လူတစ်ဦးသည် စစ်မှန်သည့် ဆုတောင်းခြင်းထဲသို့ ဝင်ရောက်သည့်နည်းလမ်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဆုတောင်းသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်သည့် နှလုံးသားတစ်ခုနှင့် ရိုးသားသည့် နှလုံးသားတစ်ခု ရှိရမည်။ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယပြုနေပြီး ဆုတောင်းနေခြင်း ဖြစ်သည်- ကြားကောင်းသည့် စကားလုံးများကို သုံးပြီး ဘုရားသခင်ကို နားပူနားဆာလုပ်ရန် သင် မကြိုးစားရပေ။ ဆုတောင်းခြင်းသည် ဘုရားသခင်က ယခုပင် ပြီးမြောက်ရန် ဆန္ဒရှိသည့်အရာအပေါ် ဗဟိုပြုသင့်၏။ သင်ဆုတောင်းသည့်အခါ ပိုမိုကြီးမားသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သင့်အားပေးဖို့၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ပြုသည့် သန္နိဋ္ဌာန်အပါအဝင်၊ သင်၏အခြေအနေမှန်နှင့် ဒုက္ခများကို သူ၏မျက်မှောက်သို့ ယူဆောင်ခဲ့လော့။ ဆုတောင်းခြင်းသည် လုပ်ထုံးလုပ်နည်းများကို လိုက်လျှောက်ခြင်း မဟုတ်။ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားတစ်ခုဖြင့် ရှာဖွေခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်ဖို့အလို့ငှာ၊ သင့်ကို သူထားသည့် ပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် စက်ဆုပ်ရွံရှာဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့၊ ထိုသို့ဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု သင့်ကို ရှိခွင့်ပေးပြီး ဘုရားသခင်ကို ချစ်သည့်သူတစ်ဦး အမှန်တကယ်ဖြစ်လာဖို့ အလို့ငှာ သင်၏ စိတ်နှလုံးကို ကွယ်ကာပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စွာ ထားနိုင်ရမည်ဖြစ်ပြီး၊ ထိုငြိမ်သက်ခြင်းက ဘုရားထံမှ ခွဲခွာမသွားရပေ။ ဤအဆင့်အတွင်းတွင် သင်သည် သာ၍ သစ်လွင် သို့မဟုတ် သာ၍ မြင့်မားသည့် ထိုးထွင်းသိမြင်မှုကို မရရှိဘဲ ဖြစ်နိုင်သည်၊ သို့သော် ထိုအခါ သင်သည် သင်၏ ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းဖို့ ဆုတောင်းရမည်- သင် မဆုတ်ယုတ်ရပေ။ ဤသည်မှာ သင် အနည်းဆုံး ရရှိရမည့် အရာဖြစ်သည်။ ဤအရာကိုပင် သင် အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် လမ်းကြောင်းမှန်ပေါ် မရောက်သေးသည်ကို သက်သေပြပေသည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ပထမဦးစွာ ရှိခဲ့သည့် ရူပါရုံကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ ဘုရားသခင်၌ ယုံကြည်ခြင်းကို သင် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သင်၏ သန္နိဋ္ဌာန်သည် နောက်ပိုင်းတွင် ပျောက်ကွယ် သွားလိမ့်မည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ၊ မရှိဆိုသည့် လက္ခဏာရပ်တစ်ခုမှာ သင်၏ ဆုတောင်းခြင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊ မရှိဆိုသည်ကို ကြည့်ဖို့ဖြစ်သည်။ လူအားလုံးသည် ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်။ ၎င်းတို့အားလုံးသည် မလှုပ်မယှက် စောင့်ဆိုင်းခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သတိရှိရှိ ရှာဖွေရင်း၊ ဆုတောင်းခြင်းတွင် မိမိတို့ကိုယ်ကိုယ် သတိရှိရှိ လေ့ကျင့်ခြင်း အလုပ်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည့် လူများ ဖြစ်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။

ဆုတောင်းခြင်းနှင့် ပတ်သက်၍ အခြေခံအကျဆုံး အသိပညာ-

၁။ စိတ်ထဲက ပေါ်လာသည့် အရာမှန်သမျှကို ကျိုးကြောင်းမမြင်ဘဲ မပြောနှင့်။ သင်၏စိတ်နှလုံးတွင် ဝန်တာတစ်ခုရှိရမည်၊ ယင်းမှာ သင်ဆုတောင်းသည့်အခါ ရည်မှန်းချက်တစ်ခု ရှိရမည်ဖြစ်သည်။

၂။ ဆုတောင်းခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်ဖြစ်သည်။

၃။ ဆုတောင်းသည့်အခါ၊ ခေတ်မမီတော့သည့် ကိစ္စရပ်များကို ပြန်မတင်ပြရပေ။ သင်၏ဆုတောင်းခြင်းများသည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို ဆက်စပ်တည်မှီသင့်ပြီး၊ ဆုတောင်းသည့်အခါ သင်၏ အတွင်းကျဆုံး အတွေးများကို ဘုရားသခင်အား ပြောပြလော့။

၄။ အုပ်စုလိုက် ဆုတောင်းခြင်းသည် အဓိကအချက်တစ်ခုကို ဗဟိုပြုရမည်ဖြစ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ် သေချာပေါက် ဖြစ်သည်။

၅။ ကြားဝင်ဖြန်ဖြေ ဆုတောင်းခြင်းကို လူအားလုံး သင်ယူရမည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို အရေးထားမှု ပြသခြင်းနည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

လူတစ်ဦး၏ ဆုတောင်းခြင်း အသက်တာသည် ဆုတောင်းခြင်း၏ အရေးပါမှုနှင့် ဆုတောင်းခြင်း၏ အခြေခံအသိပညာကို သိနားလည်ခြင်းတစ်ခုအပေါ် အခြေခံလေသည်။ နေ့စဉ် အသက်တာတွင် သင်ကိုယ်တိုင်၏ အားနည်းချက်များအတွက် မကြာခဏ ဆုတောင်းလော့၊ အသက်တာတွင် သင်၏ စိတ်သဘောထား၌ ထိရောက်သည့် ပြောင်းလဲမှုရှိဖို့ရန် ဆုတောင်းလော့၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သင်၏ အခြေခံအသိပညာနှင့်ပတ်သက်၍ ဆုတောင်းလော့။ လူအသီးသီးသည် မိမိတို့ကိုယ်တိုင်၏ ဆုတောင်းခြင်း အသက်တာကို တည်ဆောက်သင့်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိခြင်းအတွက် ဆုတောင်းသင့်ပြီး၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို ရှာဖွေဖို့ ဆုတောင်းသင့်သည်။ သင်၏ ပုဂ္ဂိုလ်ရေး အခြေအနေများကို ဘုရားသခင်၏ရှေ့မှောက်တွင် ချပြပြီး၊ သင်ဆုတောင်းသည့် နည်းလမ်းကို ရေးကြီးခွင်ကျယ် မလုပ်ဘဲ လက်တွေ့ဆန်လော့၊ ပြီးလျှင် အဓိကအချက်မှာ စစ်မှန်သော သိနားလည်မှုကို ရရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံကို ရယူဖို့ ဖြစ်သည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို လိုက်စားသည့် လူတစ်ဦးအနေဖြင့် ကွဲပြားသော နည်းလမ်းများစွာဖြင့် ဆုတောင်းနိုင်ရမည်။ တိတ်တဆိတ် ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်ဆင်ခြင်ခြင်း၊ ဘုရားသခင်၏အမှုကို သိရှိလာခြင်း- ဤအရာအားလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် တစ်ဦးတစ်ယောက်၏ အခြေအနေကို တိုးတက်စေပြီး အသက်တာတွင် ယခင်ထက်သာ၍ တိုးတက်မှုဆီသို့ တွန်းပို့သည့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့အတွက် ဝိညာဉ်ရေးရာ မိတ်သဟာယနှင့်ဆိုင်သည့် စိတ်ပိုင်းဖြတ်ချက်ခိုင်မာသော အလုပ်၏ ဥပမာများ ဖြစ်သည်။ အတိုချုပ်အနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည် ဖြစ်စေ၊ တိတ်ဆိတ်စွာ ဆုတောင်းခြင်းဖြစ်စေ၊ ကျယ်လောင်စွာ ကြွေးကြော်ခြင်းဖြစ်စေ၊ သင်လုပ်သည့် အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်နှင့် သင့်အထဲတွင် သူ ရရှိရန် ဆန္ဒရှိသည့်အရာကို သင့်အား ရှင်းရှင်းလင်းလင်း သိစေဖို့အလို့ငှာ ဖြစ်ပေသည်။ သာ၍အရေးကြီးသည်မှာ သင် လုပ်သမျှအားလုံးသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ရရှိဖို့နှင့် သင်၏ အသက်တာကို အသစ်သော တိုးတက်မှုများဆီသို့ မြှင့်တင်ဖို့အလို့ငှာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်းကို သင်မည်သို့ ရှာဖွေသနည်း။ အရေးကြီးသည့်အရာမှာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဆုတောင်းရန် ဖြစ်သည်။ ဤနည်းဖြင့် ဆုတောင်းရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိမည်မှာ သေချာသည်။ အကယ်၍ သင်သည် ဘုရားသခင် ယနေ့ပြောဆိုသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ထဲက အခြေခံအကြောင်းရင်းဖြင့် မရှာဖွေပါက၊ ဤသည်မှာ အချည်းနှီးဖြစ်သည်။ သင်ဆုတောင်းသင့်ပြီး၊ “အို ဘုရားသခင်။ ကျွန်ုပ် ကိုယ်တော့်ကို ဆန့်ကျင်မိပြီး၊ ကျွန်ုပ် ကိုယ်တော့်ကို များစွာကြွေးတင်ပါပြီ။ ကျွန်ုပ်သည် အလွန် မနာခံတတ်သကဲ့သို့ ကိုယ်တော့်ကို မည်သည့်အခါမျှ မကျေနပ်စေနိုင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကိုယ်တော် ကယ်တင်ရန် ဆန္ဒပြုပါ၏၊ ကိုယ်တော့်အဖို့ အဆုံးထိ အစေခံမှုပေးရန် ကျွန်ုပ် ဆန္ဒရှိပါ၏၊ ကိုယ်တော့်အတွက် အသေခံရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ၊ ကျွန်ုပ်သည် မကျေနပ်ချက်များ မရှိပါ၊ ကိုယ်တော့်ကို ကျွန်ုပ် ဆန့်ကျင်မိပြီး၊ ကျွန်ုပ်၏ သေခြင်းတွင် ကိုယ်တော် ဖြောင့်မတ်သော စိတ်သဘောထားကို လူအားလုံး ရှုမြင်နိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်သေထိုက်ပါသည်။” ဟူ၍ ပြောသင့်၏။ ဤနည်းဖြင့် သင်၏ စိတ်နှလုံးအတွင်းတွင် သင် ဆုတောင်းသောအခါ၊ ဘုရားသခင်သည် သင့်ကို နားညောင်းလိမ့်မည်ဖြစ်ကာ သင့်အား လမ်းပြလိမ့်မည်။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆုမတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိခြင်းငှာ ဖြစ်နိုင်ချေ မရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုနှင့်အတိုင်းနှင့် ဘုရားသခင်က ယနေ့လုပ်ဆောင်ရန် အလိုရှိသည့် အရာနှင့်အညီ ဆုတောင်းပါက၊ သင်က “အို ဘုရားသခင်၊ ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များအဖို့ သစ္စာရှိရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ပြီးလျှင် ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးသည် ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် စံနှုန်းများကို အလှမ်းမီနိုင်စေဖို့အလို့ငှာ၊ ကိုယ်တော်၏ ဘုန်းအသရေအဖို့ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ဆက်ကပ်ရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော် တို့ထိပါစေ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား ယခင်ထက် အသိဉာဏ်ပွင့်လင်းစေရန်၊ ကျွန်ုပ် လုပ်ဆောင်သမျှ အားလုံးက စာတန်အပေါ် ရှက်ရစေရန်၊ ကျွန်ုပ်သည် နောက်ဆုံးတွင် ကိုယ်တော်၏ ရယူခြင်းခံရဖို့အလို့ငှာ ကျွန်ုပ်ဆန္ဒရှိပါ၏။” ဟု ပြောလိမ့်မည်။ အကယ်၍ သင်သည် ဤနည်းဖြင့်၊ ဘုရားသခင်၏ အလိုကို ဗဟိုပြုသည့် နည်းလမ်းတစ်ခုဖြင့် ဆုတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်၏ ဆုတောင်းချက်များ၏ စကားလုံးများ မည်မျှရှိသည်မှာ အကြောင်းမဟုတ်- အဓိက သော့ချက်ဖြစ်သည့်အရာမှာ ဘုရားသခင်၏ အလိုကို သင် သဘောပေါက်ခြင်း ရှိမရှိ ဖြစ်သည်။ သင်တို့အားလုံးသည် အောက်ပါ အတွေ့အကြုံကို ရှိပြီး ဖြစ်ကောင်းဖြစ်နိုင်သည်- တစ်ခါတစ်ရံ အစည်းအဝေးတစ်ခု၌ ဆုတောင်းနေစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ လှုပ်ရှားမှု အင်အားများသည် အယောက်တိုင်း၏ ခွန်အားများကို မြင့်တက်စေလျက်၊ အထွတ်အထိပ်သို့ရောက်ရှိလေသည်။ လူအချို့သည် ခါးသီးစွာ ငိုကြွေးကြပြီး ဆုတောင်းစဉ် မျက်ရည်များ ကျကြသည်၊ ဘုရားသခင်ရှေ့မှောက်တွင် နောင်တဖြင့် ပြည့်နှက်နေသွားကြပြီး၊ လူအချို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြသကာ ကတိသစ္စာများ ပြုကြသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က စွမ်းဆောင်ရရှိမည့် အကျိုးတရား ဖြစ်သည်။ ယနေ့တွင် လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ လုံးလုံးလျားလျား သွန်းလောင်းကြသည်မှာ အရေးပါလှပေသည်။ ယခင်က ပြောဆိုခဲ့သော နှုတ်ကပတ်တော်များအပေါ် အာရုံမစိုက်နှင့်။ အကယ်၍ သင်သည် ယခင်က လာခဲ့သော အရာအပေါ် ထိန်းသိမ်းဆဲဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် အမှုပြုမည် မဟုတ်ပေ။ ဤအရာက မည်မျှ အရေးကြီးသည်ကို သင်မြင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

သင်စတင်ဆုတောင်းသည့်အခါ၊ မိမိနိုင်သည်ထက် ပိုမလုပ်ရ သကဲ့သို့၊ တစ်ကျိုက်တည်းနှင့် အရာရာကို ရရှိဖို့ မမျှော်လင့်နှင့်။ သင့်အနေဖြင့်၊ ပါးစပ်ဖွင့်လိုက်သည်နှင့် သန်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရမည်၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်း ရရှိမည်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်က ကျေးဇူးတော် သွန်းလောင်းလိမ့်မည်ဟု မျှော်လင့်လျက် အလွန်အကျွံ တောင်းဆိုမှုများ ပြုလုပ်၍ မရပေ။ ယင်းသည် ဖြစ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် သဘာဝလွန် အမှုအရာများ မဆောင်ရွက်ပေ။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အချိန်ကာလတွင် လူတို့၏ ဆုတောင်းချက်များကို ခွင့်ပြုပေးခဲ့ပြီး တစ်ခါတစ်ရံ သူ၏ရှေ့မှောက်တွင် သင် သစ္စာရှိ၊ မရှိဆိုသည်ကို သိဖို့အတွက် သင်၏ ယုံကြည်မှုကို သူ စမ်းသပ်ပေသည်။ သင် ဆုတောင်းသည့်အခါ၊ ယုံကြည်မှု၊ ဇွဲလုံ့လနှင့် သန္နိဋ္ဌာန်တို့ ရှိရမည်။ လူအများစုသည် ခုလေးတင် စတင်လေ့ကျင့်သည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုကို မခံစားရသောကြောင့် စိတ်ဓာတ်ကျကြသည်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်ဇွဲရှိရမည်။ သန်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းကို ခံစားခြင်းနှင့် ရှာဖွေခြင်းနှင့် လေ့လာမှုတို့အပေါ်တွင် သင်အာရုံစိုက်ရမည်။ တစ်ခါတစ်ရံတွင်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ တစ်ခါတစ်ရံတွင် သင်၏ပုဂ္ဂိုလ်ရေးကြံရွယ်ချက်များနှင့် အယူအဆများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် မခိုင်မြဲနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို မတို့ထိနိုင်ပေ။ အခြားအချိန်များတွင်၊ ဘုရားသခင်သည် သင်သစ္စာရှိ၊ မရှိဆိုသည်ကို ကြည့်၏။ အတိုချုပ်အနေဖြင့်၊ လေ့ကျင့်ရာတွင်၊ သာ၍ မြင့်မားသည့် အဖိုးအခကို သင် ပေးသင့်သည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေါ်တွင် သွေဖည်နေသည်ကို တွေ့ရှိပါက၊ သင်ဆုတောင်းသည့် နည်းလမ်းကို ပြောင်းလဲနိုင်သည်။ ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြင့် သင် ရှာဖွေပြီး ရရှိဖို့ တောင့်တသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ဤလက်တွေ့အရှိတရားထဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည်။ တစ်ခါတရံတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုဖြင့် ဆုတောင်းသော်လည်း အထူး တို့ထိခံရသည်ဟု သင်မခံစားရ။ ဤသို့သောအချိန်များတွင် ဘုရားသခင်သည် သင်၏ ဆုတောင်းချက်များကို စောင့်ကြည့်ကြောင်း ယုံကြည်လျက် ယုံကြည်ခြင်းအပေါ် သင်မှီခိုရမည်ဖြစ်သည်။ သင်၏ဆုတောင်းချက်များတွင် သင် ဇွဲလုံ့လရှိရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

လူအားလုံး မျှဝေခံစားရသည့် ပြဿနာတစ်ခုကို ငါ ရှာဖွေတွေ့ရှိလေပြီ- ၎င်းတို့အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းရန် လာကြသော်လည်း ၎င်းတို့အဖို့ ဆုတောင်းခြင်းသည် အမှုအရာတစ်ခုဖြစ်ပြီး လက်ရှိဦးစားပေးရမည့် ကိစ္စသည် သာ၍ကြီးလေးသည်။ ၎င်းတို့၌ ဖြစ်ပျက်နေသည့်အရာကို ဆုတောင်းချက်တွင် ၎င်းတို့ မပြောဆိုသင့်ဟု ယုံကြည်ကြသည်။ သင်တို့သည် စစ်မှန်စွာ ဆုတောင်းခဲပြီး မည်သို့ ဆုတောင်းရမည်ကို သိပင်မသိကြသူ အချို့ရှိ၏။ အမှန်တွင်၊ ဆုတောင်းဖို့ဆိုသည်မှာ အဓိကအားဖြင့် သင်သည် ပုံမှန် စကားပြောသည့်အတိုင်း စကားပြောနေသည့်အလား၊ သင်၏ စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ပြောဖို့ ဖြစ်သည်။ သို့သော်၊ ၎င်းတို့ စတင်ဆုတောင်းလျှင် ဆုတောင်းချင်း၊ မိမိတို့၏ နေရာကို မေ့လျော့သော လူများ ရှိသည်။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီခြင်း ရှိမရှိကို အလေးဂရုမပြုဘဲ၊ ဘုရားသခင်က ၎င်းတို့အားပေးရန် မရအရ တောင်းဆိုကြပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ ဆုတောင်းချက်များသည် ဆုတောင်းရာတွင် ခြောက်သွေ့ညှိုးနွမ်းသွားသည်။ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို သင် တောင်းဆိုနေသည်ဖြစ်စေ၊ မည်သည့်အရာကို သင် တောင့်တသည်ဖြစ်စေ၊ သို့မဟုတ် သင် ရင်ဆိုင်လိုသည့် ပြဿနာတစ်ခု ရှိသော်လည်း ယင်းအပေါ် သင်သည် ထိုးထွင်းသိမြင်မှုမရှိသကဲ့သို့ ဘုရားသခင် သင့်ကို ဉာဏ်ပညာ သို့မဟုတ် ခွန်အားပေးရန် သို့မဟုတ် သင့်ကို သူ အသိဉာဏ်ပွင့်လင်းစေရန် သင် တောင်းဆိုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ မည်သည့်အရာကို သင် တောင်းဆိုသည်ဖြစ်စေ၊ ယင်းကို စီကုံးရာတွင် သင် စဉ်းစားချင့်ချိန်တတ်ရမည်။ သင်သည်ထိုသို့မဟုတ်ဘဲ၊ ဒူးထောက်ကာ “ဘုရားသခင်၊ ကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။ ကျွန်ုပ်၏ သဘာဝဗီဇကို ကျွန်ုပ် မြင်ပါရစေ။ အမှုပြုဖို့ ကိုယ်တော်ကို ကျွန်ုပ် တောင်းခံပါ၏။ ဤအရာ၊ ထိုအရာအတွက် ကိုယ်တော့်ကို ကျွန်ုပ် တောင်းခံပါ၏။ ကျွန်ုပ်ကို ဤသို့၊ ထိုသို့ဖြစ်စေဖို့ ကျွန်ုပ် ကိုယ်တော်ကို အနူးအညွတ်တောင်းပန်ပါ၏” ဟု ဆိုပါက၊ သင်၏ ထို “အနူးအညွတ်တောင်းပန်ခြင်း” သည် နိုင်ထက်စီးနင်းပြုသော ကြန်အင်လက္ခဏာတစ်ခု ရှိ၏။ ယင်းသည် ဘုရားသခင်အပေါ် ဖိအားပေးဖို့၊ သင်သည် အနည်းဆုံးအနေဖြင့် သူ၏သတ်မှတ်ချက်များကို မိမိဘာသာ တစ်ဖက်သတ် ကြိုတင် ဆုံးဖြတ်ထားလျက်၊ သင် လိုချင်သည့်အရာကို သူ့အား အတင်းအကျပ် လုပ်ဆောင်စေရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ သင်သည် သတ်မှတ်ချက်များကို ချမှတ်နှင့်ပြီးဖြစ်ကာ မည်သည့်အရာ သင် လုပ်ဆောင်ချင်သည်ကို ဆုံးဖြတ်ပြီးသည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို တွေ့မြင်စဉ်၊ ထိုသို့သော ဆုတောင်းချက်တစ်ခုသည် မည်သည့် အကျိုးတရား ရှိနိုင်မည်နည်း။ လူတစ်ဦးသည် ရှာဖွေသည့်၊ ကျိုးနွံနာခံသည့် စိတ်နှလုံးဖြင့် ဆုတောင်းသင့်၏။ သာဓကအနေဖြင့်၊ တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်ပြီးဖြစ်ကာ၊ ယင်းကို မည်သို့ ကိုင်တွယ်ရမည်ကို သင် မသေချာသည့်အခါ၊ သင်က “ဘုရားသခင်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ဤကိစ္စရပ်တွင် ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့နှင့် ကိုယ်တော်၏ အလိုတော်ကို ရှာဖွေဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော်။ ကျွန်ုပ်၏ အလိုအတိုင်းမဟုတ်ဘဲ၊ ကိုယ်တော်၏ အလိုတော်အတိုင်း လုပ်ဆောင်ဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ လူသားအားလုံး၏ အလိုသည် ကိုယ်တော်၏ အလိုတော်နှင့် ဆန့်ကျင်ပြီး ကိုယ်တော့်ကို ခုခံကာ သမ္မာတရားနှင့် မကိုက်ညီသည်ကို ကိုယ်တော်သိပါ၏။ ကျွန်ုပ်ကို အသိဉာဏ်ပွင့်လင်းစေဖို့၊ ဤကိစ္စရပ်တွင် ကျွန်ုပ်ကို လမ်းပြပေးဖို့နှင့် ကျွန်ုပ်အား ကိုယ်တော့်ကို ပုန်ကန်ပြစ်မှားခွင့်မပေးဖို့ ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်ပါ၏...” ဟု ပြောကောင်းပြောမည်။ ယင်းမှာ ဆုတောင်းခြင်းအတွက် သင့်တော်သော သဘောသွား ဖြစ်၏။ သင်က “ဘုရားသခင်၊ ကျွန်ုပ်ကို ကူညီဖို့၊ လမ်းပြဖို့၊ မှန်ကန်သော ပတ်ဝန်းကျင်နှင့် မှန်ကန်သော လူတို့ဖြင့် ကျွန်ုပ်ကို ပံ့ပိုးပေးဖို့နှင့် ကျွန်ုပ်၏ အလုပ်ကို ကောင်းစွန် လုပ်ဆောင်ခွင့်ပေးဖို့ ကျွန်ုပ် တောင်းလျှောက်ပါ၏။...” ဟု ဆိုရုံမျှဆိုပါက၊ သင် ဆုတောင်းပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင်အား သင်ကိုယ်တိုင်၏ အလိုအတိုင်း ဆောင်ရွက်ဖို့ တောင်းလျှောက်နေလိမ့်မည် ဖြစ်သည်နှင့်အညီ၊ သင်သည် ဘုရားသခင်၏ အလိုကို သဘောပေါက်လိမ့်ဦးမည် မဟုတ်ပေ။

ဆုတောင်းချက်တွင် သင် အသုံးပြုသည့် စကားများက သင့်တင့်လျောက်ပတ်ခြင်း ရှိမရှိဆိုသည်ကို ယခု သင် သေချာအောင် လေ့လာစိစစ်ရမည်။ သင်၏ ဆုတောင်းချက်များက သင့်တင့်လျောက်ပတ်ခြင်းမရှိပါက၊ ဤသည်မှာ သင်၏ မိုက်မဲမှုကြောင့်ဖြစ်စေ သို့မဟုတ် တမင်ရည်ရွယ်သောကြောင့်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ သင် ဆုတောင်းသည့်အခါ၊ သင်သည် ချင့်ချင့်ချိန်ချိန် သင့်တော်သည့် သဘောသွားတစ်ခုဖြင့် စကားပြောရမည်။ ဤသို့ပြောလော့- “ဘုရားသခင်။ ကျွန်ုပ်၏ အားနည်းချက်နှင့် ကျွန်ုပ်၏ပုန်ကန်မှုကို ကိုယ်တော်သိပါ၏။ ကိုယ်တော် ကျွန်ုပ်ကို ခွန်အားပေးဖို့နှင့် ကျွန်ုပ်၏ အခြေအနေများကို ခံရပ်ရန် ကျွန်ုပ်ကိုကူညီဖို့သာ ကျွန်ုပ် တောင်းလျှောက်ပါ၏၊ သို့သော် ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စေပါ။ ဤသည်မှာ ကျွန်ုပ် တောင်းလျှောက်သမျှ ဖြစ်ပါ၏။ ကိုယ်တော်၏အလိုတော် မည်သည့်အရာ ဖြစ်သည်ကို ကျွန်ုပ်မသိပါ၊ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ကိုယ်တော်၏ အလိုတော်သာ ပြည့်စုံပါစေ။ ကျွန်ုပ်သည် အစေခံစေခြင်းခံရလျှင်ပင် သို့မဟုတ် အဖြည့်ခံတစ်ခု ဖြစ်စေခြင်းခံခဲ့ရလျှင်ပင်၊ ထိုသို့ လိုလိုလားလား ကျွန်ုပ်လုပ်ဆောင်ပါမည်။ ကျွန်ုပ်ကို ခွန်အားနှင့် ဉာဏ်ပညာပေးပြီး ဤကိစ္စရပ်တွင် ကိုယ်တော့်ကို စိတ်ကျေနပ်စေခွင့်ပေးဖို့ ကျွန်ုပ် တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ အစီအမံများကို နာခံရန်သာ ကျွန်ုပ် ဆန္ဒရှိပါ၏။...” ထိုသို့သော ဆုတောင်းချက်တစ်ခုနောက်တွင်၊ သင်၏ စိတ်နှလုံး အေးအေးသက်သာ ခံစားရလိမ့်မည်။ သင် လုပ်သမျှအားလုံးမှာ စဉ်ဆက်မပြတ် တောင်းခံခြင်းဖြစ်ပါက၊ သင် မည်မျှပြောဆိုသည်ဖြစ်‌စေ၊ ယင်းသည် အနှစ်သာရမရှိသော စကားများသာ ဖြစ်လိမ့်မည်။ သင်လိုချင်သည့်အရာကို သင် ကြိုတင် ဆုံးဖြတ်ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်၊ သင်၏ တောင်းပန်မှုကို တုန့်ပြန်ခြင်းဖြင့် ဘုရားသခင် အမှုပြုလိမ့်မည် မဟုတ်။ သင်ဒူးထောက် ဆုတောင်းသည့်အခါ ဤအရာကို ပြောလော့- “ဘုရားသခင်။ လူသား၏ အားနည်းချက်ကို ကိုယ်တော်သိပြီး လူသား၏ အခြေအနေများကို ကိုယ်တော် သိပါ၏။ ဤကိစ္စရပ်တွင် ကျွန်ုပ်ကို အသိဉာဏ်ပွင့်လင်းစေဖို့ ကိုယ်တော်ကို ကျွန်ုပ် တောင်းလျှောက်ပါ၏။ ကိုယ်တော်၏အလိုတော်ကို နားလည်စေတော်မူပါ။ ကိုယ်တော် စီစဉ်သမျှအားလုံးကို ကျိုးနွံနာခံဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်ကို နာခံဖို့ လိုလားလျက်ရှိပါ၏။...” ထိုသို့ ဆုတောင်းလော့၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို တို့ထိလိမ့်မည်။ သင် ဆုတောင်းသည့် နည်းလမ်း မမှန်ကန်ပါက၊ သင်၏ ဆုတောင်းချက်သည် ရိုးအီ၍ ငြီးငွေ့စရာကောင်းလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို တို့ထိလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ်အတွက် စကားပြောဆိုရင်း၊ တတွတ်တွတ် မပြောလေနှင့်၊ ထိုသို့ လုပ်ဆောင်ခြင်းသည် သတိမမူသကဲ့သို့ ဝတ်ကျေတမ်းကျေသာ ဖြစ်ပေသည်။ သင်သည် သတိမမူသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်ပါက သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်မည်လော။ လူတစ်ဦးသည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အခါ၊ ၎င်းသည် ယဇ်တစ်ခု ပူဇော်သည့်အချိန်တွင် ဒူးထောက်ချလိုက်ကြသည့် ပညတ်တော်ခေတ်ထဲက ယဇ်ပရောဟိတ်များကဲ့သို့၊ ဘုရားတရားကိုင်းရှိုင်းသော သဘောထားတစ်ခုဖြင့် မှန်ကန်ကာ သင့်တော်ရမည်။ ဆုတောင်းဖို့ဆိုသည်မှာ ရိုးရှင်းသော အရာတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ အစွယ်များကို ဖြဲပြရင်းနှင့် ၎င်းတို့၏ ခြေသည်းလက်သည်းများကို ဝှေ့ရမ်းပြရင်း ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် သို့မဟုတ် ၎င်းတို့၏ အိပ်ရာဖုံးထဲတွင် ခွေလျက်၊ ဘုရားသခင်က ၎င်းတို့ကို ကြားနိုင်သည်ဟု ယုံကြည်ရင်း ပက်လက် ဆုတောင်းဖို့ဆိုသည်မှာ လူတစ်ဦးအတွက် အဘယ်သို့ အလားအလာရှိနိုင်မည်နည်း။ ဤသည်မှာ ဘုရားတရား ကိုင်းရှိုင်းမှု မဟုတ်ပေ။ ဤဆွေးနွေးချက်တွင် ငါ၏ ရည်ရွယ်ချက်မှာ တိကျသည့် စည်းမျဉ်းများကို လူတို့အား လိုက်နာစောင့်ထိန်းစေရန် တောင်းဆိုဖို့ မဟုတ်။ လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်နိုင်သည်မှာ ဘုရားသခင်ဆီသို့ ၎င်းတို့၏ စိတ်နှလုံးကို တိမ်းညွှတ်စေဖို့နှင့် ဘုရားတရားကိုင်းရှိုင်းသော သဘောထားတစ်ခုဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

သင်တို့၏ ဆုတောင်းချက်များသည် အလွန်မကြာခဏပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့လေ့ရှိသည်၊ အောက်ပါသဘောသွားအတိုင်း သင် အမြဲဆုတောင်းတတ်သည်- “အိုး ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ဤတာဝန်ကို လုပ်ဆောင်စေတဲ့အတွက် ကိုယ်တော့်အလုပ် နှောင့်ယှက်ခြင်း မခံရဘဲ ဘုရားသခင်ရဲ့ မိသားစုအကျိုး အဘယ်ဆုံးရှုံးနစ်နာမှုမှ မခံစားရဖို့အလို့ငှာ ကျွန်ုပ် ပြုလုပ်သမျှကို ကိုယ်တော် မှန်ကန်သင့်လျော်စေရပါမယ်။ ကိုယ်တော် ကျွန်ုပ်ကို စောင့်ရှောက်ကာကွယ်ရပါမယ်...” ထိုကဲ့သို့သော ဆုတောင်းချက်မျိုးမှာ အလွန်ပင် ကျိုးကြောင်းမဆီလျော်လှသည် မဟုတ်သလော။ သင်သည် သူ့ရှေ့ရောက်လာပြီး ထိုနည်းအတိုင်း ဆုတောင်းပါက ဘုရားသခင် သင့်အပေါ် အလုပ်လုပ်ပါမည်လော။ သင် ငါ့ရှေ့သို့ ရောက်ရှိလာပြီး ထိုနည်းအတိုင်း စကားပြောခဲ့ပါက ငါ နားထောင်ပါမည်လော။ သင့်ကို ငါ တံခါးပေါက်ပြင်သို့ ကန်ထုတ်မိလိမ့်မည်။ သင်သည် ခရစ်တော်ရှေ့၌ ရှိသကဲ့သို့ ဝိညာဥ်တော်ရှေ့၌ အတူတူပင် မဟုတ်သလော။ လူတစ်ဦးသည် ဘုရားသခင်ရှေ့၌ ဆုတောင်းရန် ရောက်လာသောအခါ သူသည် အဘယ်သို့ သင့်တင့်လျောက်ပတ်ရန် ထိုသို့ပြုရမည်နှင့် ဘာသာတရားကိုင်းရှိုင်းမှုကို ရရှိရန်နှင့် ကျိုးနွံနာခံနိုင်စွမ်းရှိရန် မိမိ၏ အတွင်းပိုင်းအခြေအနေကို အဘယ်သို့ ကိုက်ညီစေရမည်ကို အရေးထားမှု ပေးရမည်။ ထိုသို့ပြုပြီးလျှင် သင့်အနေဖြင့် ဆက်လက်၍ ဆုတောင်းရန် သင့်လျော်ပေပြီ။ ဘုရားသခင်၏ မျက်မှောက်တော်ကို သင် ခံစားရမည်။ ကြိမ်ဖန်များစွာ လူတို့သည် ဒူးထောက်၍ ဆုတောင်းကြသည်၊ သူတို့၏ မျက်လုံးများကို မှိတ်ထားကာ “အို၊ ဘုရားသခင်။ အို၊ ဘုရားသခင်” ဟူသည်မှအပ မည်သည့်စကားလုံးများ ထွက်မလာတတ်ပေ။ သင် အဘယ့်ကြောင့် အချိန်ကြာအောင် ထိုသို့ စကားလုံးမဲ့ အော်တတ်ကြသနည်း။ သင်၏ အခြေအနေက မမှန်ကန်ပေ။ သင်တို့ ဤသို့ ပြုဖူးကြသလော။ ယခုတွင် သင်တို့ မည်သည့်အရာ ပြုလုပ်နိုင်သည်နှင့် ယင်းကို မည်သည့်အတိုင်းအတာအထိ ပြုလုပ်နိုင်သည်ကို သင်တို့သိကြပြီဖြစ်ပြီး၊ သင်၏ကိုယ်ပိုင် အတိုင်းအတာကို ရယူပြီးဖြစ်သော်လည်း သင် မူမမှန်သော အခြေအနေများ၌ ရှိတတ်သည့်အချိန် များစွာရှိလေသည်။ တစ်ခါတစ်ရံ သင်၏အခြေအနေက ကိုက်ညီစေပြီးဖြစ်သော်လည်း ဤအရာက မည်သို့ ဖြစ်ပျက်သွားသည်ကို သင် သိကောင်းသိမည် မဟုတ်ဘဲ၊ ပုံမှန်အားဖြင့် ဆုတောင်းသောအခါ မည်သည့်စကားလုံးမျှ ထွက်မလာတတ်ပေ။ သင်သည် ဤအရာကို ပညာတရားကင်းမဲ့ခြင်းဟုပင် မှတ်ယူကောင်း မှတ်ယူလိမ့်မည်။ လူတစ်ဦးက ဆုတောင်းရန်အတွက် ပညာကောင်းစွာ တတ်ရမည်လော။ ဆုတောင်းခြင်းသည် စာစီစာကုံးမဟုတ်၊ သာမန်လူတစ်ဦး၏ အသိဉာဏ်နှင့်အတူ ရိုးသားဖြောင့်မှန်စွာ စကားပြောခြင်းသာလျှင် ဖြစ်သည်။ ယေရှု၏ ဆုတောင်းချက်များကို ကြည့်လော့ (သူ၏နေရာ သို့မဟုတ် အနေအထားကို လူတို့ ယူဆောင်စေရန် ဤနေရာတွင် သူ၏ဆုတောင်းချက်များကို မဖော်ပြသော်လည်း)- ဂေသရှေမန်ဥယျာဉ် ထဲ၌ သူသည် “လွန်သွားနိုင်လျှင်...” ဟု ဆုတောင်းခဲ့သည်။ တစ်နည်းအားဖြင့် “ဤသို့လုပ်ဆောင်နိုင်လျှင်” ဟူ၍ ဖြစ်သည်။ ဤအရာကို ဆွေးနွေးသည့်အနေဖြင့် ပြောခဲ့ခြင်းဖြစ်သည်၊ သူက “ကိုယ့်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါသည်” ဟု မဆိုခဲ့ပါ။ ကျိုးနွံနာခံသော နှလုံးသားနှင့် ကျိုးနွံနာခံသော အခြေအနေ၌ သူသည် “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။” (ရှင်မဿဲခရစ်ဝင် ၂၆:၃၉) ဟု ဆုတောင်းခဲ့ပါသည်။ သူသည် ဒုတိယကြိမ်တွင် ဤသို့ပင် ဆုတောင်းခဲ့ပြီး၊ တတိယကြိမ်တွင် “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု သူဆုတောင်းခဲ့သေးသည်။ ခမည်းတော်ဘုရားသခင်၏ ကြံရွယ်ချက်များကို နားလည်သဘောပေါက်ထားသဖြင့် သူက “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု ဆုတောင်းခြင်းဖြစ်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုမျှမပြုဘဲ အပြည့်အဝ ကျိုးနွံနာခံနိုင်ခဲ့သည်။ သူက “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော” ဟု ဆိုခဲ့သည်။ ယင်းက ဘာကိုဆိုလိုသနည်း။ သူ ထိုသို့ ဆုတောင်းခဲ့သည်မှာ အဘယ့်ကြောင့်ဆိုသော် မိမိ၏ နောက်ဆုံးထွက်သက်အထိတိုင် ကားတိုင်ပေါ်တွင် အသွေးသွန်းခြင်းဟူသည့် ကြီးစွာသောဝေဒနာ ခံစားရခြင်းကို တွေးမိခဲ့သောကြောင့်ဖြစ်သည်၊ ဤအရာက သေခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး၊ သူသည် ခမည်းတော်ဘုရားသခင်၏ ကြံရွယ်ချက်များကို အပြည့်အဝ နားမလည်ခဲ့သေးသောကြောင့် ဖြစ်သည်။ ယင်းကို ထောက်ရှုလျှင် သူသည် ဝေဒနာကို တွေးမိလင့်ကစား၊ ထိုကဲ့သို့ ဆုတောင်းနိုင်စွမ်း ရှိခဲ့သည်၊ သူသည် အမှန်တကယ် အလွန်ပင် ကျိုးနွံနာခံခဲ့လေသည်။ သူ၏ ဆုတောင်းခြင်းပုံစံမှာ ပုံမှန်ဖြစ်ခဲ့သည်၊ သူသည် သူ၏ ဆုတောင်းချက်ထဲ၌ မည်သည့်သတ်မှတ်ချက်ကိုမျှ အဆိုမပြုခဲ့သည့်အပြင် ခွက်ကို ဖယ်ရှားရန်လည်း မဆိုခဲ့ပါချေ။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သူနားမလည်သည့် အနေအထားတစ်ခု၌ ဘုရားသခင်၏ ကြံရွယ်ချက်များကို ရှာဖွေရန်ပင် ဖြစ်ခဲ့သည်။ ပထမကြိမ် သူဆုတောင်းခဲ့ရာ၌ သူနားမလည်ခဲ့သောကြောင့် “လွန်သွားနိုင်လျှင်...ကိုယ်တော်အလိုရှိသည်အတိုင်း” ဟု ဆိုခဲ့သည်။ သူသည် ကျိုးနွံနာခံခြင်း အခြေအနေတစ်ခု၌ ဘုရားသခင်ကို ရှာဖွေပြီး ဆုတောင်းခဲ့ပြီဖြစ်သည်။ ဒုတိယကြိမ်တွင် ထိုနည်းအတိုင်းပင် သူဆုတောင်းခဲ့သည်။ အားလုံးပေါင်း သုံးကြိမ် သူဆုတောင်းခဲ့သည် (ဤသို့ သုံးကြိမ်ဆုတောင်းချက်များမှာ သုံးရက်အတွင်းမျှ၌သာ ဖြစ်ပျက်ခဲ့သည်တော့ မဟုတ်ပေ)၊ ထို့နောက် သူ၏ နောက်ဆုံးဆုတောင်းချက်တွင် ဘုရားသခင်၏ ကြံရွယ်ချက်များကို သူ အပြည့်အဝ နားလည်လာခဲ့ပြီး၊ ယင်းနောက်တွင် ယေရှုသည် မည်သည့်အရာကိုမျှ နောက်ထပ် မပန်ကြားခဲ့တော့ပေ။ သူ၏ ပထမဆုတောင်းချက်နှစ်ခုတွင် ကျိုးနွံနာခံခြင်း အခြေအနေ၌ သူရှာဖွေခဲ့သည်။ သို့သော်ငြားလည်း လူတို့မှာမူ ထိုကဲ့သို့ လုံး၀ ဆုမတောင်းကြပေ။ လူတို့သည် သူတို့၏ ဆုတောင်းချက်များတွင် “ဘုရားသခင်၊ ဤသို့ထိုသို့ ပြုပါရန် ကိုယ်တော့်ကို ကျွန်ုပ်တောင်းဆိုပါ၏၊ ကျွန်ုပ်ကို ဤအရာ၌ ထိုအရာ၌ လမ်းပြပေးပါရန် ကိုယ်တော့်ကို တောင်းဆိုပါ၏၊ ထို့ပြင် ကျွန်ုပ်အတွက် အခြေအနေများအဆင်သင့် ပြုလုပ်ပေးရန် ကိုယ်တော့်ကို တောင်းဆိုပါ၏...” ဟု ပြောတတ်ကြသည်။ သူသည် သင့်အတွက် သင့်လျော်သော အခြေအနေများကို ပြင်ဆင်မပေးဘဲ အခက်အခဲများကို ခံစားကောင်း ခံစားစေလိမ့်မည်။ လူတို့က “ဘုရားသခင်၊ ကျွန်ုပ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးဖို့နဲ့ ကျွန်ုပ်ကို ခွန်အားပေးဖို့ တောင်းဆိုပါတယ်” ဟု အမြဲဆုတောင်းခဲ့မည်ဆိုလျှင်မူ ထိုသို့ ဆုတောင်းခြင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။ သင်ဆုတောင်းသည့်အခါ ကျိုးကြောင်းဆီလျော်မှု ရှိရမည်၊ ထို့ပြင် သင်သည် ကျိုးနွံနာခံနေသည်ဟူသည့် အကြောင်းရင်းအောက်တွင် သင်ထိုသို့ပြုလုပ်ရမည်။ သင့်ဆုတောင်းချက်များကို ဘောင်မခတ်လေနှင့်။ သင်စတင်ဆုမတောင်းမီကပင်လျှင် သင်သည် ဤသို့ ဘောင်ခတ်နေပေပြီ- ငါသည် ဘုရားသခင်ကို ပန်ကြားပြီး သူ့ကို ဤသို့ထိုသို့ ပြုစေရမည်။ ဤနည်းအတိုင်း ဆုတောင်းခြင်းသည် အလွန်ပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။ မကြာခဏပင် ဘုရားသခင်သည် လူတို့၏ ဆုတောင်းချက်များကို လုံးဝ နားမထောင်သောကြောင့် လူတို့ ဆုတောင်းသောအခါ မည်သည့်အရာမျှ လုံးဝ မခံစားကြခြင်းဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

ဘုရားသခင်၏ မျက်မှောက်တော်တွင် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းသည် ဤအရာ၊ ထိုအရာကို လုပ်ဆောင်ဖို့ ဘုရားသခင်ကို အကျပ်ကိုင်သည့်ကိစ္စ မဟုတ်ချေ။ အကျိုးအကြောင်း ဆီလျော်သည့် ဆုတောင်းခြင်းမှာ အဘယ်နည်း။ အကျိုးအကြောင်း မဆီလျော်သည့် ဆုတောင်းခြင်းမှာ အဘယ်နည်း။ အချိန်အတန်ကြာလာသည့်အခါ ဤအရာများကို အတွေ့အကြုံမှ သင်သိရှိလိမ့်မည်။ ဥပမာအနေဖြင့်၊ သင်ဆုတောင်းပြီးသည့်နောက် သန့်ရှင်းသော ဝိညာဉ်တော်သည် သင်ဆုတောင်းသည့်အရာအတွက် မည်သည့်အရာမျှ မလုပ်ဆောင်သကဲ့သို့ သင်ဆုတောင်းသည့်အရာအတွက် လမ်းညွှန်ခြင်းလည်း မရှိဟု သင်ခံစားရနိုင်သည်။ နောက်တစ်ကြိမ် သင်ဆုတောင်းသည့်အခါ သင်သည် မတူညီကွဲပြားစွာ ဆုတောင်းလိမ့်မည်။ ပြီးခဲ့သည့်အခေါက်က သင်ကြိုးစားခဲ့သကဲ့သို့ ဘုရားသခင်ကို အကျပ်ကိုင်ဖို့၊ သို့မဟုတ် သင့်ဆန္ဒများအရ သူ့ကို တောင်းဆိုမှုများပြုဖို့ သင်ကြိုးပမ်းလိမ့်မည် မဟုတ်ပေ။ သင်က “အို၊ ဘုရားသခင်။ အရာအားလုံးသည် ကိုယ်တော်၏အလိုတော်အတိုင်း ဆောင်ရွက်ပြီးစီးပါ၏” ဟု ပြောလိမ့်မည်။ ဤနည်းလမ်းကို သင်အာရုံစိုက်သရွေ့ ကာလအပိုင်းအခြားတစ်ခုကြာ စမ်းတဝါးဝါးနှင့် ဆုတောင်းပြီးသည့်နောက် အကျိုးအကြောင်း မဆီလျော်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို သင်သိလိမ့်မည်။ သင်၏ဆန္ဒများအတိုင်း ဆုတောင်းသည့်အခါ သင်၏ဆုတောင်းချက်များသည် ထုံထိုင်းလာပြီး မကြာမီ မည်သည့်အရာမျှ ပြောစရာမရှိတော့ကြောင်း သိလိုက်ရသည်ကို သင်၏ဝိညာဉ်ထဲ၌ သင်ခံစားရသည့် အခြေအနေလည်း ရှိသည်။ သင် ပို၍ ပြောလေ၊ သင်၏စကားက ပို၍ ကြောင်တောင်တောင်နိုင်လေ ဖြစ်သည်။ ဤကဲ့သို့ သင်ဆုတောင်းသည့်အခါ သင်သည် ဇာတိပကတိနောက် လုံးလုံးလိုက်နေကြောင်းကို ဤအရာက သက်သေပြ၏၊ ထို့ပြင် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်မလုပ်သကဲ့သို့ ထိုနည်းလမ်းဖြင့် သင့်ကို လမ်းမညွှန်ပေ။ ဤအရာသည်လည်း ရှာဖွေခြင်းနှင့် အတွေ့အကြုံတို့နှင့် သက်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်ပေသည်။ ယခု သင့်ကို ယင်းနှင့်ပတ်သက်၍ ငါပြောပြီးဖြစ်သော်လည်း သင်သည် သင်၏အတွေ့အကြုံ၌ အထူးအခြေအနေအချို့ကို ကြုံတွေ့နိုင်ဖွယ်ရှိသည်။ ဆုတောင်းခြင်းသည် အဓိကအားဖြင့် ရိုးသားစွာ စကားပြောခြင်း ဖြစ်သည်။ “အို၊ ဘုရားသခင်။ လူသား၏ဖောက်ပြန်ပျက်စီးခြင်းကို ကိုယ်တော်သိပါသည်။ ယနေ့တွင် ကျွန်ုပ်သည် နောက်ထပ် ကျိုးကြောင်း မဆီလျော်သည့် အရာတစ်ခုကို လုပ်မိပြန်ပါပြီ။ ကျွန်ုပ်သည် ရည်ရွယ်ချက်တစ်ခုကို သိုထားခဲ့သည်— ကျွန်ုပ်သည် လှည့်ဖြားတတ်သူတစ်ဦး ဖြစ်ပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်၊ သို့မဟုတ် သမ္မာတရားအတိုင်း မပြုမူနေခဲ့ပါ။ ကျွန်ုပ်ဆန္ဒရှိသည့်အတိုင်း ကျွန်ုပ်ပြုမူပြီး ဆင်ခြေပေးဖို့ ကြိုးစားခဲ့ပါသည်။ ယခုအခါတွင် ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ်သတိပြုမိပါ၏။ ကျွန်ုပ်ကို သာ၍ ဉာဏ်အလင်းပေးဖို့နှင့် သမ္မာတရားကို နားလည်ခွင့်ပြုဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပြုဖို့နှင့် ဤဖောက်ပြန်ပျက်စီးခြင်းများကို ဖယ်ရှားပေးဖို့ ကိုယ်တော့်ကို ကျွန်ုပ်တောင်းလျှောက်ပါသည်။” ဤနည်းဖြင့် စကားပြောလော့။ အဖြစ်မှန် ကိစ္စများကို ဟုတ်တိုင်းမှန်ရာ ပြောလော့။ လူအများစုသည် အမှန်တကယ် အချိန်များစွာ ဆုမတောင်းကြချေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်များထဲက မစို့မပို့ အသိပညာနှင့် နောင်တရဖို့ လိုလားချက်တစ်ခုဖြင့် အတိတ်ကို ပြန်တွေးရုံမျှ တွေးကြသော်လည်း၊ သမ္မာတရားကို ချင့်ချိန်မစဉ်းစားကြရသေးသကဲ့သို့ နားလည်းမလည်ရသေးပေ။ ဆုတောင်းနေစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရန်နှင့် သမ္မာတရားကို ရှာဖွေရန်မှာ အမှတ်ရခြင်းသက်သက်နှင့် သိခြင်းသက်သက်ထက် များစွာ သာ၍ နက်နဲပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားဖြင့် သင့်အပေါ် ကျရောက်သည့် လှုံ့ဆော်မှုများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ အမှုက သင့်ကို ထောက်ပံ့ပေးသည့် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့က သင့်ကို စစ်မှန်သော အသိပညာနှင့် စစ်မှန်သော နောင်တသို့ လမ်းပြပို့ဆောင်သည်။ ယင်းတို့သည် လူသား အတွေးများနှင့် အသိပညာထက် များစွာ သာ၍ နက်နဲ၏။ ဤသည်မှာ သင် ကောင်းစွာ သိရှိရမည့် အရာတစ်ခု ဖြစ်သည်။ သင်သည် အပေါ်ယံ၊ ဖြစ်ကတတ်ဆန်း အတွေးနှင့် စူးစမ်းလေ့လာခြင်းဖြင့် လုပ်ဆောင်ရုံမျှ လုပ်ဆောင်ပါက၊ သင်သည် လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် လမ်းကြောင်း မရှိသကဲ့သို့၊ သမ္မာတရားဆီသို့ တိုးတက်မှု အနည်းငယ်သာရှိပါက၊ သင်သည် ပြောင်းလဲနိုင်စွမ်းမရှိ ဖြစ်မြဲဖြစ်နေပေလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

လူတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးကို မည်သို့ ထိန်းသိမ်းနိုင်သနည်း။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ဖို့ မည်သည့်အရာကို မှီခိုသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်ထံ အသနားခံ တောင်းလျှောက်ခြင်း၊ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုခြင်းတို့အပေါ်တွင် မှီခိုသင့်သည်။ ဤသို့သော ဆက်ဆံရေးတစ်ခု၌၊ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်ကြပြီး၊ ထိုသို့သော လူတို့သည် အလွန် ငြိမ်းချမ်းကြသည်။ လူအချို့က အပြင်ပန်း အလုပ်တာဝန်များဖြင့် မိမိတို့ကိုယ်ကိုယ် အလုပ်ရှုပ်စေလျက်၊ အပြင်ပန်း လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ အချိန်တစ်ခုလုံးကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အသက်တာ မရှိဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်ပြီးနောက်တွင် မည်သည့်အရာကိုမျှ မခံစားရပေ၊ သုံးလေးရက်ပြီးနောက် သို့မဟုတ် တစ်လ နှစ်လ ပြီးနောက်တွင်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရသေးပေ။ ၎င်းတို့သည် ဆုမတောင်းရသေးသကဲ့သို့၊ အသနားခံ တောင်းလျှောက်ခြင်းလည်း မပြုရသေးဘဲ သို့မဟုတ် ဝိညာဉ်ရေးရာ မိတ်သဟာယ မပြုရသေးပေ။ အသနားခံတောင်းလျှောက်ခြင်းသည် သင်၌ တစ်စုံတစ်ရာ ဖြစ်ပြီး၊ သင့်ကို ကူညီဖို့၊ လမ်းညွှန်ဖို့၊ ထောက်ပံ့ဖို့၊ ဉာဏ်အလင်းပေးဖို့နှင့် သူ၏အလိုတော်ကို သင့်အား နားလည်ခွင့်ပေးဖို့နှင့် သမ္မာတရားနှင့်အညီ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သင့်အား သိခွင့်ပေးဖို့ သင်က ဘုရားသခင်ကို တောင်းလျှောက်သည့်အခါ ဖြစ်သည်။ ဆုတောင်းခြင်း၏ အတိုင်းအတာသည် သာ၍ ကျယ်ပြန့်သည်- တစ်ခါတစ်ရံတွင် သင်သည် သင်၏ အခက်အခဲများ သို့မဟုတ် အပျက်သဘောဆောင်ခြင်းနှင့် အားနည်ချက်ကို ဘုရားသခင်အား ပြောပြလျက်၊ သင်၏စိတ်နှလုံးထဲတွင် စကားများပြောသည်။ ထိုနည်းတူ သင် ပုန်ကန်လိုတတ်သောအခါ၊ ဘုရားသခင်ထံ သင် ဆုတောင်းသည်၊ သို့မဟုတ်ပါက သင်၌ နေ့စဉ် ဖြစ်ပျက်နေသည့် အမှုအရာများသည် သင့်အတွက် ရှင်းလင်းသည်ဖြစ်စေ မရှင်းလင်းသည်ဖြစ်စေ ယင်းတို့အကြောင်းကို သင်သည် ဘုရားသခင်အား ပြောပြသည်။ ဤသည်မှာ ဆုတောင်းခြင်း ဖြစ်ပေ၏။ ဆုတောင်းခြင်း၏ အတိုင်းအတာသည် အခြေခံအားဖြင့် ဘုရားသခင်ကို စကားပြောဆိုခြင်းနှင့် ရင်ဖွင့်ခြင်းတို့ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းကို ပုံမှန်အချိန်များတွင် လုပ်ဆောင်သည်၊ တစ်ခါတစ်ရံတွင် မလုပ်ဆောင်ပေ။ သင်ဆန္ဒရှိသည့်အခါတိုင်းနှင့် နေရာတိုင်းတွင် သင်ဆုတောင်းနိုင်သည်။ ဝိညာဉ်ရေးရာ ဆွေးနွေးမှုသည် လွန်ကဲစွာ ခမ်းကြီးနားကြီး မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းမှာ သင်၌ ပြဿနာတစ်ခုရှိသောကြောင့် ဖြစ်သည်၊ တစ်ခါတစ်ရံတွင် မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းသည် စကားလုံးများ ပါဝင်သည်၊ တစ်ခါတစ်ရံတွင် မပါဝင်ပေ။ သင်၌ ပြဿနာတစ်ခုရှိသည့်အခါ၊ ယင်းအကြောင်းကို ဘုရားသခင်နှင့် ပြောပြီး ဆုတောင်းသည်။ သင်၌ ပြဿနာမရှိသည့်အခါ၊ ဘုရားသခင်သည် လူတို့ကို မည်သို့ချစ်သည်၊ သူသည် လူတို့နှင့်ပတ်သက်၍ မည်သို့ စိုးရိမ်ပူပန်သည်၊ သူသည် လူတို့ကို မည်သို့ ပြစ်တင်မောင်းမဲသည်တို့အကြောင်း သင်တွေးသည်။ သင်သည် ဘုရားသခင်နှင့် အချိန်မရွေး သို့မဟုတ် နေရာမရွေး ဆွေးနွေးပြောဆိုနိုင်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ဆွေးနွေးမှုဆိုသည့်အရာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် လှည့်ပတ် သွားလာစဉ် သင့်ကို စိတ်မကောင်းဖြစ်စေသည့် တစ်စုံတစ်ခုအကြောင်း သင်တွေးမိသည့်အခါ၊ သင်သည် ဒူးထောက်ဖို့ သို့မဟုတ် မျက်စိမှိတ်ဖို့ မလိုအပ်ပေ။ သင်၏စိတ်နှလုံးထဲတွင်- “အိုဘုရားသခင်၊ ဤအရာတွင် ကျွန်ုပ်ကို ကျေးဇူးပြု၍ လမ်းညွှန်တော်မူပါ။ ကျွန်ုပ်သည် အားနည်းပါသည်၊ ယင်းကို ကျွန်ုပ် မကျော်လွှားနိုင်ပါ” ဟု ဘုရားသခင်ကို ပြောဖို့သာ လိုအပ်သည်။ သင်၏စိတ်နှလုံးသည် တို့ထံခံရသည်။ သင်သည် ရိုးရှင်းသော စကားလုံးအနည်းငယ်ကိုသာ ပြောသည်၊ ပြီးလျှင် ဘုရားသခင် သိလေ၏။ တစ်ခါတစ်ရံတွင် သင် အိမ်ကိုလွမ်းပြီး၊ “အိုဘုရားသခင်။ ကျွန်ုပ် အိမ်ကို အရမ်းလွမ်းပါသည်...” ဟု ပြောသည်။ သင် အတိအကျအားဖြင့် မည်သူ့ကို လွမ်းသည်ကို သင်မပြောပေ။ သင်သည် စိတ်အားညှိုးငယ်ပြီး ဤအကြောင်းကို ဘုရားသခင်ကို ပြောသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏စိတ်နှလုံးတွင် ရှိသည့်အရာကို ပြောသည့်အခါမှသာ၊ ပြဿနာများသည် ပြေလည်နိုင်သည်။ အခြားသူများကို စကားပြောခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ သမ္မာတရားကို နားလည်သည့် တစ်စုံတစ်ဦးကို သင်ကြုံရပါက အဆင်ပြေသည်၊ သို့ရာတွင် ၎င်းတို့က နားမလည်ပါက၊ သင်သည် အပျက်သဘောဆောင်ပြီး ပျော့ညံ့သည့် တစ်စုံတစ်ဦးကို ကြုံပါက၊ ၎င်းတို့အပေါ် သင်သည် သက်ရောက်မှု တစ်ခုရှိနိုင်သည်။ သင်သည် ဘုရားသခင်ကို စကားပြောပါက၊ ဘုရားသခင်က သင့်ကို နှစ်သိမ့်လိမ့်မည်၊ ပြီးလျှင် သင့်ကို တို့ထိလိမ့်မည်။ ဘုရားသခင် ရှေ့မှောက်တွင် ဘုရားနှုတ်ကပတ်တော်များကို သင် ဆိတ်ငြိမ်စွာ ဖတ်နိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအခက်အခဲလေးကို ကျော်လွှားဖို့၊ ဖြတ်ကျော်ရန် နည်းလမ်းတစ်ခုကို သင့်အား ရှာတွေ့ခွင့်ပေးလိမ့်မည်။ အခက်အခဲသည် သင့်အား အမှားလုပ်မိစေမည်မဟုတ်၊ ယင်းသည် သင့်ကို ချုပ်ထိန်းထားမည် မဟုတ်သကဲ့သို့ သင်၏တာဝန်ကို သင်၏ဖြည့်ဆည်းခြင်းတွင် သက်ရောက်မှုရှိမည် မဟုတ်ပေ။ သင်သည် ရုတ်ခြည်း အနည်းငယ် စိတ်အားညှိုးငယ်ခြင်း သို့မဟုတ် အတွင်း၌ စိတ်မအေးခြင်း ခံစားရသည့်အချိန်များ ရှိသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်ထံ ဆုတောင်းဖို့ ချီတုံချတုံမဖြစ်နှင့်။ ယင်းက သင်သည် ဘုရားသခင်ထံ အသနားခံတောင်းလျှောက်ခြင်း မပြုခြင်း ဖြစ်နိုင်သည်၊ သင်သည် ဘုရားသခင်ကို မည်သည့်အရာမျှ လုပ်ဆောင်စေဖို့ ဆန္ဒမရှိခြင်း သို့မဟုတ် သင့်အား မည်သည့်အရာနှင့်မျှ ဉာဏ်အလင်းပေးစေဖို့ ဆန္ဒမရှိခြင်း ဖြစ်နိုင်သည်၊ သင်သည် မည်သည့်နေရာတွင် ရှိနေပါစေ၊ အချိန်မရွေး ဘုရားသခင်ကို စကားသာပြောပြီး ရင်ဖွင့်လော့။ သင်သည် တစ်ချိန်လုံး မည်သည့်အရာကို ခံစားရမည်နည်း။ ယင်းမှာ “ဘုရားသခင်သည် ကျွန်ုပ်နှင့် အမြဲရှိသည်၊ ကျွန်ုပ်ကို သူ မည်သည့်အခါမျှ မစွန့်ခွာသွားဖူးပါ၊ ယင်းကို ကျွန်ုပ် ခံစား၍ရပါသည်။ ကျွန်ုပ်သည် အနားယူနေနိုင်သည်၊ စုရုံးပွဲတစ်ခုတွင် ရှိနေနိုင်သည်၊ သို့မဟုတ် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သည်၊ ကျွန်ုပ် မည်သည့်နေရာကို ရောက်နေပါစေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေပါစေ၊ ကျွန်ုပ်၏ လက်ကို ဘုရားသခင်က ဦးဆောင်လမ်းပြသည်၊ ကျွန်ုပ်ကို သူ မည်သည့်အခါမျှ မစွန့်ခွာသွားသည်ကို ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်သိပါသည်။” တစ်ခါတစ်ရံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်တစ်လျှောက် နေ့စဉ်နေ့တိုင်း သင်မည်သို့ ကျော်ဖြတ်ပြီးဖြစ်သည်ကို ပြန်ပြောင်း တွေးလျက်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာပြီး ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လမ်းညွှန်ခြင်း ခံနေခဲ့ရသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်ကို တစ်လျှောက်လုံး ကွယ်ကာပြီးဖြစ်သည်ကို သင်ခံစားရသည်။ ဤအရာများကို တွေးလျက်၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ကျေးဇူးတော် ချီးမွမ်းလျက်၊ “အိုဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် အလွန် နက်နဲစွာ ဖောက်ပြန်ပျက်စီးလျက် အလွန်အားနည်းပြီး ချည့်နဲ့ပါသည်။ ကျွန်ုပ်ကို ဤကဲ့သို့ လမ်းညွှန်ရန် ကိုယ်တော် မရှိဘဲ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မှီခိုလျက် ယနေ့အထိ ရောက်ရှိခဲ့လိမ့်မည် မဟုတ်ပေ။” ဟု ဆုတောင်းသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ဆွေးနွေးမှု မဟုတ်လော။ လူတို့သည် ဤနည်းဖြင့် မကြာခဏ ဆွေးနွေးပြောဆိုနိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို ပြောစရာ များစွာရှိလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ပြောစရာတစ်ခုမျှ မရှိဘဲ၊ ၎င်းတို့သည် ရက်များစွာ အသက်ရှင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်ပြောစရာ တစ်ခုမျှ မရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် မရှိပေ။ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိပြီး သင်သည် ဘုရားသခင်အား ယုံကြည်ပါက၊ သင်သည် သင်၏လူယုံတော်များကို ပြောမည့် ထိုအမှုအရာများ အပါအဝင်၊ သင်၏စိတ်နှလုံးထဲမှ ရှိသမျှအားလုံးကို သူ့အား ပြောနိုင်ပေလိမ့်မည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အနီးစပ်ဆုံး လူယုံတော် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ အနီးစပ်ဆုံး လူယုံတော်အဖြစ်၊ သင်အားအထားဆုံး၊ အားအကိုးဆုံး၊ အယုံကြည်ဆုံး၊ စိတ်ချအယုံကြည်ဆုံး သင်၏မိသားစုအဖြစ်၊ သင်နှင့်အရင်းနှီးဆုံးသူအဖြစ် ဆက်ဆံပါက၊ သင်၌ ဘုရားသခင်ကို ပြောစရာစကား တစ်ခုမျှ မရှိသည်မှာ မဖြစ်နိုင်ပေ။ သင်၌ ဘုရားသခင်ကို ပြောစရာတစ်စုံတစ်ခု အစဉ်ရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်မည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲ အသက်ရှင်နိုင်ပါက၊ အခိုက်အတန့်တိုင်းတွင် ဘုရားသခင်က သင့်ကို မည်သို့ လမ်းပြသည်၊ သင့်ကို မည်သို့ စောင့်ရှောက်ပြီး ကွယ်ကာသည်၊ သင့်ထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သူမည်သို့ ဆောင်ကြဉ်းသည်၊ သင့်ကို သူမည်သို့ ကောင်းချီးပေးသည်၊ သင့်ကို သူမည်သို့ ဉာဏ်အလင်းပေးသည်၊ ပြီးလျှင် သင့်ကို သူ မည်သို့ ပြစ်တင်မောင်းမဲသည်၊ သင့်ကို မည်သို့ ဆုံးမပဲ့ပြင်သည်၊ သင့်ကို မည်သို့ရိုက်နှက်သည်၊ ပြီးလျှင် သင့်ကို မည်သို့ စီရင်ပြီး ပြစ်တင်ဆုံးမသည်တို့ကို သင်ခံစားရလိမ့်မည်။ ဤအရာအားလုံးသည် သင်၏စိတ်နှလုံးထဲတွင် သင့်အဖို့ ရှင်းလင်းပြီး သိသာထင်ရှားလိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ မသိဘဲ၊ ဘုရားသခင်ကို ယုံကြည်သည်ဟုသာ ပြောရင်း၊ သင်၏ တာဝန်ကို ဖြည့်ဆည်းပြီး အပြင်ပန်းအတွက်သာ စုဝေးပွဲများ တက်ရင်း၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဆုတောင်းရင်း ဟန်ဆောင်နေရုံမျှ ဟန်ဆောင်ရင်း၊ နေ့စဉ်နေ့တိုင်းကို အိုးနင်းခွက်နင်း ပြီးမြောက်သွားလိမ့်မည် မဟုတ်ပေ၊ သင်၏နေ့စဉ်သည် ဤသို့သော အပြင်ပန်း ဘာသာရေး ဟိတ်ဟန်မျိုးမျှသာ ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုအစား သင်၏စိတ်နှလုံးထဲတွင် သင်သည် အခိုက်အတန့်တိုင်းတွင် ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ သင်သည် အချိန်တိုင်း ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည် ဖြစ်ကာ ဘုရားသခင် ရှေ့တွင် အသက်ရှင်နိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။