သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့ ပိုင်ဆိုင်ရန်လိုအပ်သည့် သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်တွေ့နိုင်ပြီး၊ ယင်းသည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးနှင့် အထောက်အကူ အများဆုံးဖြစ်စေသည့် သမ္မာတရားဖြစ်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝကို ပြန်လည်ထိန်းသိမ်းရန် အထောက်အကူပြုသော အရာဖြစ်သည့် သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ ဖြစ်သည်။ လူသားတွင် ရှိအပ်သော သမ္မာတရားတစ်ရပ် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးလေလေ၊ သင်တို့၏ဘဝ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး၊ သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်လောက၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးသည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့ကျင့်သုံးခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကိုယ် အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ထို့ကြောင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက် မည်သို့စစ်မှန်နိုင်မည်နည်း။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးသည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် လွဲမှားနေသည်။ သင်သည်သမ္မာတရားကို ကျင့်သုံးသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည်ဟုသာ ဆိုနိုင်သော်လည်း၊ သင်သည် ၎င်းကိုနားလည်သည်ဟု မဆိုနိုင်ပေ။ အချို့က သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် တစ်ခုတည်းသော နည်းလမ်းမှာ ယင်းကိုဦးစွာ နားလည်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပြီး၊ လုံးဝတိကျမှု မရှိသည်ကား သေချာပေသည်။ သမ္မာတရားတစ်ရပ်ကို သင်မသိသေးမီတွင်၊ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးပေ။ တရားဒေသနာ တစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်စွာနားလည်ခြင်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းအထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို အပေါ်ယံသာ နားလည်ခြင်းက ယင်းကို သင်အမှန်တကယ် နားလည်သည် သို့မဟုတ် သိသည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား ယင်းကို တွေ့ကြုံခြင်းမှ လာသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ ထိုအခါမှသာ ယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းများကို သင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ သင်၏အတွေ့အကြုံကို နက်နဲစေခြင်းကသာ သမ္မာတရား၏ ဂယက်အနက်ကို နားလည်သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားနှင့်အတူ မည်သည့်နေရာကိုမဆို သွားနိုင်သော်လည်း၊ သင့်အထဲတွင် သမ္မာတရား မရှိသောအခါ သင်၏မိသားစုဝင်များကိုပင် လက်ခံယုံကြည်စေရန် မစဉ်းစားနှင့်၊ ဘာသာရေးကိုင်းရှိုင်းသော သူများဆို သာ၍ပင် မစဉ်းစားလေနှင့်။ သမ္မာတရားမရှိလျှင် သင်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသော ဆီးနှင်းပွင့်များကဲ့သို့ ဖြစ်သော်လည်း၊ သမ္မာတရားနှင့်ဆိုလျှင် သင်သည် ပျော်ရွှင်လွတ်လပ်နိုင်ကာ မည်သည့်အရာကမျှ သင့်ကို မတိုက်ခိုက်နိုင်ပေ။ သဘောတရားတစ်ရပ်သည် မည်မျှပင် အားကောင်းပါစေ၊ ၎င်းသည် သမ္မာတရားကို အနိုင်မယူနိုင်ပေ။ သမ္မာတရားနှင့်ဆိုလျှင် လောကတစ်ခုလုံးကို ယိမ်းထိုးစေနိုင်ကာ တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့နိုင်သော်လည်း၊ သမ္မာတရား ချို့ငဲ့ခြင်းက ခိုင်ခံ့သော မြို့တံတိုင်းများကို လောက်ထိုးပြီး အုတ်ကျိုးအုတ်ပဲ့ ဖြစ်စေနိုင်သည်။ ယင်းသည် သိသာထင်ရှားသော အမှန်တရား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် အရေးကြီးဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ အခြေခံသဘောတရားများကို ပထမဦးဆုံး သင်သဘောပေါက်ရမည့်အကြောင်းဖြစ်သည် မဟုတ်လော။ အခြေခံသဘောတရားများမှာ အဘယ်နည်း။ အခြေခံသဘောတရားများမှာ သမ္မာတရား၏ လက်တွေ့ကျသော ဘက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းတစ်ကြောင်းကို သင်ဖတ်ရှုသည့်အခါ၊ ယင်းကို သမ္မာတရားဖြစ်သည်ဟု သင်ထင်သော်လည်း၊ ယင်းအတွင်းရှိ အခြေခံသဘောတရားများကို သင်သဘောမပေါက်ပေ။ စာကြောင်းက မှန်ကန်သည်ဟု သင်ခံစားရသော်လည်း၊ မည်သည့်နည်းလမ်းဖြင့် ယင်းက လက်တွေ့ကျသည်၊ သို့မဟုတ် ယင်းက မည်သည့်အခြေအနေကို ဖြေရှင်းဖို့ ရည်ရွယ်သည်ဆိုသည်တို့ကို သင်မသိပေ။ ယင်း၏ အခြေခံသဘောတရားများ၊ သို့မဟုတ် ယင်း၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို သင်သဘောမပေါက်နိုင်ပေ။ သင့်အဖို့၊ သင်သိမြင်သည့် ဤသမ္မာတရားက အယူဝါဒမျှ ဖြစ်သည်။ သို့သော်၊ ထိုစာကြောင်း၏ သမ္မာတရား စစ်မှန်မှုအပြင် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်သည်နှင့်တစ်ပြိုင်နက်- ဤအရာများကို သင်အမှန်တကယ် နားလည်ပြီး အဖိုးအခကို ပေးနိုင်ကာ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ပါက- သမ္မာတရားကို သင်ရရှိလိမ့်မည်။ သမ္မာတရားကို သင်ရရှိသည်နှင့်အမျှ၊ တဖြည်းဖြည်းနှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြေရှင်းခံရပြီး ထိုသမ္မာတရားက သင့်အထဲတွင် အမှုပြုလေသည်။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ၊ ပြီးလျှင် သင်၏တာဝန်ထမ်းဆောင်ခြင်း၊ သင်၏လုပ်ရပ်တိုင်းနှင့် လူတစ်ဦးအဖြစ် သင်၏အပြုအမူတို့သည် ဤသမ္မာတရားနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများတွင် အခြေခံသည့်အခါ၊ သင်သည် ပြောင်းလဲသည် မဟုတ်လော။ အားလုံးထက်၊ သင်သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော တစ်စုံတစ်ဦး ဖြစ်လာပြီးဖြစ်သည်။ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးသည် အခြေခံသဘောတရားဖြင့် ဆောင်ရွက်သည့်‌ တစ်စုံတစ်ဦးနှင့် တူသည် မဟုတ်လော။ ပြီးလျှင် အခြေခံသဘောတရားများဖြင့် ဆောင်ရွက်သည့် တစ်စုံတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးနှင့် တူသည် မဟုတ်လော။ သမ္မာတရားကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလိုနှင့်လည်း ကိုက်ညီနိုင်သည် မဟုတ်လော။ ဤသည်မှာ ဤအရာများ ဆက်နွှယ်ပုံ ဖြစ်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်းနှင့် သတ်မှတ်ထားသော စကားစုများကို အာဂုံဆောင်ခြင်း မဟုတ်ပေ။ ထိုအစား သင်သည် ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ လူသား၏ ပြုမူဆောင်ရွက်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ ဖြစ်ရပ်များအပေါ် အမြင်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း အမှုကိစ္စများ၊ သမ္မာတရားအခြေခံသဘောတရားများ၊ သို့မဟုတ် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ထားရှိသော သဘောထားတို့ပါဝင်နေသရွေ့ လူတိုင်းက ရွေးချယ်မှုတစ်ခုပြုရမည်၊ လူတိုင်း၌ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုရှိရမည်ဟု ဆိုလိုသည်။ ဥပမာ သင်၏ နဂိုမူလ အမြင်က နောင်အချိန်၌ လူတိုင်း ပလဲနံပသင့်စေရန်အတွက် သင်သည် မည်သူ့ကိုမျှ စိတ်မကျေမနပ်ဖြစ်အောင် မလုပ်သင့်ဘဲ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားပြီး တစ်ဦးတစ်ယောက်ကို အရှက်ရစေရန် ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်သည်ဟူ၍ဖြစ်လျှင် ဤအမြင်၏ ကန့်သတ်မှုကို ခံရပြီး သင်သည် လူတစ်ယောက်က မကောင်းသည့်အရာလုပ်သည်ကိုလည်းကောင်း၊ အမှားလုပ်သည်ကိုလည်းကောင်း၊ သို့မဟုတ် အခြေခံစည်းမျဉ်းများကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်သည်ကိုလည်းကောင်း မြင်တွေ့သောအခါ ထိုလူကို ရင်ဆိုင်မည့်အစား ယင်းကို သင်ကိုယ်တိုင်ပင် မှန်ကန်အောင် ပြုလုပ်လိမ့်မည် ဖြစ်သည်။ သင့်အမြင်၏ ကန့်သတ်ခြင်းကို ခံရပြီး တစ်ဦးတစ်ယောက်ကို စိတ်မကျေမနပ်ဖြစ်အောင် ပြုလုပ်ရမည်ကို သင်မကြိုက်ဘဲ ဖြစ်လာသည်။ မည်သူ၏ရှေ့မှောက်၌ သင်ရှိနေသည်ဖြစ်စေ ဂုဏ်သိက္ခာ၊ ခံစားချက်များနှင့် ဆက်ဆံရေးများ၊ သို့မဟုတ် နှစ်များစွာ အပြန်အလှန်ဆက်ဆံပြီးနောက် ကြီးထွားလာသော ခံစားချက်များနှင့်ပတ်သက်သော အတွေးများ၏ ဟန့်တားခြင်းကို ခံရကာ သင်သည် ထိုသူ၏သိက္ခာကို ကာကွယ်ရန်အတွက် အစဉ်သဖြင့် ကောင်းသောအရာများကိုသာ ပြောဆိုလိမ့်မည်။ ကျေနပ်ဖွယ်မရှိဟု သင်သဘောရသည့်အရာများ ရှိသောအခါတွင် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့်အစား ၎င်းတို့၏ နောက်ကွယ်တွင်သာ သင်၏ဒေါသကို ဖွင့်ထုတ်ပြီး တစ်ကိုယ်တည်း အခိုင်အမာပြောဆိုမှုများ ပြုလုပ်သည်။ ဤသို့သော ပြုမူဆောင်ရွက်ပုံကို သင်မည်သို့ထင်မြင်သနည်း။ ချောမွေ့ပြီး လှည့်စားတတ်သော လူ့အကြိုက်လိုက်သူတစ်ယောက်နှင့် မသက်ဆိုင်သလော။ ယင်းသည် အခြေခံစည်းမျဉ်းများကို ချိုးဖောက်သည်။ ဤသို့သောပုံစံဖြင့် ပြုမူခြင်းသည် မနိမ့်ကျသလော။ ဤသို့ပြုမူသောသူတို့သည် လူကောင်းများမဟုတ်သကဲ့သို့ မြင့်မြတ်ခြင်းလည်း မရှိကြပေ။ သင်မည်မျှ ဒုက္ခခံစားရပြီးပါစေ၊ သင်အဖိုးအခပေးဆပ်ပြီးဖြစ်ပါစေ အခြေခံစည်းမျဉ်းများမပါဝင်ဘဲ ပြုမူဆောင်ရွက်လျှင် သင်သည် ကျရှုံးခဲ့ပြီဖြစ်ပြီး ဘုရားသခင်ရှေ့တွင် လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေမည်လည်းမဟုတ်ပေ။ ဤအရာကို နားလည်သဘောပေါက်ပြီးနောက် သင်သည် စိတ်သောကရောက်သလော။ (ရောက်ပါသည်။) သင်ခံစားရသော စိတ်သောကသည် သင့်အနေဖြင့် သမ္မာတရားကို ချစ်ဆဲဖြစ်ကြောင်း၊ သင့်တွင် သမ္မာတရားအပေါ် ချစ်ခြင်းနှလုံးသားရှိကြောင်း၊ သမ္မာတရားကို ချစ်ရန် စိတ်ဆန္ဒတစ်ခုရှိကြောင်းနှင့် သင်၏အသိစိတ်သည် သိမြင်နားလည်လွယ်ဆဲဖြစ်ကြောင်းတို့၏ သက်သေဖြစ်သည်။...သိမြင်နားလည်ခြင်းသည် သင့်အား အမှန်နှင့်အမှားကြား၊ အပြုသဘောနှင့် အပျက်သဘောဆောင်သောအရာများအကြား ခွဲခြားနိုင်သော အရည်အချင်းကို ပေးသည်။ သိမြင်နားလည်မှုနှင့် ပိုင်းခြားသိမြင်မှုကို လက်တွေ့လုပ်ဆောင်ရန် အရည်အချင်းတို့ဖြင့် ထိုကဲ့သို့သော အပျက်သဘောဆောင်သောအရာများကို မုန်းရန်၊ မမှန်ကန်သောအမြင်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းရန် လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးအနေဖြင့် သင့်တွင် အခြေခံအကျဆုံးအရာဖြစ်သော အသိတရားတစ်ခုရှိပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤအသိတရားသည် အလွန်ပင် တန်ဖိုးရှိလှသည်၊ အမှန်နှင့်အမှားကြား ခွဲခြားနိုင်သည့် အရည်အချင်းသည်လည်း ထိုနည်းတူ တန်ဖိုးရှိလှပြီး ဖြောင့်မတ်ခြင်းနှင့် အပြုသဘောဆောင်သောအရာများကို ချစ်သော လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခု ရှိခြင်းသည်လည်း အလားတူပင် တန်ဖိုးရှိလှ၏။ ဤအရာတို့သည် အဖိုးတန်ဆုံးသောအရာများဖြစ်သည်— ဤအရာတို့သည် လူတစ်ယောက် ပိုင်ဆိုင်နိုင်သည့် အလိုလားအပ်ဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာသုံးခုဖြစ်သည်။ ယင်းတို့ကို ပိုင်ဆိုင်ပြီးသည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ လောလောဆယ် ဒုတိယနှစ်ခုကို ဖယ်ထားကြစို့။ သင့်တွင် သိမြင်နားလည်မှုရှိသည့် အသိစိတ်တစ်ခုရှိသရွေ့ နှောင့်ယှက်ဖျက်ဆီးမှုဖြစ်သော မကောင်းမှုလုပ်ရပ်တစ်ခုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သည့် ကောက်ကျစ်သူတစ်ယောက်သည် သင့်တွင်ရှိသော ခံစားချက်များနှင့် ထင်မြင်ချက်များကို နိုးဆွစေမည်လော။ (နိုးဆွစေပါမည်။) သင့်တွင် ထင်မြင်ချက်များ၊ ခံစားချက်များရှိလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အခြေခံအကျဆုံး သတ်မှတ်ချက်များထဲမှ တစ်ခုနှင့် သင်ကိုက်ညီပြီဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သောအရာသည် မကောင်းသောလုပ်ရပ်တစ်ခုဖြစ်သည်ဟု သင်တွေ့မြင်ခံစားနိုင်ပြီး အရေးယူရန်အတွက် သင်ရှေ့တိုးလုပ်ဆောင်လျှင် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ (ဤလုပ်ရပ်များကို ဖော်ထုတ်ခြင်း၊ တင်ပြခြင်းနှင့် တားဆီးခြင်းတို့ ဖြစ်ပါသည်။) ဟုတ်သည်။ ဤသို့သောအမှုအရာများပေါ်ပေါက်လာပြီး သင်က အခြေခံစည်းမျဉ်းများနှင့်အညီ သင်၏တာဝန်ကိုထမ်းဆောင်လျှင် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်” မှ

သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိပါက၊ သင့်အသက်တာ၌ ဖြစ်ပျက်သမျှ အရာအားလုံးတွင်၊ သင်ထိတွေ့ဆက်ဆံသည့် လူတိုင်းတွင်၊ ပြီးလျှင် သင့်ကို ဘုရားသခင်ပေးအပ်သည့် အလုပ်အားလုံးတွင် ယင်းကို သင်နားလည်သည့် သမ္မာတရားများနှင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရမည်။ တစ်နည်းအားဖြင့်ဆိုလျှင် တစ်စုံတစ်ခုဖြစ်သည့်အခါ၊ မည်သည့်နည်းလမ်းများဖြင့် သင်ပြုမူသင့်သနည်း၊ အဘယ်အရာက အယူအဆဆိုင်ရာ အခြေခံအုတ်မြစ်နှင့် သင်၏ တည်ရှိမှုအတွက် အခြေခံအကြောင်းရင်း ဖြစ်သင့်သနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖြစ်ပေ၏။ ဥပမာအနေဖြင့် သင်သည် တာဝန်တစ်ခု ပေးအပ်ခြင်းခံရသည်ဆိုပါစို့— ယင်းကို သင်ထမ်းဆောင်သည့် နည်းလမ်း၌ သင်လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းတစ်ခု သင်၌ ရှိရမည်၊ ယင်းက သမ္မာတရား၏ အယူအဆ၌ အခြေခံအကြောင်းအရင်းကို ဦးစွာလိုအပ်သည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်ရန် ဤတာဝန်ကို မည်သို့ဆောင်ရွက်သင့်သနည်း။ သင်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ဖြစ်၍ မရပေ။ မလှုပ်မယှက် ငြိမ်နေသည့် ရှုထောင့်အရဆိုလျှင် ဤသည်မှာ ယုတ်စွအဆုံး အထမြောက်သင့်သည့် အရာဖြစ်သည်။ ဥပမာအနေဖြင့် သင်သည် ပန်းကန်များဆေးနေသည် ဆိုပါစို့။ ဤသည်မှာ သင်လက်ခံထားသည့် တာဝန်တစ်ခုဖြစ်သည်။ သင်က ပန်းကန်တစ်ချပ်ချင်းစီကို ခပ်သွက်သွက် ရေကျင်းသည်၊ ထို့နောက်တွင် ရပ်လိုက်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးဖြစ်သည်ဟု သင်ထင်သည်။ ပန်းကန်များကို သင်ဆေးပြီးဖြစ်သည်။ ထိုပန်းကန်များကို သန့်ရှင်းအောင် သင်ရေကျင်းပြီးဖြစ်သည်ကိုး။ သို့ဆိုလျှင် ယင်းတို့ကို ဆေးကြောနေစဉ်တွင် မည်သည့်အရာကို သင်တွေးနေခဲ့သနည်း။ ပန်းကန်ဆေးကြောခြင်းအတွက် သင်၏အခြေခံသဘောတရားမှာ အဘယ်နည်း။ ဤအရာကို လုပ်ဆောင်နေစဉ် အခြေခံသဘောတရားတစ်ခုကို သင်လိုက်နာပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် သင်၏တာဝန်ဖြစ်သည့် လုပ်ငန်းဆောင်တာတစ်ခုကို ပေးအပ်ခြင်းခံရသည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေဖို့အလို့ငှာ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ယင်းတွင် အခြေခံသဘောတရား ရှိသလော။ အဆိုပါ အခြေခံသဘောတရားသည် အယူအဆဆိုင်ရာ အခြေခံအကြောင်းရင်း ဖြစ်သည်။ ပထမဦးစွာ သင်သည် မပေါ့ဆသင့်သကဲ့သို့၊ ဝတ်ကျေတမ်းကျေ မပြုသင့်ပေ။ ဦးစွာ ဤအခြေခံသဘောတရားကို လိုက်နာလော့။ မပေါ့ဆရန်၊ သို့မဟုတ် ဝတ်ကျေတမ်းကျေမပြုရန်အလို့ငှာ၊ သင်၏စိတ်ထဲတွင် အဘယ်အရာကို တွေးတောနေသင့်သနည်း၊ အဘယ်အရာကို သင်လုပ်သင့်သနည်း။ အဆင့်အချို့ရှိပေ၏။ ပန်းကန်များက ညစ်ပတ်ပြီး အဆီများ ဝေ့နေကြောင်း၊ ရေကျင်းရုံမျှဖြင့် မလုံလောက်ကြောင်းကို သင်တွေ့ရသည်။ ယင်းတွင် ဘက်တီးရီးယားများရှိနိုင်သည်၊ ထို့ကြောင့် ဘက်တီးရီးယားများကို သတ်ရန် ပန်းကန်ဆေးဆပ်ပြာရည်ကို အသုံးပြုရမည်၊ သန့်ရှင်းသွားအောင် ပန်းကန်ကို အကြိမ်အနည်းငယ် ရေကျင်းပေးရမည်ဖြစ်ပြီး နှံ့နှံ့စပ်စပ် စစ်ဆေးရမည် ဖြစ်သည်။ ဤအရာမှာ ပေါ့ဆခြင်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်း မဟုတ်ပေ။ ဤအရာမှာ သင်၏စိတ်ထဲတွင် အခြေခံသဘောတရားရှိခြင်းနှင့် ထိုအခြေခံသဘောတရားအရ အမှုကိစ္စများကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ပန်းကန်ပေါ်တွင် ဆီများ၊ သို့မဟုတ် ဘက်တီးရီးယားများ ရှိမရှိကို လျစ်လျူရှုပြီး “ငါ့ကို လုပ်ခိုင်းခြင်းဖြစ်၍ ငါလုပ်လိုက်မည်— ထိုအရာကို ငါလုပ်သရွေ့ ငါသည် ပေါ့ဆနေခြင်း မဟုတ်သကဲ့သို့၊ ဝတ်ကျေတမ်းကျေ ပြုနေခြင်းလည်း မဟုတ်” ဟု မိမိဘာသာတွေးလျက် ပန်းကန်ကို တစ်ချက်မျှသာ ခပ်မြန်မြန်ဝေ့ကြည့်ပြီး ရေကျင်းလိုက်ကာ ထိုအလုပ်ကို ချထားလိုက်၍မရ။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ၊ ဤအရာမှာ အားအင်အချို့ကို ထိထိရောက်ရောက် အသုံးချခြင်း၊ အစေခံမှုပေးခြင်း၊ ကာယအားအင်လုံးလုံးဖြင့် ပင်ပန်းကြီးစွာ လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ သင်သည် ပန်းကန်းများ ဆေးကြောပြီးဖြစ်သည်။ ယင်းက သမ္မာတရားကို သင်မလုပ်ဆောင်ခြင်း မည်သို့ဖြစ်ရသနည်း။ ဤအရာက “အားအင်အချို့ကို ထိထိရောက်ရောက် အသုံးချခြင်း” မျှသာ မည်သို့ဖြစ်လာရသနည်း။ သင်သည် အခြေခံသဘောတရားအရ မပြုမူပါက၊ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်၊ သမ္မာတရား အခြေခံသဘောတရားများကို မလိုက်နာဘဲ လုပ်ငန်းဆောင်တာအား လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ သင်၏စိတ်နှလုံးတွင် အခြေခံသဘောတရား မရှိပေ၊ သင်သည် သင်၏လိုအင်ဆန္ဒ၊ စိတ်နေစိတ်ထား၊ စိတ်ခံစားချက်များ၊ စိတ်ကူးများနှင့် ထင်မြင်ချက်တို့ကို အခြေခံ၍ ပြုမူခြင်း ဖြစ်သည်။ “ထိုအရာကို ငါအမြန်ရေကျင်းလိုက်မည်၊ ထိုမျှသာဖြစ်သည်— ပန်းကန်ဆေး ဆပ်ပြာရည်ကို အဘယ့်ကြောင့် သုံးရမည်နည်း။ ယင်းမှာ ဘက်တီးရီးယားများ မရှိ၊ သုံးသာသုံးလိုက်ပါ။ မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်။” ယင်းမှာ သင်၏ထင်မြင်ချက် မဟုတ်သလော။ သင်သည် ထိုနည်းဖြင့် တွေးသောကြောင့် သင်၏ကိုယ်ပိုင် ထင်မြင်ချက်များအရ သင်ပြုမူသည်— ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ချေ။ သမ္မာတရား အခြေခံသဘောတရားများအရ ပြုမူဖို့ရာ သင့်အနေဖြင့် “ငါပေါ့ဆ၍ မဖြစ်သကဲ့သို့ ဝတ်ကျေတမ်းကျေပြု၍လည်း မဖြစ်၊ အခြေခံသဘောတရားမှာ ထိုပန်းကန်ကို သန့်ရှင်းအောင် ဆေးကြောပြီး ဘက်တီးရီးများကို သတ်ဖို့ဖြစ်ရမည်၊ သို့မှသာလျှင် ယင်းမှာ လူများအသုံးပြုဖို့ ဘေးကင်းပြီး သန့်ရှင်းစင်ကြယ်လိမ့်မည်” ဟု မိမိဘာသာ တွေးတောရမည်။ ဤသည်မှာ အခြေခံသဘောတရားဖြစ်ပြီး ဤအခြေခံသဘောတရားကို အခြေပြု၍ အရာအားလုံးကို သင်လုပ်ဆောင်ပါက၊ သင်သည် ပေါ့ဆမည် မဟုတ်သကဲ့သို့ ဝတ်ကျေတမ်းကျေလည်း မပြုဘဲ လုံ့လဝီရိယရှိလိမ့်မည်ဖြစ်ပြီး အစွမ်းကုန် ကြိုးစားလိမ့်မည်ဖြစ်သည်၊ ထိုအခြေအနေဖြစ်လာပါက သင်သည် သင်၏တာဝန်ကို သင်၏စိတ်နှလုံးအကြွင်းမဲ့နှင့် ဉာဏ်စွမ်းရှိသမျှဖြင့် လိုက်နာဆောင်ရွက်လိမ့်မည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည်သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်” မှ

သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ရန် အတိအကျအားဖြင့် မည်သည့်အရာများသည် စံနှုန်းများ ဖြစ်သနည်း။ သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိကို မည်သို့တိုင်းတာပြီး သတ်မှတ်သနည်း။ ဘုရားသခင်သည် သင့်အား သူ၏နှုတ်ကပတ်တော်များကိုနားထောင်ပြီး လက်ခံသောသူ ဟုတ်မဟုတ်ကို မည်ကဲ့သို့စိစစ်သနည်း။ သင်သည် သူ့ကိုယုံကြည်ပြီး တရားဒေသနာများ နားထောင်ခဲ့သည့်အချိန်တွင် သင်၏အတွင်းပိုင်းအခြေအနေ၊ သူ့အပေါ်သင်၏မနာခံခြင်းနှင့် သင်၏ဖောက်ပြန်သော စိတ်သဘောထား၏ အမျိုးမျိုးသောလက္ခဏာ သဘောသဘာဝအတွင်း၌ ပြောင်းလဲမှုတစ်စုံတစ်ရာရှိသည် မရှိသည်ကို သူကြည့်ရှုသည်။ သင်သည် ဤအရာများအား သမ္မာတရားနှင့် အစားထိုးခြင်းရှိမရှိနှင့် သင်၏ အပြင်ပန်း အပြုအမူနှင့် လုပ်ဆောင်ချက်များ သို့မဟုတ် သင့်နှလုံးသား၏ နက်နဲသောနေရာရှိ သင်၏ဖောက်ပြန်သော စိတ်သဘောထား၏ သဘောသဘာဝအား ပြုပြင်ခြင်း ရှိမရှိကို သူကြည့်ရှုသည်။ ဤအရာများနှင့်အညီ သင့်ကို ဘုရားသခင်တိုင်းတာ၏။ ဤနှစ်‌ပေါင်းများစွာ တရား‌ဒေသနာများကိုနားထောင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခဲ့ပြီးနောက် သင်၏ပြောင်းလဲမှုများသည် အပေါ်ယံသက်သက်လော၊ သို့မဟုတ် ပဓာနကျသော ပြောင်းလဲမှုများလော။ သင်၏စိတ်သဘောထား၌ ပြောင်းလဲမှုများရှိပြီးပြီလော။ ဘုရားသခင်အကြောင်း သင်၏နားလည်မှုမှားယွင်းခြင်းများ၊ ဘုရားသခင်အပေါ် သင်၏မနာခံခြင်းများနှင့် သင့်အား ဘုရားသခင် အပ်နှံသည့်တာဝန်များနှင့် လုပ်ငန်းများကို သင်ချဉ်းကပ်ပုံ ပြောင်းလဲပြီးပြီလော။ ဘုရားသခင်ကိုဆန့်ကျင်သည့် သင်၏မနာမခံခြင်းသည် လျော့နည်းခဲ့ပြီလော။ တစ်စုံတစ်ခုဖြစ်ပြီး သင်သည် ဘုရားသခင်အား နာခံခြင်းမရှိကြောင်း ဖော်ထုတ်ခံရသည့်အခါ မိမိကိုယ်ကိုယ် အလေးအနက် ဆင်ခြင်နိုင်သလော။ သင်သည် နာခံနိုင်စွမ်း ရှိသလော။ သင့်အား ဘုရားသခင် ယုံကြည်ပြီး စေခိုင်းသည့်လုပ်ငန်းများနှင့် အပ်နှံသည့်တာဝန်များအပေါ် ပို၍သစ္စာရှိလာပြီလော။ ပြီးလျှင် ဤသစ္စာရှိမှုသည် စင်ကြယ်သလော။ တရားဒေသနာများ သင်နားထောင်နေခဲ့စဥ်တွင် သင့်၏ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ကြံရွယ်ချက်တို့သည် သန့်ရှင်းစင်ကြယ်စေခြင်း ခံရပြီးပြီလော။ ဤအရာများသည် တိုင်းတာဖို့အတွက် စံနှုန်းများ မဟုတ်ပေဘူးလော။ ထို့အပြင် သင်သည် သင်၏နဂိုမူလအယူအဆများ၊ မရေရာ၍ စိတ်ကူးသက်သက်ဖြစ်သော စိတ်ကူးယဉ်ချက်များနှင့် သုံးသပ်ချက်များအား ဖက်တွယ်နေသေးသလော။ သင်၌ မကျေနပ်မှုများနှင့် အပျက်သဘောဆောင်သည့်ခံစားချက်များ ရှိနေသေးသလော။ ဤအရာများနှင့်ပတ်သက်၍ ပြောင်းလဲမှုရှိပြီးပြီလော။ ဤလက္ခဏာများ၌ မည်သည့်ပြောင်းလဲမှုမျှမရှိသေးလျှင် သင်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သနည်း။ ဤအရာသည် သင်သည် သမ္မာတရားကို လက်တွေ့မကျင့်သုံးသူဖြစ်ကြောင်း အမှန်တရားတစ်ခုကို သက်သေပြပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာစိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိနိုင်သည်” မှ

များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူများအချို့ ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု အသိအမှတ် မပြုပေ။ သင် လုပ်ဆောင်သမျှတိုင်းသည် နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းရင်းရှိပြီး၊ ရောနှောနေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သင်သည် အပေါ်ယံ အပြုအမူကို ပြသခြင်းသက်သက် ဖြစ်သည်။ အတိအကျဆိုပါက သင်၏ အပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံကောင်းခံရမည်၊ ယင်းသည် သူ၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို ဆက်လက်၍ ခွဲစိတ်လေ့လာပါက၊ သင်သည် မကောင်းမှုကို ပြုလျက်နေပြီး သင်၏အပြုအမူသည် ဘုရားသခင်ကို ဆန့်ကျင်လျက်ရှိ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတစ်လေကို အမှန်တကယ် ထိခိုက်စေခြင်း သို့မဟုတ် ချိုးဖောက်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသော်လည်း၊ သင်၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သက်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင်၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူသား၏ စိတ်ကူးနှင့် လူသား ရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းရှိ မရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိ မရှိနှင့်သက်ဆိုင်သည့် လူသား အမြင်တစ်ခုအပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရား လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာမျှ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတစ်လေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ၊ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်သည် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် စောစောထပြီး နောက်ကျအိပ်ရာဝင်လျက် တစ်နေတာလုံး ပြေးလွှားသော်လည်း၊ သင်၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို သင် မရရှိသေးသကဲ့သို့၊ ထိုသို့သော အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ပါဝင်သည်ကို သင် သဘောမပေါက်နိုင်ပေ။ ဤအရာက သင်၏ ဝင်ရောက်မှုသည် ပေါ့တန်လွန်းခြင်းကို ဆိုလိုသည်မဟုတ်လော။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းကို ရရှိခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်ဖို့ အနှစ်သာရနှင့် နက်ရှိုင်းသော အရာများကို သိကောင်းသိမည်မဟုတ်ပေ။ ယင်းက သင်၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည်၊ မချီးမွမ်းမည်ကို သင်တို့ မည်သို့ သိရှိသနည်း။ အနည်းဆုံးအနေဖြင့်၊ သင် လုပ်ဆောင်သည့် အရာတိုင်းနှင့်စပ်လျဉ်း၍ ထူးထူးခြားခြား တည်ကြည်ခိုင်မာလာသည်ကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး၊ သင်၏ တာဝန်များကို ဖြည့်ဆည်းနေစဉ်တွင်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နေစဉ်တွင် သို့မဟုတ် ပုံမှန်အားဖြင့် ရှိနေစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြနေပြီး အသိဉာဏ် ပွင့်လင်းနေစေကာ သင့်အထဲတွင် အလုပ်လုပ်နေသည်ကို သင် ခံစားရလိမ့်မည်။ သင်၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဒွန်တွဲလျက် အံကိုက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အတွေ့အကြုံ အတိုင်းအတာတစ်ခု သင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ အတိတ်က သင် ပြုမူခဲ့သည့်ပုံသည် အတော် သင့်တော်သည်ကို သင် ခံစားရလိမ့်မည်။ သို့သော် အချိန်ကာလတစ်ခုကြာ အတွေ့အကြုံ ရရှိပြီးနောက်တွင်၊ အတိတ်က သင် လုပ်ဆောင်ခဲ့သည့် အရာများထဲမှ အချို့သည် မသင့်တော်သကဲ့သို့၊ ယင်းတို့နှင့် ပတ်သက်၍ သင် စိတ်ကျေနပ်မှုမရှိခဲ့သည်ကို သင် ခံစားရပြီး၊ သင် လုပ်ဆောင်ခဲ့သည့်အရာများတွင် ဧကန်အမှန် သမ္မာတရားမရှိခဲ့ဟု ခံစားရပါက၊ ဤအရာက သင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းသည် ဘုရားသခင်ကို ခုခံရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သက်သေပြပေသည်။ ယင်းမှာ သင်၏ အစေခံခြင်းသည် ပုန်ကန်မှု၊ ခုခံမှုနှင့် လူသား ပြုမူသည့် နည်းလမ်းများဖြင့် ပြည့်နေသည့် အထောက်အထား ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သမ္မာတရားကို အားမထုတ်ပါက၊ မည်သည့် ပြောင်းလဲမှုမျှမရှိဘဲ ဆယ်နှစ်ကြာ သင် ယုံကြည်ခဲ့နိုင်ပေသည်။ နောက်ဆုံးတွင်၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဟု ဆိုလိုသည့်အရာ အတိအကျဖြစ်သည်ဟု သင် တွေးမိလိမ့်မည်ဖြစ်သည်။ သင်သည် ယခင်က လောကတွင် မည်သို့ သင် အသက်ရှင်နေခဲ့သည်၊ ပြီးလျှင် အသက်ရှင်ခြင်းသည် အဓိပ္ပာယ်မဲ့သည်ဆိုသမျှလောက်နီးနီး ယင်းကို စဉ်းစားလိမ့်မည်ဖြစ်သည်။ ဤအရာက သမ္မာတရားမရှိပါက၊ ဘဝက အနှစ်သာရမဲ့သည်ကို အမှန်တကယ် ပြသပေသည်။ သင်သည် အယူဝါဒနှင့်သက်ဆိုင်သည့် စကားအချို့ကို ပြောကောင်းပြောနိုင်မည် ဖြစ်သော်လည်း၊ သင်သည် သက်သောင့်သက်သာ ခံစားရဦးမည် မဟုတ်သကဲ့သို့ စိတ်ပူလိမ့်ဦးမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာအချို့ရှိကြပါက၊ အဓိပ္ပာယ်ရှိသော အသက်တာကို မည်သို့ အသက်ရှင်ရမည်ကို သိရှိကြပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် အရာတစ်ချို့ကို လုပ်ဆောင်နိုင်ကြပါက၊ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်၊ ဤသို့ အသက်ရှင်ခြင်းအားဖြင့်သာ ၎င်းတို့ အသက်တာများသည် အဓိပ္ပာယ်ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်မှု အနည်းငယ် ယူဆောင်ပေးပြီး ဝမ်းမြောက်စေဖို့အလို့ငှာ၊ ဤသို့ ၎င်းတို့ အသက်ရှင်ရမည်ဟု ခံစားကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သတိရှိရှိ စိတ်ကျေနပ်စေနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ မိမိတို့ကိုယ်ကိုယ် စွန့်လွတ်နိုင်ပါက၊ မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများကို စွန့်ပစ်ပြီး ဘုရားသခင်၏ အလိုအပေါ် နာခံနိုင်ကာ အရေးထားနိုင်ပါက- ဤအရာအားလုံးကို ၎င်းတို့ သတိရှိရှိ လုပ်ဆောင်နိုင်ကြပါက- ဤသည်မှာ သမ္မာတရားကို မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို စစ်မှန်ရိုးသားစွာ လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသောအရာဖြစ်ပြီး၊ ဤသည်မှာ ယခင်က ၎င်းတို့၏ စိတ်ကူးစိတ်သန်းများအပေါ် မှီခိုခြင်းနှင့် အယူဝါဒများ၊ စည်းမျဉ်းများကို ၎င်းတို့၏ တွယ်ကပ်ခြင်းနှင့် အလွန်ခြားနားပေသည်။ တကယ့်အမှန်တွင်၊ သမ္မာတရားကို ၎င်းတို့ နားမလည်သည့်အခါ၊ မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့သည် ခြေကုန်လက်ပန်းကျစရာဖြစ်သည်၊ အယူဝါဒများနှင့် စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာဖို့မှာ ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ပန်းတိုင်များ မရှိသကဲ့သို့ အမှုအရာများကို ကျိုးကြောင်းမမြင်ဘဲ လုပ်ဆောင်ဖို့ဆိုသည်မှာ ခြေကုန်လက်ပန်းကျစရာ ဖြစ်ပေသည်။ သမ္မာတရားဖြင့်သာ ၎င်းတို့ လွတ်မြောက်နိုင်သည်- ဤသည်မှာ မုသားမဟုတ်- ပြီးလျှင် ယင်းနှင့်အတူ အမှုအရာများကို ၎င်းတို့ အလွယ်တကူနှင့် ပျော်ရွှင်စွာ လုပ်ဆောင်နိုင်သည်။ ဤအခြေအနေမျိုးကို ပိုင်ဆိုင်သောသူတို့သည် သမ္မာတရားကို ပိုင်ဆိုင်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားများ အသွင်ပြောင်းလဲပြီးသော သူများ ဖြစ်ကြပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။