ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှု လွဲမှားခြင်းများ
ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော စေတမန်များ၏ လုပ်ဆောင်ချက် မဟုတ်ခဲ့သကဲ့သို့၊ ဘုရားသခင် ကိုယ်တိုင်၏လက်က ဖြစ်ပေါ်စေခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား ထိုအရာမှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်က ကိုယ်တိုင်ကိုယ်ကျ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယောဘ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ၏ အဆင့်မှာ နက်နဲခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် ယောဘသည် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နေ့စဉ်သိသော အသိ၊ သူ၏ နေ့စဉ် လုပ်ဆောင်ချက်များ၏ နိယာမများနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကန့်သတ်ချက် မရှိဘဲ၊ လက်တွေ့ပြသခဲ့ပြီး ဤသည်မှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ယောဘသည် စုံစမ်းနှောင့်ယှက်ခြင်းကို မခံခဲ့ရပါက၊ အကယ်၍ ဘုရားသခင်သည် ယောဘအပေါ် စမ်းသပ်မှုများကို ယူဆောင်လာခဲ့ခြင်း မရှိပါက၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ယောဘ ပြောသည့်အခါ၊ သင်က ယောဘသည် သူတော်ကောင်း ယောင်ဆောင်သောသူ တစ်ဦးဖြစ်သည်၊ ဘုရားသခင်သည် သူ့အား ပစ္စည်းဥစ္စာများစွာ ပေးခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ယေဟောဝါ၏ နာမကို ဧကန် ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ စမ်းသပ်မှုများကို မခံစားရမီ ယောဘက၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟုဆိုခဲ့ပါက ယောဘသည် ပုံကြီးချဲ့ပြောနေခြင်းဖြစ်ပြီး သူသည် ဘုရားသခင်၏ လက်အားဖြင့် မကြာခဏ ကောင်းချီးပေးခံခဲ့ရသောကြောင့်၊ ဘုရားသခင်၏ နာမကို စွန့်ပယ်လိမ့်မည် မဟုတ်ဟု သင်ဆိုပေမည်။ အကယ်၍ ဘုရားသခင်သည် သူ့အပေါ် ဘေးဒုက္ခကို ဆောင်ယူခဲ့ပါက၊ သူသည် ဘုရားသခင်၏နာမကို ဧကန်အမှန် စွန့်ပယ်မည်ဟု သင်ဆိုမည် ဖြစ်သည်။ သို့သော် ယောဘသည် သူ့ကိုယ်သူ မည်သူမျှ အလိုမရှိမည့် သို့မဟုတ် မည်သူမျှ မမြင်လိုမည့် အခြေအနေများ၊ ၎င်းတို့အပေါ် ကျရောက်မည်ကို ကြောက်ရွံ့သည့်အတွက် ၎င်းတို့အပေါ်ကျရောက်ရန် မည်သူမျှအလိုမရှိသည့် အခြေအနေများ၊ ဘုရားသခင်ပင်လျှင် ကြည့်ရက်နိုင်ခြင်း မရှိသော အခြေအနေများ၌ ရောက်ရှိနေခဲ့သည်ကို သိရှိသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။”၊ ပြီးလျှင် “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူ၍ ယောဘသည် သူ၏ တည်ကြည်ခြင်းကို ဆက်၍ ထိန်းထားနိုင်ခဲ့သည်။ ယောဘ၏ပြုမူပုံနှင့် ဤအကြိမ်တွင် ရင်ဆိုင်ရလျက်၊ ကြီးကျယ်သော စကားများ ပြောရသည်ကို နှစ်ခြိုက်သောသူများနှင့် စကားများနှင့် အယူဝါဒများ ပြောဆိုရသည်ကို နှစ်ခြိုက်သောသူများသည် အာစေးမိကုန်ကြသည်။ ဘုရားသခင်၏နာမကို အပြောဖြင့်သာ ထောမနာပြုသော်လည်း၊ ဘုရားသခင်၏ စမ်းသပ်မှုများကို မည်သည့်အခါမျှ လက်မခံခဲ့သော သူများသည် ယောဘ မြဲမြံစွာ ထိန်းထားခဲ့သော တည်ကြည်မှုအားဖြင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြပြီး လူသားသည် ဘုရားသခင်၏ လမ်းခရီးကို မြဲမြံစွာ ထိန်းထားနိုင်မည် ဟု မည်သည့်အခါကမျှ မယုံကြည်ဖူးသော သူများသည် ယောဘ၏ သက်သေခံချက်အားဖြင့် စီရင်ခြင်းကို ခံရကြလေသည်။ ဤစမ်းသပ်မှုများ အတောအတွင်း ယောဘ၏ အပြုအမူနှင့် သူပြောခဲ့သော စကားများဖြင့် ရင်ဆိုင်ရလျက်၊ လူအချို့သည် စိတ်ရှုပ်ထွေးကြလိမ့်မည်၊ အချို့တို့သည် မနာလို ဖြစ်ကြလိမ့်မည်၊ အချို့တို့သည် သံသယဖြစ်ကြလိမ့်မည်ဖြစ်ပြီး အချို့တို့သည် ၎င်းတို့အနေဖြင့် စမ်းသပ်မှုများ အတောအတွင်းတွင် ယောဘအပေါ် ကျရောက်ခဲ့သော ညှဉ်းဆဲမှုကို မြင်ရကြပြီး ယောဘပြောခဲ့သော စကားများကို ဖတ်ရကြသည်သာမက၊ သူ့အပေါ် စမ်းသပ်မှုများ ရောက်လာခဲ့သည့်အချိန်တွင် ယောဘပြခဲ့သော လူသား “အားနည်းချက်” ကိုလည်း မြင်ကြရသောကြောင့်၊ ယောဘ၏ သက်သေခံချက်အပေါ် ၎င်းတို့၏ နှာခေါင်းများကို ရှုံ့ကြရင်း စိတ်မဝင်စားပုံပင်ပေါ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ယုံကြည်သော ဤ “အားနည်ချက်” မှာ ယောဘ၏ စုံလင်ခြင်းထဲက မစုံလင်ခြင်း၊ ဘုရားသခင်၏ အမြင်တွင် စုံလင်ခဲ့သည့် လူသားတစ်ဦးထဲက အပြစ်အနာအဆာ ဖြစ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စုံလင်သောသူများသည် အပြစ်အနာအဆာကင်းကြသည်၊ အစွန်းအထင်း သို့မဟုတ် ညစ်နွမ်းမှုမရှိ၊ ၎င်းတို့သည် အားနည်းချက်များ မရှိကြ၊ နာကျင်မှုအသိ မရှိကြ၊ မပျော်မရွှင် ဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မည်သည့်အခါမျှ မခံစားရကြသကဲ့သို့၊ မုန်းတီးခြင်း သို့မဟုတ် အပြင်ပိုင်းအားဖြင့် အစွန်းရောက်သော အပြုအမူ တစ်ခုတစ်လေ မရှိသောသူများ ဖြစ်သည်ဟု ယုံကြည်တတ်ကြသည်။ အကျိုးဆက်အနေဖြင့် ယောဘသည် အမှန်တကယ် စုံလင်ခဲ့သည်ဟု လူအများစုတို့က မယုံကြည်ကြပေ။ သူ၏ စမ်းသပ်မှုများ အတောအတွင်း သူ၏အပြုအမူများစွာကို လူတို့က လက်မခံကြပေ။ ဥပမာအားဖြင့် ယောဘသည် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရချိန်တွင်၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ မျက်ရည်ကျ ငိုကြွေးခဲ့ခြင်း မရှိခဲ့ပေ။ သူသည် သူ၏မိသားစုအတွက် မျက်ရည်များ သို့မဟုတ် ချစ်ခင်ခြင်း မရှိခဲ့သည့်အတွက်၊ သူ၏ “တင့်တယ်လျောက်ပတ်သော အမူအကျင့် ကင်းမဲ့ခြင်း” သည် သူ့အား အေးစက်သောသူ ဖြစ်သည်ဟု လူတို့ကို ထင်စေသည်။ ဤသည်မှာ ယောဘနှင့်သက်ဆိုင်၍ လူတို့ရှိကြသည့် ကနဦး မကောင်းသည့် ထင်မြင်ချက် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် သူ၏အပြုအမူသည် သာ၍ပင် ဦးနှောက်ခြောက်စရာ ဖြစ်သည်ဟု မြင်ကြသည်- “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်ကို လူတို့က ဘုရားသခင်အတွက် သူ၏ မရိုသေခြင်း ဖြစ်သည်ဟူ၍ အဓိပ္ပာယ် ကောက်ခဲ့ကြပြီး၊ “ဦးခေါင်းကိုရိတ်၍” ဆိုသည်ကို ဘုရားသခင်အား ယောဘ၏ စော်ကားခြင်းနှင့် ဆန့်ကျင်ခြင်းကို ဆိုလိုသည်ဟု တလွဲယုံကြည်ကြလေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူသော ယောဘ၏ စကားများ မှလွဲ၍၊ လူတို့သည် ယောဘထဲ၌ ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသော မည်သည့် ဖြောင့်မတ်ခြင်းကိုမျှ မမြင်ကြပေ၊ ထို့ကြောင့် ၎င်းတို့ အများစု ပြုလုပ်ကြသည့် ယောဘနှင့်သက်ဆိုင်သည့် အကဲဖြတ်ချက်မှာ နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲခြင်း၊ သံသယဖြစ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် သဘောတရားဖြင့်သာ လက်ခံခြင်းထက် မပိုပေ။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူသားတစ်ဦး ဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သောသူတစ်ဦး ဖြစ်သည်ဟူသော ယေဟောဝါ ဘုရားသခင်၏ စကားများကို ၎င်းတို့ထဲမှ မည်သူမျှ အမှန်တကယ် နားမလည်နိုင်ကြသကဲ့သို့ အသိအမှတ်မပြုနိုင်ကြပေ။
ယောဘနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အထက်ပါ ထင်မြင်ချက်ကို အခြေခံ၍ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခဲ့သည့် ယောဘ၏ လုပ်ဆောင်ချက်များနှင့် သူ၏ အပြုအမူသည် လူတို့ စိတ်ကူးထားပြီး ဖြစ်မည့်အတိုင်း အလွန်အံ့အားသင့်လောက်အောင် တို့ထိခြင်း မရှိသည့်အတွက်၊ လူတို့သည် သူ၏ ဖြောင့်မတ်ခြင်းနှင့်စပ်လျဉ်းပြီး နောက်ထပ် သံသယများ ရှိကြလေသည်။ သူသည် မည်သည့် ကြီးမားသော စွမ်းဆောင်မှုကိုမျှ မဆောင်ရွက်ခဲ့သည်သာမက၊ သူသည် ပြာထဲတွင် ထိုင်နေစဉ် မိမိကိုယ်ကိုယ် ကုတ်ခြစ်ရန် အိုးခြမ်းပဲ့ကိုလည်း ယူခဲ့သည်။ ယောဘသည် သူ့ကိုယ်သူ ခြစ်နေစဉ် ဘုရားသခင်ထံ ဆုမတောင်းခဲ့သကဲ့သို့၊ သို့မဟုတ် ဘုရားသခင်အား ကတိ မပေးခဲ့သည့်အပြင်၊ သူသည် နာကျင်မှု မျက်ရည်များဖြင့် ငိုကြွေးသည်ကို မမြင်ခဲ့ရသည့်အတွက်၊ ဤလုပ်ရပ်သည်လည်း လူတို့အား အံ့အားသင့်စေပြီး ယောဘ၏ ဖြောင့်မတ်ခြင်းကို သံသယ ဖြစ်စေကာ ငြင်းပင်ငြင်းပယ်စေလေသည်။ ဤအကြိမ်တွင် လူတို့သည် ယောဘ၏ အားနည်ချက်ကိုသာ မြင်ကြပြီး အခြားမည်သည့်အရာကိုမျှ မမြင်ကြသောကြောင့်၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟု ယောဘ ဆိုသည်ကို ၎င်းတို့ ကြားကြချိန်တွင်ပင် လုံးဝ တို့ထိခံရခြင်း မရှိကြပေ၊ သို့မဟုတ် ချီတုံချတုံ ဖြစ်ခြင်း မရှိသကဲ့သို့၊ ယောဘ၏ စကားများမှ သူ၏ ဖြောင့်မတ်ခြင်းကို သိမြင်နိုင်ခြင်း မရှိကြသေးပေ။ သူ၏စမ်းသပ်မှုများနှင့်သက်ဆိုင်သည့် ညှဉ်းဆဲခြင်း အတောအတွင်းတွင် လူတို့အား ယောဘပေးသည့် အခြေခံကျသော ထင်မြင်ချက်မှာ သူသည် ကြောက်ရွံ့တွန့်ဆုတ်နေခြင်းလည်း မရှိခဲ့သကဲ့သို့၊ မာနလည်း မထောင်လွှားခဲ့ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံး အတွင်းနက်နက်နေရာများ၌ ဖြစ်ပျက်ခဲ့သော သူ၏အပြုအမူ နောက်ကွယ်မှ အဖြစ်အပျက်ကို လူတို့ မမြင်ကြသည်သာမက၊ သူ၏စိတ်နှလုံးထဲက ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီး၏ အခြေခံသဘောတရားကို သူ၏ စောင့်ထိန်းခြင်းအားလည်း မမြင်ကြပေ။ သူ၏ စိတ်တည်ငြိမ်ခြင်းသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှာ အနှစ်မဲ့သော စကားများသာဖြစ်သည်၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှာ ကောလာဟလမျှသာ ဖြစ်သည်ဟု လူတို့အား ထင်စေသည်။ ထိုစဉ်အတောအတွင်း အပြင်ပန်းအားဖြင့် သူထုတ်ဖော်ပြခဲ့သော “အားနည်ချက်” သည် ဘုရားသခင်က စုံလင်ကာ ဖြောင့်မတ်သည်ဟု သတ်မှတ်သော လူသားအပေါ် “အမြင်သစ်” တစ်ခုနှင့် “နားလည်မှုအသစ်” တစ်ခုကိုပင် ပေးလျက်၊ ၎င်းတို့အပေါ် အလွန်နက်နဲသော ထင်မြင်ချက်ကို ချန်ထား ရစ်လေသည်။ ယောဘက သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့ချိန်တွင်၊ ထိုသို့သော “အမြင်သစ်” နှင့် “နားလည်မှုအသစ်” များကို အတည်ပြုလိုက်ပေသည်။
သူခံစားခဲ့ရသော ညှဉ်းဆဲမှု အတိုင်းအတာသည် မည်သည့်လူသားမျှ မတွေးတတ်အောင်ဖြစ်ပြီး နားမလည်နိုင်အောင် ဖြစ်လည်း၊ သူသည် မိစ္ဆာဒိဋ္ဌိစကားများကို မပြောခဲ့ဘဲ၊ သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာကို သူ၏ ကိုယ်ပိုင် နည်းလမ်းဖြင့် သက်သာရုံ သက်သာစေခဲ့သည်။ သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သည်နှင့်အညီ၊ “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေ ယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။” (ယောဘ ၃:၃) ဟု သူဆိုခဲ့သည်။ ဤစကားများကို အရေးကြီးသည်ဟု မည်သူမျှက တစ်ခါမျှ သဘောထားကောင်း ထားမည်မဟုတ်သကဲ့သို့၊ ထိုအရာများကို အာရုံစိုက်ပြီးသော လူများ ရှိကောင်းရှိပေမည်။ သင်တို့၏ အမြင်တွင်၊ ယောဘသည် ဘုရားသခင်ကို ဆန့်ကျင် ခဲ့သည်ဟု ထိုစကားများက ဆိုလိုသလော။ ထိုစကားများသည် ဘုရားသခင်ကို မကျေမနပ်ဖြစ်ခြင်း တစ်ခု ဖြစ်သလော။ သင်တို့ထဲမှ များစွာသည် ယောဘပြောခဲ့သော ဤစကားများနှင့်ပတ်သက်၍ အချို့သော အတွေးအခေါ်များ ရှိကြပြီး၊ အကယ်၍ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်ပါက၊ သူသည် အားနည်းချက် သို့မဟုတ် ပူဆွေးသောက တစ်စုံတစ်ရာကို မပြသင့်သကဲ့သို့၊ ယင်းအစား စာတန်ထံမှ မည်သည့်တိုက်ခိုက်မှုကိုမဆို အပြုသဘောဆန်စွာဖြင့် ရင်ဆိုင်ခဲ့သင့်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ရာတွင် ပြုံးပင် ပြုံးခဲ့သင့်သည်ဟု ယုံကြည်ကြသည်ကို ငါသိသည်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ် စာတန် ဆောင်ကြဉ်းခဲ့သည့် ညှဉ်းဆဲမှု တစ်ခုတစ်လေကို အနည်းငယ်မျှ တုံ့ပြန်မှု မရှိသင့်သကဲ့သို့၊ သူ၏ စိတ်နှလုံးအတွင်းရှိ စိတ်ခံစားချက် တစ်ခုတစ်လေကို မပြခဲ့သင့်ပေ။ ဘုရားသခင်သည် ဤစမ်းသပ်မှုများကို ပို၍ပင် ပြင်းထန်စေရန် ဘုရားသခင်အား သူတောင်းလျှောက်ခဲ့သင့်ပေသည်။ ဤသည်မှာ မဆုတ်မနစ်ဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောသူ တစ်စုံတစ်ဦးက လက်တွေ့ပြသပြီး ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ အလွန်ပြင်းထန်သော ဤညှဉ်းဆဲမှု အလယ်တွင်၊ ယောဘသည် သူမွေးဖွားသော နေ့ရက်ကိုသာ ကျိန်ဆဲခဲ့သည်။ သူသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းငှာ ရည်ရွယ်ချက် တစ်ခုတစ်လေရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ညည်းညူခြင်းပင် မပြုခဲ့ပေ။ ရှေးခေတ် အချိန်ကာလများမှစ၍ ယနေ့အထိ၊ ယောဘပေါ် ကျရောက်ခဲ့သည့် ထိုသို့သော စုံစမ်းနှောင့်ယှက်မှုများကို မည်သူမျှ မတွေ့ကြုံဖူးသည့်အတွက် သို့မဟုတ် မခံစားဖူးသည့်အတွက်၊ ဤအရာသည် အပြောက အလုပ်ထက် ပို၍ လွယ်ကူပေသည်။ ထို့ကြောင့်၊ ယောဘကဲ့သို့ တူညီသည့် စုံစမ်းနှောင့်ယှက်မှုမျိုးကို မည်သူမျှ အဘယ်ကြောင့် မခံစားရဖူးပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မြင်သလောက်က မည်သူမျှ ထိုသို့သော တာဝန် သို့မဟုတ် တာဝန်ပေး စေခိုင်းချက်တစ်ခုကို တာဝန်ယူနိုင်ခဲ့ခြင်း မရှိ၊ ယောဘ လုပ်ဆောင်ခဲ့သကဲ့သို့၊ မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့သည့်အပြင်၊ ယောဘအပေါ် ထိုသို့သော နှိပ်စက်ညှဉ်းပန်းမှုကျရောက်ချိန် သူပြုခဲ့သည်နည်းတူ၊ မည်သူမျှက ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခြင်းမှ လွဲ၍ ဘုရားသခင်၏နာမကို မစွန့်ပယ်သကဲ့သို့၊ ယေဟောဝါဘုရားသခင်၏ နာမကို ဆက်လက်ကောင်းချီးပေးဆဲ မပြုနိုင်ကြသောကြောင့် ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဤအရာကို လုပ်ဆောင်နိုင်မည်လော။ ယောဘနှင့်ပတ်သက်၍ ဤအရာကို ငါတို့ ပြောသောအခါတွင်၊ ငါတို့သည် သူ၏အပြုအမူကို ချီးကျူးနေခြင်း ဖြစ်သလော။ သူသည် ဖြောင့်မတ်သော လူသားတစ်ဦးဖြစ်ခဲ့ပြီး ဘုရားသခင်အဖို့ ထိုသို့သော သက်သေကို ခံနိုင်ခဲ့ကာ၊ သူ့အား စွပ်စွဲရန် ဘုရားသခင်၏ ရှေ့သို့ စာတန်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ပြန်မလာစေဖို့အလို့ငှာ စာတန်အား စိတ်ပျက်လက်ပျက်ဖြင့်ထွက်ပြေးစေနိုင်စွမ်းရှိခဲ့သည်- ထို့ကြောင့် သူ့ကို ချီးကျူးခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းပါသနည်း။ သင်တို့သည် ဘုရားသခင်ထက် ပိုမြင့်သော စံနှုန်းများ ရှိနေခြင်း ဖြစ်နိုင်မည်လော။ သင်တို့အပေါ်သို့ စမ်းသပ်မှုများ ကျရောက် လာချိန်တွင် သင်တို့သည် ယောဘထက် ပို၍ပင် ကောင်းစွာ ပြုမူနိုင်မည်မှာ ဖြစ်နိုင်မည်လော။ ယောဘသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံခဲ့ရသည်- မည်သည့် ကန့်ကွက်ချက်များ သင်တို့ ရှိနိုင်မည်နည်း။

ယောဘသည် သူ့အားဖြင့် ဘုရားသခင်ကို မနာကျင်စေလိုသောကြောင့် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲသည်
လူတို့သည် လူတို့၏ အပြင်ပန်းများကို ကြည့်စဉ်တွင်၊ ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်သည်ဟု ငါမကြာခဏ ပြောသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်သောကြောင့်၊ သူသည် ၎င်းတို့၏ အနှစ်သာရကို နားလည်လေသည်၊ လူတို့မှာမူ အခြားလူတို့၏ အနှစ်သာရကို ၎င်းတို့၏ အပြင်ပန်းကို အခြေခံ၍ ဖွင့်ဆိုကြလေသည်။ ယောဘသည် သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့ချိန်တွင်၊ ဤလုပ်ရပ်သည် ယောဘ၏ မိတ်ဆွေသုံးဦး အပါအဝင် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ် အားလုံးကို အံ့အားသင့်စေခဲ့သည်။ လူသားသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်ပြီး၊ ဘုရားသခင် သူ့အပေါ် ပေးအပ်ခဲ့သော အသက်နှင့် ခန္ဓာကိုသာမက သူမွေးဖွားခဲ့သော နေ့ရက်အတွက် ကျေးဇူးတင်ရှိသင့်ပြီး၊ ယင်းတို့ကို မကျိန်ဆဲသင့်ပေ။ ဤသည်မှာ သာမန်လူများ နားလည်နိုင်ပြီး စိတ်ကူးနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူ မည်သူအတွက်မဆို၊ ဤသိနားလည်မှုသည် အထွတ်အမြတ်ဖြစ်ပြီး မချိုးဖောက်အပ်ပေ၊ ပြီးလျှင် ယင်းသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်သည့် သမ္မာတရားတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ယောဘသည် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပေသည်- သူသည် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည်။ ဤသည်မှာ တားမြစ်ထားသော နယ်မြေထဲသို့ ဖြတ်ကူးခြင်း အဖြစ် သာမန်လူများက ယူဆသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ ယောဘသည် လူတို့၏ နားလည်ခြင်းနှင့် စာနာသနားခြင်းကို ခံစားပိုင်ခွင့်မရှိသည်သာမက၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကိုလည်း ခံစားပိုင်ခွင့် မရှိပေ။ တစ်ချိန်တည်းတွင် သူ့အပေါ် ဘုရားသခင်၏ မျက်နှာသာပေးခြင်းက ယောဘအား မိမိကိုယ်ကိုယ် အလိုလိုက်စေသည်၊ ယင်းသည် သူ့အား အလွန် ရဲတင်းစေပြီး မဆင်မခြင် ဖြစ်စေခဲ့သည်မှာ သူသည် သူ၏ တစ်သက်တာအတောအတွင်း သူ့အား ကောင်းချီးပေးခြင်းနှင့် စောင့်ရှောက်ခြင်းအတွက် ဘုရားသခင်အား ကျေးဇူးမတင်ခဲ့ရုံ သာမကဘဲ၊ သူမွေးဖွားခဲ့သော နေ့ရက်ကိုလည်း ပျက်စီးခြင်းသို့ ရှုတ်ချခဲ့ပုံရသည့်အတွက်၊ သာ၍ပင်များသော လူတို့သည် ယောဘ၏ ဖြောင့်မတ်ခြင်းအပေါ် သံသယ ဖြစ်လာကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်း မဟုတ်ပါက အဘယ်အရာ ဖြစ်သနည်း။ ထိုသို့သော ပေါ့ပြက်မှုများသည် ယောဘ၏ ဤလုပ်ရပ်ကို ပြစ်တင်ရှုတ်ချရန် လူတို့အား အထောက်အထားကို ပေးသော်လည်း၊ ထိုအချိန်က ယောဘသည် မည်သည့်အရာကို အမှန်တကယ် တွေးနေခဲ့သည်ကို မည်သူ သိနိုင်ပါသနည်း။ ယောဘသည် အဘယ်ကြောင့် ထိုသို့ပြုမူခဲ့သည့် အကြောင်းရင်းကို မည်သူသိနိုင်သနည်း။ ဤနေရာတွင် ဘုရားသခင်နှင့် ယောဘ ကိုယ်တိုင်သာ အတွင်းကျကျ အဖြစ်အပျက်နှင့် အကြောင်းရင်းများကို သိနိုင်ပေသည်။
စာတန်သည် ယောဘ၏ အရိုးများကို ဖိစီးနှိပ်စက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ချိန်တွင်၊ ယောဘသည် လွတ်မြောက်ရန် နည်းလမ်းများ သို့မဟုတ် ခုခံရန်ခွန်အား မရှိဘဲ၊ ၎င်း၏ လက်ခုပ်တွင်းသို့ ကျဆင်းခဲ့ရသည်။ သူ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် အလွန်ကြီးစွာသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ဤနာကျင်မှုသည် သူ့အား ခန္ဓာ၌ ရှင်သန်နေသည့် လူသား၏ အရေးမပါမှု၊ အားနည်းခြင်းနှင့် အစွမ်းတန်ခိုးကင်းမဲ့ခြင်းတို့ကို အလွန်အမင်း သတိပြုမိစေခဲ့သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် အဘယ်ကြောင့် လူသားမျိုးနွယ်ကို ဂရုစိုက်ကာ ကြည့်ရှုစောင့်ရှောက်လိုသည့် စိတ်တစ်ခုရှိရသည်ဆိုသည်နှင့် သက်ဆိုင်သည့် နက်နဲသော အသိအမှတ်ပြုခြင်းနှင့် သိနားလည်မှု တစ်ခုကိုလည်း ရရှိခဲ့သည်။ စာတန်၏ လက်တွင်း၌ အသွေးအသား ရှိသော လူသားမှာ အမှန်တကယ် အလွန် အစွမ်းတန်ခိုးမဲ့ပြီး အားနည်းသည်ဟု ယောဘ နားလည်ခဲ့ရသည်။ သူသည် ဒူးထောက်ကာ ဘုရားသခင်ထံ ဆုတောင်းခဲ့ချိန်တွင်၊ ဘုရားသခင်သည် သူ့အား စာတန်၏ လက်ထဲသို့ လုံးလုံးလျားလျား ထားရှိခဲ့ပြီး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးထားပြီး ကွယ်ဝှက်နေသည့်အလား သူခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည်လည်း သူ့အတွက် ငိုကြွေးခဲ့သည့်အပြင်၊ သူ့အတွက် စိတ်ထိခိုက်ခဲ့ရသည်။ ဘုရားသခင်သည် သူ၏နာကျင်မှုအားဖြင့် နာကျင်ခဲ့ရပြီး သူ၏ အနာတရဖြစ်ခြင်းအားဖြင့် အနာတရ ဖြစ်ခဲ့ရသည်...ယောဘသည် ဘုရားသခင်၏ နာကျင်မှုကို ခံစားမိခဲ့သည့်အပြင် ဘုရားသခင်အတွက် ယင်းမှာ ဘုရားသခင် အတွက် မည်မျှ မခံမရပ်နိုင်ဖွယ် ဖြစ်သည်ကိုလည်း ခံစားမိခဲ့သည်...ယောဘသည် သူ့အားဖြင့် ဘုရားသခင် နာကျင်ရသည်ကို မြင်လိုရန်မဆိုထားနှင့်၊ ဘုရားသခင်အပေါ် နောက်ထပ် ပူဆွေးမှု တစ်စုံတစ်လေကိုမျှ ရောက်စေလိုခြင်း မရှိသကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် မငိုကြွေးစေလိုခဲ့ပေ။ ဤအခိုက်အတန့်တွင်၊ ယောဘသည် သူ၏ နာကျင်မှုအားဖြင့် ဘုရားသခင် ညှဉ်းဆဲခံရခြင်းကို ဤအရာက ရပ်တန့်စေနိုင်မည် ဖြစ်သည့်အတွက်၊ ဤခန္ဓာကိုယ်အားဖြင့် သူ့အပေါ် ကျရောက်ခဲ့သော နာကျင်မှုကို သည်းညည်းမခံတော့ရန် သူ၏ ခန္ဓာကိုယ်ကို အာရုံထဲမှ ဖျောက်ပစ်လိုခဲ့သည်- သို့သော် သူမဖျောက်ပစ်နိုင်ခဲ့သကဲ့သို့ သူသည် ခန္ဓာကိုယ်၏ နာကျင်မှုကို သည်းခံခဲ့ရသည် သာမက၊ ဘုရားသခင်အား မပူပန်စေလိုသည့် ဆန္ဒ၏ ညှဉ်းဆဲခြင်းကိုလည်း ခံခဲ့ရသည်။ နာကျင်မှုတစ်ခုသည် ခန္ဓာကိုယ်မှ လာပြီး နောက်တစ်ခုသည် ဝိညာဉ်မှလာသည့်- ဤနာကျင်မှု နှစ်ခုသည် ယောဘအပေါ် စိတ်နှလုံးကွဲလုမတတ်၊ အူကလီစာများ ဆောင့်ဆွဲခံရသည့် နာကျင်မှုကို ဆောင်ယူလာခဲ့ပြီး အသွေးအသားရှိသော လူသား၏ အားနည်းချက်များသည် တစ်ဦးတစ်ယောက်အား မည်ကဲ့သို့ မချင့်မရဲဖြစ်စေပြီး ခိုကိုးရာမဲ့စေသည်ကို သူ့အား ခံစားရစေခဲ့သည်။ ဤအခြေအနေများအောက်တွင်၊ ဘုရားသခင်ကို သူ၏ တမ်းတခြင်းသည် သာ၍ပြင်းထန်လာခဲ့ပြီး စာတန်အား သူ၏ စက်ဆုပ်ရွံရှာခြင်းသည် သာ၍ ပြင်းပြလာခဲ့သည်။ ဤအချိန်တွင်၊ ယောဘသည် သူ့အတွက် ဘုရားသခင် မျက်ရည်ကျငိုကြွေးသည်ကို မြင်ရသည်ထက် သို့မဟုတ် နာကျင်ခြင်း ခံစားရသည်ကို မြင်ရသည်ထက် လူ့လောကထဲသို့ မည်သည့်အခါကမျှ သူမမွေးဖွားလာခဲ့ရန်၊ သူ မဖြစ်တည်ခဲ့ဖို့ရန် သာ၍ပင် ဆန္ဒရှိခဲ့သည်။ သူသည် သူ၏ ဇာတိပကတိကို စတင်၍ လွန်စွာ စက်ဆုပ်ရွံရှာ လာခဲ့သည်၊ မိမိကိုယ်ကိုယ်အပေါ်၊ သူမွေးဖွားခဲ့သော နေ့ရက်အပေါ်နှင့် သူနှင့်သက်ဆိုင်သမျှ အားလုံးအပေါ်ကိုပင် အလွန်အမင်းမနှစ်မြို့လာခဲ့သည်။ သူမွေးဖွားခဲ့သော နေ့ရက် သို့မဟုတ် ယင်းနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ နောက်ထပ် မည်သို့မျှ ဖော်ပြရန် သူအလိုမရှိခဲ့ပေ၊ ထို့ကြောင့် သူသည် သူ၏နှုတ်ကိုဖွင့်ကာ သူ၏မွေးဖွားရာနေ့ရက်ကို ဤသို့ကျိန်ဆဲခဲ့သည်- “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။ ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါစေနှင့်။” (ယောဘ ၃:၃-၄) ယောဘ၏ စကားများသည် သူ့ကိုယ်သူ စက်ဆုပ်ရွံရှာခြင်းဖြစ်သည့် “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။” ဟူ၍အပြင်၊ မိမိကိုယ်ကိုယ်အပေါ် သူ ခံစားရသည့် အပြစ်တင်မှုနှင့် ဘုရားသခင်ကို နာကျင်စေခြင်းအတွက် အကြွေးတင်ရှိသည့် သူ၏ အသိစိတ်ဖြစ်သော “ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်း မပေါ်ထွန်းပါစေနှင့်၊” ဟူသည်ကို ပြပေသည်။ ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ထိုအခါက ယောဘ ခံစားခဲ့ရပုံနှင့် သက်ဆိုင်သည့် အဆုံးစွန် ဖော်ပြချက်ဖြစ်ပြီး၊ အားလုံးထံ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အပြည့်အဝ ထင်ရှားစေခဲ့သည်။ တစ်ချိန်တည်းတွင် ယောဘ ဆန္ဒရှိခဲ့သည့်အတိုင်းပင်၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းအပြင်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့မှာ အမှန်ပင် ချီးမြှောက်ခြင်း ခံခဲ့ရသည်။ ဟုတ်ပေ၏၊ ဤချီးမြှောက်ခြင်းသည် ဘုရားသခင် မျှော်လင့်ခဲ့ပြီးဖြစ်သည့် အကျိုးဆက် အတိအကျဖြစ်ပေသည်။
ယောဘသည် စာတန်ကို အနိုင်ယူကာ ဘုရားသခင်၏ အမြင်တွင် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာသည်
ယောဘသည် သူ၏ စမ်းသပ်မှုများကို ပထမဦးဆုံး ကြုံရချိန်တွင်၊ သူ၏ ဥစ္စာပစ္စည်းအားလုံးနှင့် သားသမီး အားလုံး ယူဆောင်သွားခြင်း ခံခဲ့ရသော်လည်း၊ အကျိုးဆက်အနေဖြင့် သူသည် လဲမကျခဲ့ပေ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမှုတစ်ခုဖြစ်သည့် မည့်သည့်အရာကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများ၊ သူ၏သားသမီးများနှင့် သူ၏လောကီပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးခြင်းနှင့်သက်ဆိုင်သည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ ယင်းမှာ သူသည် ဘုရားသခင်က သူ့ထံမှ အမှုအရာများကို ယူဆောင် သွားသည်နှင့်အမျှ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ပြီး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကြောင့် ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကိုလည်း ပူဇော်ဆက်ကပ်နိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုအတောအတွင်း ယောဘ၏ အပြုအမူဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှု အတောအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှုတွင်၊ စာတန်သည် ယောဘကို တိုက်ခိုက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ပြီး၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် သာ၍ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်ရစ်စေရလောက်သည်အထိ ဖြစ်ဆဲရှိခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံမှုအပြင်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့အား စာတန်ကို နောက်ထပ်တစ်ကြိမ် အနိုင်ယူရန် အသုံးပြုခဲ့ပြီး၊ သူ၏ အပြုအမူနှင့် သူ၏သက်သေခံချက်တို့သည် ဘုရားသခင်၏ နောက်တစ်ကြိမ် ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှုအတောအတွင်းတွင်၊ ယောဘသည် ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအား ယူဆောင်မသွားနိုင်ကြောင်း၊ သို့မဟုတ် သေခြင်းကို သူရင်ဆိုင်ခဲ့ရသောကြောင့် ဘုရားသခင်ကို စွန့်လွှတ်မည်မဟုတ် သို့မဟုတ် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို စွန့်လွှတ်မည်မဟုတ်သည်ကို စာတန်အား ကြေညာရန် သူ၏တကယ့်အပြုအမူကို အသုံးပြုခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေကာ တုန်လှုပ်စေရစ်ခဲ့သည်၊ ၎င်းတို့၏ သေရေး ရှင်ရေးတိုက်ပွဲအတွင်းတွင် စာတန်ကို သူ တိုက်ခိုက်ခဲ့သည့် ပြင်းပြခြင်းသည် စာတန်ထဲတွင် နက်ရှိုင်းသော မုန်းတီးမှုနှင့် မကျေမချမ်းမှုတို့ကို ပေါက်ဖွားစေခဲ့သည်။ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က စာတန်သည် သူ့ကို နောက်ထပ်မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေခဲ့သည်မှာ စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ပြီး ယေဟောဝါဘုရားသခင်ရှေ့တွင် ချခင်းထားသည့် ယောဘအား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ဤသည်မှာ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ ဇာတိပကတိကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ သူသည် စာတန်ကို အောင်မြင်ခဲ့ပြီးဖြစ်ကာ သေခြင်းကို အောင်မြင်ခဲ့ပြီးဖြစ်သည်ဟု ဆိုလိုခဲ့ပေသည်။ သူသည် အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဘုရားသခင်နှင့် သက်ဆိုင်သော လူတစ်ဦး ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုအတောအတွင်းတွင်၊ ယောဘသည် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်သက်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ နယ်ပယ်ကို ကျယ်ပြန့်လာစေခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ကြုံရလျက်ဖြင့်၊ ယောဘထဲ၌ သာ၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု ပေါက်ဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို သာ၍ ရင့်ကျက်စေကာ ဝါရင့်စေခဲ့သည်၊ ယင်းသည် သူ့ကို သာ၍ သန်မာစေခဲ့ပြီး သာ၍ ကြီးမားသော ခံယူချက် ရှိစေခဲ့ကာ၊ သူစွဲမြဲစွာ ထိန်းထားခဲ့သော တည်ကြည်ခြင်း၏ မှန်ကန်မှုနှင့် အဖိုးထိုက်တန်ခြင်းတို့နှင့် သက်ဆိုင်၍ သူ့အား သာ၍ စိတ်ချယုံကြည်မှု ရှိစေခဲ့သည်။ ယောဘနှင့်သက်ဆိုင်သည့် ယေဟောဝါ ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအတွက် ဘုရားသခင်၏ ပူပန်မှုနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် သိနားလည်ခြင်းနှင့် အသိစိတ်ကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖိုးထိုက်ခြင်းကို သူ့အား သတိပြုမိခွင့်ပေးခဲ့ကာ၊ ယင်းအခြေအနေမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို သူ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းထဲသို့ ပေါင်းထည့်ခဲ့လေသည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား ဘုရားထံမှ မကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေခဲ့သည်။ ယောဘသည်းခံခဲ့သော ခန္ဓာနာကျင်မှုသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်ခဲ့ချိန်တွင်၊ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား သူ၏ မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့မှလွဲ၍ ရွေးချယ်စရာ မပေးခဲ့ပေ။ ထိုသို့သော အပြုအမူသည် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့်အရာမဟုတ်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးအတွင်းမှ ဘုရားသခင်အတွက် အရေးထားခြင်းနှင့် ချစ်ခြင်း၏ အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်အတွက် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းတို့မှ လာခဲ့သည့် အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ သူသည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့ပြီး ဘုရားသခင်အား ညှဉ်းဆဲရန် လိုလားခြင်း မရှိသကဲ့သို့ ခံနိုင်ခြင်းလည်း မရှိသောကြောင့်၊ သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ပေသည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်း၊ ပြီးလျှင် ဘုရားသခင်အား ဆက်ကပ်ခြင်းတို့ကို အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်း၊ ပြီးလျှင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့ကိုလည်း အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ သူသည် ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ပေ၊ ဘုရားသခင်ကို နာကျင်စေမည့် မည်သည့်အပြုအမူကိုမျှ မိမိကိုယ်ကိုယ် လုပ်ဆောင်ခွင့်မပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ပိုင် အကြောင်းရင်းများအတွက် ဘုရားသခင်အပေါ် မည်သည့် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းကိုမျှပင် ယူဆောင်လာဖို့ မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ချေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ယောဘ၏ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား ပြီးပြည့်စုံသော ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ကြဉ်းခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် သူရရှိဖို့ ဘုရားသခင် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းငှာ အမှန်တကယ် ခံထိုက်သောသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်နိုင်ခွင့်ပေးခဲ့ပြီး၊ ဘုရားသခင်အဖို့ သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်အခွင့်ပေးခဲ့သည်။ ထိုကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည်လည်း သူ့အား စုံလင်စေပြီး သူ၏ အသက်တန်ဖိုးကို ယခင်ထက် သာ၍ မြှင့်တင်ခံရစေကာ ကျော်လွန်စေခဲ့ပြီး၊ စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို မခံရတော့မည့် ပထမဦးဆုံးသော လူတစ်ဦးလည်း ဖြစ်စေခဲ့သည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်၏ စွပ်စွဲခြင်းခံခဲ့ရကာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ထံသို့ လွှဲအပ်ခြင်းကို ခံခဲ့ရပြီး၊ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ကာ ရှုံးနိမ့်စေခဲ့ပြီး၊ သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ထိုအချိန်မှစ၍ ယောဘသည် စာတန်ထံသို့ မည်သည့်အခါတွင်မျှ တစ်ဖန် အပ်နှံမခံရတော့မည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မရှိဘဲ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲတွင် အသက်ရှင်ခဲ့ရသည်...။ သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူသည် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်...။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)