်။ ရလဒ်အနေနဲ့ အလုပ်က နှောင့်နှေးသွားတယ်။ အပေါ်ယံမှာတော့ ညီမက နေ့တိုင်း အလုပ်နဲ့လက်မလည်အောင် ကိုယ့်တာဝန်ကို ထမ်းဆောင်နေတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ညီမက ကိုယ့်တာဝန်မှာ တကယ် တာဝန်ထမ်းရွက်ခြင်းမရှိဘူး။ ဘုရားအပေါ် လုံးဝ သစ္စာမရှိခဲ့ဘူး။ ကပ်ဘေးတွေက များလာနေပြီ။ လူတွေအများကြီးက လမ်းမှန်ကို စရှာဖွေပြီး စုံစမ်းလာကြတယ်။ ညီမတို့က ကိုယ့်အရှိန်ကိုတင်နိုင်ပြီး ဧဝံဂေလိ ပုံတွေ ပိုလုပ်နိုင်ရင် ဧဝံဂေလိအလုပ်အတွက် ညီမတို့ရဲ့ အပိုင်းလေးကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ညီမက ဘုရားအလိုတော်ကို အရေးမစိုက်ဘူး။ အလုပ်အရှိန်က နှေးနေတဲ့အချိန်မှာ ညီမက ဒီအတိုင်းထိုင်အကြာကြီးကြည့်နေခဲ့တယ်။ အချိန်မီ တားဆီးတာ၊ ဖြေရှင်းတာ မလုပ်ခဲ့ဘူး။ ညီမက အသိစိတ်နဲ့ လူ့သဘာဝ အရမ်းကို ကင်းမဲ့နေခဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်ထဲကဖော်ပြတဲ့ “သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး” လိုပေါ့။ ညီမက အသင်းတော်ကို ထမင်းစားလက်မှတ်တစ်ခုလို အသုံးပြုပြီး အရေးပါတဲ့ အချိန်တွေမှာ အသုံးမဝင်ခဲ့ဘူး။ ဒါကို ညီမ သဘောပေါက်သွားတော့ နောင်တတွေ အရမ်းရပြီး ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသင်းတော်အလုပ်ကို လျစ်လျူရှုခဲ့ပါတယ်။ ကိုယ်တော့်ဆီမှာ သမီး နောင်တရချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် မြင်ဖို့ ဦးဆောင်တော်မူပါ” ပေါ့။

နောက်ပိုင်း သမ္မာတရားကို ညီမ လက်တွေ့လုပ်ဖို့ ဘာကြောင့် အရမ်းခက်နေတယ်၊ ဘာက ညီမကို တားနေတယ်ဆိုတာ စပြီး ဆင်ခြင်ခဲ့တယ်။ ညီမအခြေအနေနဲ့ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ညီမ စားသောက်ခဲ့တယ်။ “လူအချို့တို့သည် ပြုမူဆောင်ရွက်ကြသောအခါ ၎င်းတို့ကိုယ်တိုင်၏ ဆန္ဒနောက် လိုက်ကြ၏။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ကြပြီး ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးသည့်နောက်တွင် ၎င်းတို့သည် ၎င်းတို့ မာနထောင်လွှားကြကြောင်းနှင့် ၎င်းတို့၌ သမ္မာတရားမရှိသောကြောင့်သာလျှင် ၎င်းတို့အမှားလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းသာ ဝန်ခံကြ၏။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများထဲ၌ ‘အခြားမည်သူမျှ အရဲစွန့်ခေါင်းမထောင်ကြ၊ ငါသာ ဤသို့ပြု၏၊ ထိုသို့ဖြင့် အဆုံး၌ တစ်စုံတစ်ခု မှားယွင်းသည့်အခါ ငါ့အပေါ်သာ တာဝန်အားလုံးပုံချကြသည်။ ဤသည်မှာ ငါ မိုက်မဲရာမကျသလော။ နောက်တစ်ကြိမ်၌ ငါသည် ထိုကဲ့သို့ အရဲစွန့်ခေါင်းခံသည့် ဤကိစ္စမျိုး ငါမလုပ်တော့။ ထောင်ထွက်နေသော သံသည် အထုခံရ၏’ ဟုပင် ညည်းညူနေကြဆဲဖြစ်သည်။ ဤသဘောထားကို မည်သို့သဘောရသနည်း။ ဤသည်မှာ နောင်တရသော သဘောထားလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် ဉာဏ်များလာပြီး လိမ်လည်လှည့်ဖြားလာကြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ‘ထိုကိစ္စက ပျက်ကိန်းမဆိုက်သွားသည်မှာ ငါကံကောင်း၏။ တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်သွားပြီ ဆိုပါတော့။ ငါ့အနေဖြင့် အနာဂတ်တွင် ပို၍သတိထားမှ ရပေတော့မည်။’ ၎င်းတို့သည် အမှုအရာကို ဂရုစိုက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ သေးသိမ်မှုနှင့် စဉ်းလဲသော အကြံအစည်များကို အသုံးပြုကြပြီး သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့သည် ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် နောင်တမရကြသေးသောကြောင့် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏)လူတို့သည် ၎င်းတို့တာဝန်အပေါ် တာဝန်ယူမှုမရှိသောအခါ၊ ပေါ့ဆပြီး ဝတ်ကျေတန်းကျေပုံစံဖြင့် လုပ်ဆောင်သောအခါ၊ မည်သူနှင့်မဆို သဘောတူသူ အဖြစ်ပြုမူပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်သောအခါတွင် ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ဉာဏ်များခြင်းဖြစ်သည်။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ အသက်ရှင်သန်ဖို့အတွက် လူသား၏ အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သောအချက်သည် ဉာဏ်နီဉာဏ်နက်များခြင်းပင်ဖြစ်၏။ လူတို့သည် ၎င်းတို့ဉာဏ်နီဉာဏ်နက်မများလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ဘဲ အခြားသူများအား စိတ်မကျေမနပ်ဖြစ်စေတတ်သောသူဖြစ်မည်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမှ မနာကျင်စေဘဲ သို့မဟုတ် စိတ်မကျေမနပ်မဖြစ်စေဘဲ အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်၊ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ လုံခြုံအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးဝမ်းကျောင်းအား ကာကွယ်ကြပြီး လူထုကြားတွင် ခိုင်ခံ့သောအခြေကုပ် ရယူနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ မယုံကြည်သူများအားလုံးက စာတန်၏ အတွေးအခေါ်ဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့အားလုံးသည် မှန်ပါ့သမားများဖြစ်ပြီး မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်ကြပေ။ သင်သည် ဘုရားအိမ်တော်သို့ လာသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သည်။ ဘုရားအိမ်တော်၏ တရားဒေသနာများကို နားထောင်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် မှန်ပါ့သမား လုပ်နေရသနည်း။ မှန်ပါ့သမားများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်သည်။ အသင်းတော်၏ အကျိုးစီးပွားကို မကာကွယ်ပေ။ တစ်ယောက်ယောက်က မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့မြင်သောအခါ လျစ်လျူရှုကြသည်။ ၎င်းတို့သည် မှန်ပါ့သမားများ ဖြစ်လိုကြသည်။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုပေ။ ဤသည်မှာ တာဝန်မသိတတ်ခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ညီမကို စိတ်မကောင်းဖြစ်စေခဲ့ပြီး သမ္မာတရားကို လက်တွေ့မလုပ်နိုင်တဲ့၊ သမ္မာတရားစည်းမျဉ်းတွေကို မထိန်းသိမ်းနိုင်တဲ့ အကြောင်းရင်းက ညီမသဘာဝက အရမ်းလှည့်စားလွန်းလို့ဆိုတာ နောက်ဆုံးမှာ မြင်သွားတယ်။ ခေါင်းဆောင်က ညီမရဲ့ မာနထောင်လွှားမှုကို ကိုင်တွယ်ဖြေရှင်းပြီးကတည်းက ညီမရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ပြုပြင်ဖို့ ကိုယ့်ကိုယ်ကိုယ် တကယ်မဆင်ခြင်ခဲ့ဘူး၊ လမ်းကြောင်း လုံးဝ မရှာဖွေခဲ့ဘူး။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကြံစည်ပြီး အပေါ်ယံ သည်းခံခြင်းနဲ့ လိုက်လျောခြင်းကို သုံးခဲ့တယ်။ ညီမက သိမ်မွေ့ပြီး ညီမရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ပြောင်းသွားပြီလို့ သူများ တလွဲထင်အောင် လုပ်ခဲ့တယ်။ ဒါဆို ခေါင်းဆောင်က ညီမကို ထပ်ပြီး ကိုင်တွယ်ဖြေရှင်းတာ၊ ထုတ်တာတောင် လုပ်မှာမဟုတ်ဘူးပေါ့။ “အထောင်ဆုံး သံချောင်းသည် ရိုက်ထည့်ခံရ၏” “ဆိတ်ဆိတ်နေခြင်းသည် ရွှေဖြစ်၏”၊ “ပြောစကားသည် ငွေဖြစ်၍၊ စကားများအမှားပါ၏” “အမှားကင်းအောင်သာနေပြီး အရမ်းတော်ဖို့ မကြိုးစားနှင့်” ဆိုတာမျိုး ဆိုးယုတ်တဲ့ စိတ်ကူးတွေ၊ အမြင်တွေကြောင့် ညီမက အရမ်းတစ်ကိုယ်ကောင်းဆန်၊ ယုတ်ညံ့ပြီး ပါးနပ်လှည့်စားတတ်လာတာ မြင်သွားတယ်။ အစ်ကိုကျန်းပြဿနာက ညီမတို့အလုပ်ကို ထိခိုက်သွားတာ ညီမ သေချာ မြင်တယ်။ ညီမ ဒါကို ရင်ဆိုင်ပြီး ဖော်ထုတ်တားဆီးသင့်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအစား သဘောထားကွဲလွဲတာ ပပျောက်ဖို့ လူ့အကြိုက်လိုက်သူလို ပြုမူခဲ့တယ်။ ပြဿနာတွေ၊ သဘောထားကွဲလွဲတာတွေ ရင်ဆိုင်ရတဲ့အခါ ညီမက တတ်နိုင်သမျှ အနည်းဆုံးပဲ ပြောတယ်။ လူတွေနဲ့ ဘယ်တော့မှ မငြင်းခုံဘူး။ စည်းမျဉ်းတွေကို လုံးဝ မထိန်းသိမ်းဘူး။ ညီမက ကိုယ့်အကျိုးကို ကောင်းကောင်းကာကွယ်ပေမဲ့ အသင်းတော်အလုပ်ကို ထိခိုက်ခွင့်ပေးခဲ့တယ်။ ညီမက အရမ်းကို အယောင်ဆောင်ပြီး လှည့်စားခဲ့တာပါ။ ဘုရားသခင်က ရွံ့မုန်းတာကို ညီမ တကယ်ခံရသင့်တယ်။ အထူးသဖြင့် ဘုရားသခင်က ဒီလိုပြောတာကိုညီမဖတ်ရတဲ့အခါပေါ့။ “၎င်းတို့သည် အမှုအရာကို ဂရုစိုက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ သေးသိမ်မှုနှင့် စဉ်းလဲသော အကြံအစည်များကို အသုံးပြုကြပြီး သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့သည် ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် နောင်တမရကြသေးသောကြောင့် ဖြစ်၏။” ညီမ ပိုပြီးတော့တောင် နောင်တရတယ်။ အရင်တုန်းက ညီမက မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ တာဝန်ထမ်းဆောင်တယ်။ ကိုယ့်အမြင်တွေကို အမြဲကိုင်စွဲထားပြီး သူများအကြံတွေကို နားမထောင်ဘူး။ ဒါကြောင့် သူများတွေက စိတ်ကျဉ်းကျပ်ရုံတင်မကဘူး။ အသင်းတော်အလုပ်လည်း ထိခိုက်ခဲ့တယ်။ ညီမ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး မြင်လာအောင်၊ ညီမပုံစံတွေကို အချိန်မီပြောင်းလဲပြီး တာဝန်ကိုကောင်းကောင်းလုပ်နိုင်အောင် ခေါင်းဆောင်က ညီမကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ နောင်တမရခဲ့ဘူး။ အဲဒီအစား ဘုရားနဲ့ သူများတွေကို ညီမ ပိတ်ကာထားခဲ့တယ်။ ညီမတာဝန်ကို ကောင်းကောင်းမထမ်းဆောင်ရုံတင်မကဘူး။ အသင်းတော်အလုပ်က အနှောင့်အယှက်ဖြစ်တဲ့အခါမှာတောင် ဂရုမစိုက်ဘူး။ ညီမက သမ္မာတရားကို လက်ခံသူတစ်ယောက် ဘယ်လိုမှ မဖြစ်ခဲ့ဘူးဆိုတာ မြင်ခဲ့ရတယ်။ ဒီလိုဆက်ဖြစ်နေရင် ညီမရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပိုဆိုးလာပြီး နောက်ဆုံးမှာ အထုတ်ခံရပြီး စွန့်ပစ်ခံရမှာပဲ။ ဒီလို တွေးမိပြီး ညီမကြောက်လာပြီးတော့ ဘုရားကိုအမြန်ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ဒီလောကီအတွေးအခေါ်တွေကတစ်ဆင့် သမီးရဲ့ အကျိုးအတွက် ကာကွယ်ချင်စိတ်မရှိတော့ပါဘူး။ သမ္မာတရားကို ရှာဖွေပြီး သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြင်ချင်စိတ်ရှိပါတယ်။ လက်တွေ့လုပဖို့လမ်းကြောင်းကို ကူရှာဖွေပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်” ပေါ့။

အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်တယ်။ “သင်သည် ငြင်းခုံမှုများကို ရှောင်လိုလျှင် ညှိနှိုင်းခြင်းသည် တစ်ခုတည်းသောနည်းလမ်းဖြစ်သလော။ မည်သည့်အခြေအနေများတွင် သင် ညှိနှိုင်းနိုင်သနည်း။ သင်၏ကိုယ်ကျိုး၊ သို့မဟုတ် သင်၏ ဂုဏ်သတင်းကဲ့သို့သော သေးငယ်သောကိစ္စများနှင့်သက်ဆိုင်လျှင် ငြင်းခုံစရာမလိုပေ။ သည်းခံရန်၊ သို့မဟုတ် ညှိနှိုင်းရန် ရွေးချယ်နိုင်သည်။ သို့သော် အသင်းတော်အလုပ်ကို ထိခိုက်နိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို နစ်နာစေနိုင်သော ကိစ္စများတွင် စည်းမျဉ်းများကို လိုက်နာရမည်။ ဤစည်းမျဉ်းကို သင် မစောင့်ထိန်းလျှင် သင်သည် ဘုရားသခင်အပေါ် သစ္စာမရှိခြင်းဖြစ်သည်။ သင်သည် သိက္ခာဆည်ရန်၊ သို့မဟုတ် သင်၏ အပြန်အလှန် ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများကို ထိန်းသိမ်းရန်အတွက် ညှိနှိုင်းပြီး စည်းမျဉ်းများကို စွန့်လွှတ်ရန် သင်ရွေးချယ်လျှင် ဤသည်မှာ သင်က တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဟုတ်လော။ ဤသည်မှာ တာဝန်မသိသော၊ သင်၏တာဝန်တွင် သစ္စာမရှိသော လက္ခဏာမဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် သင်၏တာဝန်လမ်းကြောင်းတွင် လူတိုင်းက သဘောထားကွဲလွဲသော အချိန်ရောက်လာလျှင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ယင်းနှင့်ပတ်သက်၍ သင်၏ အစွမ်းရှိသမျှ ငြင်းခုံခြင်းက ပြဿနာကို ပြေလည်စေမည်လော။ (မပြေလည်ပါ။) ဤသို့ဆိုလျှင် ပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤအခြေအနေတွင် သမ္မာတရားကို နားလည်သူသည် ပြဿနာကို ဖြေရှင်းရန် ရှေထွက်သင့်သည်။ ရှေးဦးစွာ ပြဿနာကို ရှေ့တွင်ချပြီး နှစ်ဖက်လုံး၏ ထင်မြင်ချက်များကို ပြောခွင့်ပေးသင့်သည်။ ထို့နောက် လူတိုင်းက သမ္မာတရားကို အတူတကွ ရှာဖွေရန်ဖြစ်သည်။ ဘုရားသခင်အား ဆုတောင်းပြီးနောက်တွင် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားတို့ကို မိတ်သဟာယဖွဲ့ရန် ယူဆောင်ရမည်။ သမ္မာတရားစည်းမျဉ်းများကို မိတ်သဟာယဖွဲ့ပြီး ရှင်းလင်းမှုရရှိပြီးသည့်နောက်တွင် နှစ်ဖက်လုံးက နာခံနိုင်လိမ့်မည်။...က်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်အလုပ်၏ ထိရောက်မှုကို ကာကွယ်ရန်အတွက် သဘောထားကွဲလွဲပြီး ငြင်းခုံကာ ၎င်းတို့၏ သဘောထားက အနည်းငယ် အလျှော့ပေးခြင်းမရှိလျှင် ဤသည်မှာ ပြဿနာဖြစ်သည်ဟု သင်တို့ ဆိုမလော။ (မဆိုပါ။) ၎င်းတို့၏ ရည်ရွယ်ချက်က မှန်ကန်သောကြောင့်ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ ဘုရားဘက်တွင် ရပ်တည်ပြီး စည်းမျဉ်းများကို လိုက်နာသောသူ၊ ဘုရားသခင်က ဝမ်းမြောက်သောသူဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်သောအခါတွင် ပြင်းထန်သော၊ ပြတ်သားသော သဘောထားရှိခြင်းသည် မြဲမြံစွာ ရပ်တည်ခြင်း၊ စည်းမျဉ်းများကို လိုက်နာခြင်း၏ လက္ခဏာဖြစ်ပြီး ဘုရားသခင်က သဘောကျသည်။ ဤသဘောထားတွင် ပြဿနာတစ်ခုရှိသည်ဟု လူများက ခံစားနိုင်သည်။ သို့သော် ဤသည်မှာ ကြီးမားသော အရာမဟုတ်ပေ။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြသခြင်းနှင့်် မသက်ဆိုင်ပေ။ သတိရလော့။ စည်းမျဉ်းများကို လိုက်နာခြင်းသည် အရေးကြီးဆုံးအရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ညီမ နားလည်သွားတယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တစ်ကိုယ်ရေအကျိုးအမြတ်ကို စွန့်လွှတ်နိုင်စွမ်း၊ သမ္မာတရားကို ထိန်းသိမ်းပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်စွမ်းက အရေးကြီးဆုံးပဲ။ ဒါကြောင့်မို့ တစ်ခါတလေမှာ လူတွေနဲ့ သဘောထားကွဲလွဲတာတွေ ရှိရင်၊ နည်းနည်း ကြမ်းကြမ်းတမ်းတမ်းပြောရင်တောင်မှ ဒါတွေအားလုံးက ပြဿနာအကြီးစားတွေ မဟုတ်ပါဘူး။ ဘုရားသခင် ကြည့်တာက သမ္မာတရားအပေါ် ညီမတို့ သဘောထားပဲ။ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းနိုင်သလား၊ သမ္မာတရားကို လက်တွေ့လုပ်နိုင်သလားဆိုတာ ကြည့်ပါတယ်။ အရင်တုန်းက စည်းမျဉ်းတွေကို ထိန်းသိမ်းတာကြောင့် ပဋိပက္ခတွေဖြစ်ရင် ညီမက မာနထောင်လွှားတဲ့ စိတ်သဘောထားကို ပြနေပြီး သူများတွေနဲ့ လိုက်ဖက်ညီညီ ပူးပေါင်းမလုပ်ကိုင်တာ ဖြစ်ရမယ်လို့ အမြဲတမ်း တွေးမိတယ်။ ဒါကြောင့် ညီမက မာနထောင်လွှားတယ်လို့ သူများက ပြောတာတွေကို ရှောင်ဖို့အတွက် အရာရာကို အလျှော့ပေးခဲ့တယ်။ စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ ဘာကိုမှ မလုပ်ခဲ့ဘူး။ ငြင်းခုံတာတွေ၊ ပဋိပက္ခတွေကို ရှောင်ဖို့ အကောင်းဆုံးလမ်းကြောင်းက စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဖို့၊ လူတစ်ယောက်ချင်းစီကို သူတို့အမြင်တွေကို ပြောခိုင်းဖို့ ပြီးရင် သမ္မာတရားကို အတူတူရှာဖွေဖို့ဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ ညီမ နားလည်သွားတယ်။ ရှာဖွေပြီးတဲ့နောက်မှာ ကိုယ့်လုပ်ရပ်တွေက သမ္မာတရားစည်းမျဉ်းတွေနဲ့ညီတယ်ဆိုတာ သေချာရင် ဒီလုပ်ရပ်တွေကို ထိန်းသိမ်းသင့်တယ်။ ဒါက မှန်ကန်ပါတယ်။ ကိုယ့်အမြင်က သိသိသာသာ မှားနေပေမဲ့ မရမက ဆက်ထိန်းသိမ်းနေရင် လူတွေကို ကိုယ်ပြောတာ နားထောင်ခိုင်းပြီး လက်ခံခိုင်းရင် ဒါက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ကြောင်း ပြတာပဲ။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီး သူများတွေနဲ့ လိုက်ဖက်ညီညီ တွဲလုပ်ဖို့ သင်ယူသင့်တယ်။ အဲဒီနောက်တော့ ညီမက အစ်ကိုကျန်းနဲ့ တွဲလုပ်တဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့ ကြိုးစားတယ်။

တစ်နေ့တော့ ညီမက ပုံတွေရွေးပြီး အစ်မလျူနဲ့ အစ်ကိုကျန်းနဲ့အတူ စိတ်ကူးတွေကို ဆွေးနွေးတယ်။ အစ်ကိုကျန်းက စိတ်ကူးတစ်ခုကို ထုတ်ပြောတယ်။ သူ့ရဲ့ဒီဇိုင်းတစ်ခုလုံးက ပေးတဲ့မက်ဆေ့ချ်က အကြောင်းအရာနဲ့ သိပ်မကိုက်ဘူးလို့ ညီမတို့က ခံစားရတယ်။ ဒါပေမဲ့ သိပ်တော့ မသေချာဘူး။ အစတော့ ညီမက ဒါကို လက်ခံလိုက်ပြီး အလျှော့ပေးလိုက်ချင်တယ်။ ညီမ စဉ်းစားတယ်။ “ဒါဆို သူ့စိတ်ကူးကို အရင်လုပ်ကြည့်တာပေါ့။ ငါက မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ပြီး ကိုယ့်အမြင်တွေကို ဆုပ်ကိုင်ထားတယ်လို့ လူတိုင်းက ပြောမှာစိုးတယ်” ပေါ့။ ဒါပေမဲ့ နောက်တော့ ဒီဇိုင်းအတွက် စည်းမျဉ်းနဲ့ လိုအပ်ချက်တချို့ကို ညီမ သတိရသွားပြီး အစ်ကိုကျန်းရဲ့ အယူအဆက တကယ်ကို ပြဿနာတွေရှိတယ်လို့ ခံစားမိတယ်။ သူ့အယူအဆအတိုင်း ဒီဇိုင်းကိုလုပ်ပြီးမှ ပြန်လုပ်ရရင် အချိန်ဖြုန်းတာဖြစ်ပြီး အလုပ်က နှောင့်နှေးမသွားဘူးလား။ ဒီအချိန်မှာ ညီမက စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့လိုတယ်ဆိုတာ သဘောပေါက်သွားတယ်။ အဲဒါနဲ့ အစ်ကိုကျန်းကို သူ့အယူအဆမှာရှိတဲ့ ပြဿနာတွေကို ရှင်းပြပြီး သူ့ကိုယ်ပိုင်အမြင်ကို ဆုပ်ကိုင်ထားမယ့်အစား နဂိုအယူအဆအတိုင်းလုပ်ဖို့ သတိပေးလိုက်တယ်။ အစ်မလျူက သဘောတူယ်။ အစ်ကိုကျန်းက ဘာမှ ဆက်မပြောဘူး။ ဒါပေမဲ့ ဒီလို အခြေအနေတွေက တစ်နေ့လုံးမှာ ခဏခဏ ဖြစ်တယ်။ ညီမတို့ ထင်မြင်ချက်တွေ မတူတဲ့အခါတိုင်းမှာ အစ်ကိုကျန်းက သူ့ဘက်မှာသူနေပြီး ညီမတို့အလုပ်က ကြာနေတယ်။ ပြီးတော့လည်း သူအကြံပေးတဲ့အတိုင်း ညီမတို့က မပြောင်းတော့ သူက ထပ်စိတ်ဆိုးပြီး စကားသိပ်မပြောဘူး။ ဒီလိုဆက်ဖြစ်နေရင် ညီမတို့အလုပ်က သေချာပေါက် နှောင့်နှေးမှာပဲဆိုတာ ညီမ သဘောပေါက်သွားတယ်။ အဲဒါနဲ့ ဖြစ်နေတဲ့ကိစ္စကို ခေါင်းဆောင်ကို ပြောပြလိုက်တယ်။ ခေါင်းဆောင်က အစ်ကိုကျန်းရဲ့ ပြဿနာကို ဖော်ထုတ်ဖို့၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး သူ့ကို ကူညီဖို့ ညီမတို့နဲ့အတူ အစ်ကိုကျန်းကို တွေ့ဖို့ စီစဉ်တယ်။ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဖို့ ညီမရဲ့ အခွင့်အရေးပဲဆိုတာ သိလိုက်တယ်။ အဲဒါနဲ့ အစ်ကိုကျန်းနဲ့ စကားမပြောခင်မှာ ညီမက ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ဖတ်တယ်။ “အသင်းတော်အလုပ်အားလုံးသည် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ချိသည့်အလုပ်နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ အထူးသဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်နှင့် အတတ်ပညာဆိုင်ရာသိမြင်မှုပါဝင်သော အလုပ်တစ်ခုစီသည် ဧဝံဂေလိ ဖြန့်ချိခြင်းအလုပ်နှင့် အရေးကြီးသော၊ ခွဲခြားမရနိုင်သော ဆက်စပ်မှုတစ်ခုရှိသည်။ ထို့ကြောင့် ဧဝံဂေလိဖြန့်ချိခြင်းအလုပ်နှင့် သက်ဆိုင်သောအရာသည် ဘုရားသခင်၏ အကျိုးစီးပွားနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများဖြင့် သက်ဆိုင်သည်။ လူတို့သည် ဧဝံဂေလိဖြန့်ချိခြင်းအလုပ်ကို မှန်ကန်စွာ နားလည်နိုင်လျှင် ၎င်းတို့ ထမ်းဆောင်သည့်တာဝန်အပေါ်၊ အခြားလူများ၏ တာဝန်အပေါ် မှန်ကန်သော ချဉ်းကပ်မှုရှိသင့်သည်။ ဤမှန်ကန်သော ချဉ်းကပ်မှုမှာ အဘယ်နည်း။ ဘုရားသခင် စေခိုင်းသည့်အတိုင်း လုပ်ဆောင်ရန် အစွမ်းကုန်ကြိုးစားခြင်းကို ဆိုလိုသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ အပြုအမူနှင့် လုပ်ဆောင်မှုများသည် တမင်တကာ ထိခိုက်နစ်နာစေခြင်း၊ သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း မရှိသင့်ပေ။ သိလျက်ဖြင့် ၎င်းတို့ မပြစ်မှားသင့်ပေ။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးနေသည်ကို သိသည့်တိုင် ၎င်းတို့အား မလုပ်ဆောင်ရန် မည်သူက တိုက်တွန်းသည်ဖြစ်စေ ၎င်းတို့က မရမက လုပ်ဆောင်လျှင် ဤသည်မှာ မကောင်းမှုလုပ်ခြင်းဖြစ်ပြီး သေခြင်းအတွက် တောင်းဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ခေါင်းထောင်လာသော နတ်ဆိုးဖြစ်သည်။ ဤအရာကို ညီအစ်ကိုမောင်နှမများအား အလျင်အမြန် ရိပ်စားမိစေလော့။ ပြီးနောက်တွင် မကောင်းသောသူကို အသင်းတော်မှ ရှင်းလင်းပစ်လော့။ မကောင်းမှုပြုသူသည် ခဏတာ နားဝေတိမ်တောင်ဖြစ်နေပြီး မကောင်းမှုကို တမင်လုပ်ခြင်း မဟုတ်လျှင် ပြဿနာကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို သွန်သင်ပြီး ကူညီမပေးသင့်သလော။ ၎င်းတို့ကို သွန်သင်ပေးသော်လည်း နားမထောင်သေးလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများ အတူတကွ ရင်ဆိုင်ပြီး အပြစ်ဖော်ဆုံးမလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) “သင်တို့သည် သမ္မာတရားအပေါ် အာရုံစိုက်ရမည်။ ထိုအခါမှသာ အသက်ထဲသို့ သင်တို့ ဝင်ရောက်နိုင်သည်။ အသက်သို့ သင်ဝင်ရောက်ပြီးမှသာ သူတစ်ပါးတို့ကို ပံ့ပိုးပေးပြီး ဦးဆောင်နိုင်သည်။ သူတစ်ပါးတို့၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကွဲလွဲသည်ဟု ရှာဖွေတွေ့ရှိရလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို သမ္မာတရားအတွက် ကြိုးပမ်းရန် ချစ်ခင်စွာဖြင့် ကူညီရမည်။ သူတစ်ပါးတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အမှုအရာများအပေါ် ၎င်းတို့လုပ်ဆောင်သည့်ပုံစံ၌ အခြေခံသဘောတရားများရှိလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ သင်ယူပြီး အတုယူဖို့ ကြိုးစားသင့်သည်။ ဤသည်မှာ အပြန်အလှန် ချစ်ခြင်းတရားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်က ရှင်းတယ်။ သူများတွေရဲ့ ပြဿနာတွေကို ညီမတို့ သတိထားမိတဲ့အခါမှာ အမြန် မိတ်သဟာယဖွဲ့ရမယ်။ လိုအပ်ရင် ဖော်ထုတ်ပြီး အပြစ်တင်ရမယ်။ ဒါတွေအားလုံးက အသင်းတော်အလုပ်ကို ကာကွယ်ဖို့ပဲ။ ဒါက လူတွေကို သူတို့ပြဿနာတွေကိုလည်း မြင်စေတယ်။ အမြန် ဖြေရှင်းစေတယ်။ သူတို့တာဝန်ကိုကောင်းကောင်းလုပ်စေတယ်။ အစ်ကိုကျန်းက ပုံတွေဆွဲတာမှာ အရည်အချင်းနည်းနည်းရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် သူက ညီမတို့အလုပ်ကို နှောင့်ယှက်ဖျက်ဆီးတဲ့အရာတွေကို မရည်ရွယ်ဘဲ လုပ်မိတယ်။ သူက သူ့ကိုယ်သူမြင်လာနိုင်ရင် သမ္မာတရားကို ရှာပြီး သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲနိုင်ရင် လူတိုင်းနဲ့ လိုက်ဖက်ညီညီ ပူးပေါင်းလုပ်နိုင်ရင် သူ့အားသာချက်တွေကို အသုံးချနိုင်ရင် အသင်းတော်အလုပ်အတွက်၊ သူကိုယ်တိုင်ရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးဖြစ်မှာပဲ။ အဲဒါနဲ့ အစ်ကိုကျန်းရဲ့ ပြဿနာတွေအကြောင်းပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချိုကို ညီမ ရှာတယ်။ ကိုယ့်အတွေ့အကြုံတွေနဲ့ ဆက်စပ်တယ်။ ပြီးတော့ အဲဒါတွေကို အစ်ကိုကျန်းနဲ့ မိတ်သဟာယဖွဲ့လိုက်တယ်။ နားထောင်ပြီးတော့ အစ်ကိုကျန်းက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်းမြင်လာတယ်။ သူက မှားနေတယ်ဆိုတာ သတိထားမိတယ်၊ ဒါပေမဲ့ သူ့ကိုယ်သူ မစွန့်ပစ်နိုင်ဘူးလို့တောင် ပြောတယ်။ အခု ညီမက ထောက်ပြတော့ သူက နောက်ဆုံးမှာ ဒါကို စိတ်မကောင်းဖြစ်သွားတယ်။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့ သမ္မာတရားကို ရှာပြီး ဘုရားကို အမှီပြုချင်စိတ်ဖြစ်လာတယ်။ ညီမက ဒါကို ကြားတော့ အစ်ကိုကျန်းအတွက် ပျော်သွားတာပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ လောကီအတွေးအခေါ်တွေအတိုင်း အသက်ရှင်ပြီး သူ့ကို စောစောက မပြောခဲ့တာကို နောင်တရမိတယ်။ ညီမက သူ့ကို တကယ်ကို ထိခိုက်စေခဲ့ပြီး အသင်းတော်ကို ထိခိုက်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ပြီးတဲ့နောက်မှာ ညီမရဲ့ တာဝန်ထမ်းဆောင်နေတုန်းမှာ တစ်ယောက်ယောက်က သမ္မာတရားစည်းမျဉ်းတွေနဲ့မညီတဲ့ တစ်ခုခုကို လုပ်နေပြီး အလုပ်နှောင့်နှေးနေတာကို ညီမမြင်ရင် ညီမရဲ့တာဝန်ကို ဖြည့်ဆည်းဖို့ သမ္မာတရားကို အသိစိတ်ရှိရှိနဲ့ လက်တွေ့လုပ်ပြီး ညီမမြင်တဲ့ ပြဿနာတွေကို ထောက်ပြတယ်။ ဒီလိုလက်တွေ့လုပ်တော့ ညီမ ငြိမ်းအေးပြီး စိတ်သက်သာရာရတယ်။ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖောက်ပြန်ပျက်စီးမှု၏ ချည်နှောင်မှုများ

ဝူရှီး တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ်၊ မတ်လတုန်းကပေါ့။ ရွေးကောက်ပွဲတစ်ခုကို ကျွန်မ တာဝန်ယူထားတဲ့ ဘုရားကျောင်းမှာ ကျင်းပဖို့ ကျွန်မသွားခဲ့တယ်၊...

တွဲဖက်သည် ပြိုင်ဖက်မဟုတ်

အိုဇန်း မြန်မာနိုင်ငံ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက...

ဖွင့်ပြောရမည်ကို ကြောက်ရွံ့ခြင်း၏ နောက်ကွယ်တွင် တည်ရှိသောအရာ

ရီရှင်းခေါင် မြန်မာနိုင်ငံ ၂၀၂၀ခုနှစ်၊ မတ်လတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ မကြာခင်တွင်...

ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကိုင်တွယ်ရန် နည်းလမ်း

— ဝတ်ပြုခြင်းဆိုင်ရာ ဒိုင်ယာရီတစ်ပုဒ် ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ မိုးတိမ်ကင်းစင် ဒီနေ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။