ယနေ့တွင် ကမ္ဘာမြေသည် ငလျင်လှုပ်ခြင်းများ၊ ငတ်မွတ်ခေါင်းပါးခြင်းများ၊ ကပ်ရောဂါများ၊ ရေလွှမ်းမိုးမှုများနှင့် မိုးခေါင်ခြင်းများကဲ့သို့သော ကပ်ဘေးများဖြင့် ဝန်းရံဖိစီးခံရသည်။ ဤကပ်ဘေးများသည် အတိုင်းအတာအားဖြင့် တိုးပွားနေပြီး ယခင်ထက် သာ၍များသည့် သေကြေမှုများ ဖြစ်ပေါ်နေစေသည်။ ဘုရားသခင်သည် လူကို ချစ်ပြီး လူကို ကယ်တင်သည်၊ သို့ဆိုလျှင် သူသည် ထိုသို့သော ကြီးမားသည့် ကပ်ဘေးများကို အဘယ်ကြောင့် သွန်ဆင်းစေသနည်း။

07.12.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှါ မိုးကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုးရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။ ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြသေးဟု ယေဟောဝါ မိန့်တော်မူ၏။ ငါသည် သင်တို့ကို လေပြင်းတိုက်ခြင်းနှင့် မှိုတက်စေခြင်းဖြင့် ဒဏ်ခတ်လေပြီ- သင်၏ဥယျာဉ်များ၊ စပျစ်ခြံများနှင့် သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့သည် တိုးပွားကြသောအခါ၊ ယင်းတို့ကို ပိုးဖလံများက ဝါးမျိုကြလေပြီ- သို့သော် သင်တို့သည် ငါ့ထံ ပြန်မလာကြသေးဟု ယေဟောဝါ မိန့်တော်မူ၏။ အဲဂုတ္တုပြည်နှင့်ဆိုင်သော နည်းဟန်အတိုင်း ကပ်ရောဂါကို သင်တို့ထံ ငါစေလွှတ်လေပြီ။ သင်တို့၏ လုလင်တို့ကို ငါ ဓားဖြင့် ကွပ်မျက်သကဲ့သို့ မြင်းတို့ကိုသိမ်းသွားလေပြီ။ ပြီးလျှင် သင်တို့ စခန်းများ၏ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း၌ တက်လာစေပြီ။ သို့သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြသေးဟု ယေဟောဝါ မိန့်တော်မူ၏။ ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဖြုတ်ချသကဲ့သို့၊ သင်တို့ထဲမှ အချို့ကိုငါ် ဖြုတ်ချပြီးဖြစ်ကာ သင်တို့သည် လောင်ကျွမ်းမှုထဲက နှုတ်ယူသော ထင်းတစ်စကဲ့သို့ ဖြစ်ကြပြီ။ သို့သော် သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြသေးဟု ယေဟောဝါ မိန့်တော်မူ၏။ ထို့ကြောင့် အိုဣသရေလအမျိုး၊ ထိုသို့ သင်တို့ကို ငါ လုပ်ဆောင်မည်။ ဤအရာကို သင်တို့အား ငါ လုပ်ဆောင်မည်ဖြစ်သောကြောင့်၊ သင်၏ဘုရားသခင်နှင့် တွေ့ဆုံရန် ပြင်ဆင်လော့။” (အာမုတ်အနာဂတ္တိကျမ်း ၄:၇-၁၂)

“ယေဟောဝါ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့၊ မြေပေါ်သို့ ငတ်မွတ်ခြင်းဘေးကြီး ငါစေလွှတ်မည့်ကာလ ရောက်လာပြီ၊ အစာငတ်မွတ်ခြင်းဘေး မဟုတ်သကဲ့သို့ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ သို့သော် ယေဟာဝါ၏ နှုတ်ကပတ်တော်များ ကြားရခြင်းကို ငတ်မွတ်သော ဘေးဖြစ်လိမ့်မည်။” (အာမုတ်အနာဂတ္တိကျမ်း ၈:၁၁)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် တိတိကျကျ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အမှုအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်သည့်အခါ၊ သူ၏ အမြင်တွင် ယင်းကို တိုင်းတာဖို့ စံတစ်ခု ရှိပြီး၊ ဤစံနှုန်းက ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ် တစ်ခု သူ စတင်သည် မစတင်သည်၊ သို့မဟုတ် ဤအရာ သို့မဟုတ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းရာတွင် မည်သည့်နည်းလမ်း ခံယူရမည်ဆိုသည်ကို အကြောင်းအရာများကို ဆုံးဖြတ်ပေးလေသည်။ သူသည် အရာရာအပေါ် စိတ်မဝင်စားခြင်း သို့မဟုတ် ခံစားချက်မရှိခြင်း မဟုတ်ပေ။ ယင်းသည် အမှန်တကယ်တွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောခဲ့သည့် အရာကို ဖော်ပြသည့် ကျမ်းတစ်ချက် ရှိသည်- “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအရာကို ဘုရားသခင် ပြောဆိုခဲ့ချိန်တွင်၊ သူသည် လူသားများကိုသာ ဖျက်ဆီးမည်ဟု ဆိုလိုခဲ့ပါသလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ပေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဖျက်ဆီးခြင်းကို လိုချင်ခဲ့သနည်း။ ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် နောက်ထပ် ဖွင့်ပြချက်ရှိပေသည်။ ဘုရားသခင်၏ အမြင်တွင် လူသား၏ ဖောက်ပြန်ပျက်စီးမှု၊ သတ္တဝါ အားလုံးတို့၏ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် မနာခံမှုတို့အပေါ် သူ၏သည်းခံမှု အကန့်အသတ် တစ်ခုရှိပေသည်။ သူ၏ အကန့်အသတ်သည် မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၊ “ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။ “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်နောက် လိုက်ခဲ့ကြသူများ၊ ဘုရားသခင်၏ နာမကို ခေါ်ဆိုခဲ့ကြသူများ၊ တစ်ချိန်က ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသူများ၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသူများအပါအဝင် မည်သည့် သက်ရှိ သတ္တဝါကိုမဆို ဆိုလိုပေသည်- ၎င်းတို့၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဘုရားသခင်၏ မျက်မှောက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးရမည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အကန့်အသတ် ဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် လူသားနှင့် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်၍ မည်မျှ အတိုင်းအတာထိ သည်းခံမြဲ သည်းခံခဲ့သနည်း။ ဘုရားသခင်၏ နောက်လိုက်များ ဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို လျှောက်မနေခဲ့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ဖောက်ပြန်ပျက်စီးကာ မကောင်းမှုနှင့်ပြည့်ရုံသာမက၊ ကမ္ဘာလောကကို ဘုရားသခင်က အုပ်စိုးပြီး၊ ဘုရားသခင်သည် လူတို့ကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သူ တစ်ဦးတစ်လေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခဲ့သူ တစ်ဦးမျှ မရှိခဲ့သည့် အတိုင်းအတာအထိ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပေးသည့် အတိုင်းအတာထိ ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် ဤအခြေအနေကိုရောက်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် နောက်ထပ် သည်းမခံနိုင်တော့ပေ။ ယင်းကို မည်သည့်အရာက အစားထိုး မည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်လာခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သကဲ့သို့၊ ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ၊ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် နယ်မြေအားလုံးကို ကြည့်ရှုသည့်အတွက်၊ စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်ပြီးဖြစ်ကာ အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို တွေ့နိုင်ပေသည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင်၊ ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို ဧကန်မုချ သွန်းလောင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)

လူအားလုံးသည် စုံလင်စေခြင်းခံရပြီး ကမ္ဘာမြေ၏ တိုင်းနိုင်ငံအားလုံး ခရစ်တော်၏ နိုင်ငံများဖြစ်လာသောအခါ၊ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးချိန် ဖြစ်လိမ့်မည်။ မျက်မှောက်ခေတ်သည် ယင်းအဆင့်ဆီသို့ ခြေလှမ်းတစ်ခု ဖြစ်သည်။ ထိုနေ့ရက်ဆီသို့ ညွှန်ကြားချက်တစ်ခုကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်ပြီး၊ မဝေးသည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင်၊ ဘုရားသခင်သည် သူမိန့်မြွက်ပြီးသော အရာအားလုံးကို ပြီးမြောက်ပြီး ဖြစ်သည်။ ထို့ကြောင့်၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံများသည် မြင့်မားသော ရေလှိုင်းများ နီးလာသည်နှင့်အညီ တုန်ခါနေသည့် သဲဖြင့်လုပ်ထားသော ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းပေသည်။ နောက်ဆုံးသောနေ့ရက်သည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ သူ၏ အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ထားသည်ကို သေချာစေရန် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များသည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ အစွမ်းကုန် လုပ်ဆောင်ရင်း၊ ကမ္ဘာပေါ်သို့ သက်ဆင်းလာကြလေသည်။ လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ တပ်ဖြန့်ထားပြီးဖြစ်၏။ လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းသည် ရန်သူ မျိုးဖြုတ်ခံရသည့် နေရာတစ်ခုမှ ဖြစ်သည်။ တရုတ်ပြည်သည် ဦးစွာပထမ အမြစ်ဖြတ်ချေမှုန်းခံရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လက်ဖြင့် သုံးမရအောင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် တရုတ်ပြည်အား လုံးဝ သနားညှာတာမည် မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်မှာ မည်သူမဆိုအဖို့ သိသာကာ မြင်တွေ့နိုင်ပေသည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျဆုံးခြင်း လက္ခဏာဖြစ်သည်။ ဤသည်က “တိုက်ပွဲဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အနည်းငယ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀)

ယနေ့တွင် ငါသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ၊ အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံး တုန်ခါစေလျက်၊ စကြဝဠာတစ်ခုလုံးကို မျက်နှာချင်းဆိုင်ရန်လည်း လှည့်နေ၏။ ငါ၏တရားစီရင်မှုကို မခံရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွန်းချလိုက်သော ဘေးဒုက္ခများအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော “ဘေးအန္တရာယ်၏ မျိုးစေ့များ” ကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်။ ငါ့ကို ပို၍ပင် များပြားသောလူတို့ သိလာစေခွင့်၊ မြင်တွေ့နိုင်စေခွင့်ပြုပြီး ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်နိုင်ခဲ့သော်လည်း ယခုတွင် စစ်မှန်သော ဘုရားသခင်ကို ချစ်ကြောက်လာစေရန် ငါပြုလိုသည်။ အဘယ်အကြောင်းကြောင့် ငါသည် လောကကြီးကို ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးလာပြီးနောက် အဘယ်အကြောင်းကြောင့် ငါသည် သူတို့ကို လုံးလုံးလျားလျား မသုတ်သင်ခဲ့သနည်း။ အဘယ်အကြောင်းကြောင့် လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် ဘေးဒဏ်များအကြားတွင် နေရသနည်း။ ငါသည် လူ့ဇာတိခန္ဓာကို ယူတင်ဝတ်ဆောင်ထားခဲ့သည့် ရည်ရွယ်ချက်ကား အဘယ်နည်း။ ငါ၏အမှုကို ငါထမ်းဆောင်နေသောအခါ လူသားမျိုးနွယ်သည် ခါးသီးခြင်းအရသာကိုသာမက ချိုမြိန်ခြင်းအရသာကိုလည်း သိခဲ့ကြရသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)

အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ့အား သစ္စာဖောက်ပြီးသော လူသားများအားလုံး သူ၏ပလ္လင်ရှေ့မှောက်တွင် ကျိုးနွံနာခံဖို့ တစ်ဖန် လာကြဖို့အလို့ငှာ သူ၏ လုပ်ဆောင်ချက်များကို ကမ္ဘာလောက တစ်လျှောက် ထုတ်ဖော်ပြရန် ဆန္ဒရှိသောကြောင့်၊ ဘုရားသခင်၏ တရားစီရင်မှုသည် ဘုရားသခင်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ ပါရှိဆဲ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားတို့အနေဖြင့် ဘုရားသခင်၏ ရှေ့မှောက်၌ရှိဖို့ ပြန်လည်တစ်လိမ့်လိမ့် ဝင်လာနိုင်ဖို့အလို့ငှာ ဘုရားသခင်ကို ဖွေရှာဖို့ ၎င်းတို့အား လှုံ့ဆော်ရင်း၊ လူသားများကို အထိတ်တလန့်ဖြစ်စေရန်၊ ကမ္ဘာလောကတစ်လျှောက် လတ်တလော အဖြစ်အပျက်များကို အခွင့်အလမ်းများအဖြစ် အသုံးပြုလေသည်။ ထို့ကြောင့်၊ ဘုရားသခင်က၊ “ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်။” ဟု ပြောပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀)

ဘုရားသခင့်အမှုတော်၏ အဆင့်များတွင် ကယ်တင်ခြင်းသည် အမျိုးမျိုးသော ဘေးအန္တရာယ်၏ ပုံသဏ္ဌာန်ကို ဆောင်ဆဲဖြစ်ပြီး၊ ပျက်စီးကိန်းကြုံရသူ မည်သူမျှ ယင်းတို့ကို မလွတ်မြောက်နိုင်ကြပေ။ အဆုံးတွင်သာ “တတိယကောင်းကင်ဘုံလောက် တည်ငြိမ်အေးချမ်းသောကြောင့် ဖြစ်သည်- ဤတွင် သက်ရှိသတ္တဝါ ကြီးငယ်တို့သည် သဟဇာတဖြစ်လျက် အတူယှဉ်တွဲနေထိုင်ကြပြီး ‘နှုတ်နှင့်လျှာ ပဋိပက္ခဖြစ်ခြင်းများ’ ၌ တစ်ကြိမ်တစ်ခါမျှ ပါဝင်ပတ်သက်ခြင်း မရှိပေ။” ဟူသည့် ကမ္ဘာမြေကြီးပေါ်က အခြေအနေတစ်ခုကို စွမ်းဆောင်ရရှိဖို့ ဖြစ်နိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင့် အမှုတော်၏ ကဏ္ဍတစ်ရပ်မှာ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်ရန်နှင့် ရွေးချယ်ခံရသူများကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ရယူရန်ဖြစ်သည်။ နောက်ထပ်တစ်ခုမှာ ပုန်ကန်ခြင်း၏သားများအားလုံးကို ကပ်ဘေးအမျိုးမျိုး၏ နည်းလမ်းဖြင့် သိမ်းပိုက်ရန်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြန့်များပြားသော ဘုရားသခင့် အမှုတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင် အလိုရှိသည့် ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော်ကို အပြည့်အဝ စွမ်းဆောင်ရရှိနိုင်ပြီး၊ ဤသည်မှာ ရွှေစစ်စစ်ဖြစ်သည့် ဘုရားသခင့်အမှု၏ အစိတ်အပိုင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၇)

ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

အရှေ့သို့- ကပ်ဘေးများ တစ်ခုပြီးနောက်တစ်ခု သွန်ဆင်းလာသော်လည်း၊ သမ္မာကျမ်းစာက၊ “သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိ မခိုက်ရ။” (ဆာလံကျမ်း ၉၁:၇) ဟု ကျွန်ုပ်တို့ကို ပြောသည့်အတွက် ကျွန်ုပ်တို့ မကြောက်ရွံ့ရဟု သင်းအုပ်ဆရာများက ကျွန်ုပ်တို့ကို မကြာခဏ ပြောကြသည်။ သခင်၌ ကျွန်ုပ်တို့ ယုံကြည်ခြင်းရှိပြီး ဆက်လက်ဆုတောင်းကြပါက၊ ကျမ်းစာကို ဆက်လက်ဖတ်ရှုကာ အတူတကွ စုစည်းကြပါက၊ ကပ်ဘေးသည် ကျွန်ုပ်တို့အပေါ် ကျရောက်လိမ့်မည်မဟုတ်ပါ။ သို့သော် ဤကပ်ဘေးများတွင် သေဆုံးကြရပြီးဖြစ်သည့် ဘာသာရေး သင်းအုပ်ဆရာများနှင့် ခရစ်ယာန်များအချို့ ရှိသည်။ ၎င်းတို့အားလုံး ကျမ်းစာကို ဖတ်ခဲ့ကြသည်၊ ဆုတောင်းခဲ့ကြပြီး သခင့်ကို အစေခံခဲ့ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို မကွယ်ကာခဲ့ပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။