သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ အလို့ငှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည့်နည်းလမ်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်း ရှိရုံမျှသာ မဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။ သို့ဆိုလျှင် အသက်တာ၌ ဝင်ရောက်မှု အကြောင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသနည်း။ ကိုယ်တော်သည် ပြောင်းလဲခြင်းအကြောင်းကို အဘယ်ကြောင့် ပြောဆိုသနည်း။ အကယ်၍ လူတို့သည် စစ်မှန်မှုအကြောင်း အနှစ်သာရမဲ့ ဟောပြောရုံမျှသာ စွမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုအား ရရှိနိုင်ပါမည်လော။ နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမှတ်ယူလေနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤကဲ့သို့မဟုတ်ပေ၊ ယင်းသည် လူသားများ၏ ဖြည့်ဆည်းပေးမှု တစ်ခုမျှ မပါဝင်သော ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပေသည်။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံရမည် ဖြစ်ပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် ၎င်းတို့အသက်ရှင် နေထိုင်သည့် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယင်းကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်၏။ စစ်မှန်မှုအကြောင်းကို သင် ပြောဆိုနိုင်ရုံသက်သက်ဖြင့် စစ်မှန်မှုကို သင် ပိုင်ဆိုင်သည်ဟု မထင်မှတ်လေနှင့်။ ဤသည်မှာ အထင်အမြင်မှားခြင်း ဖြစ်၏။ ထိုအတွေးများသည် ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသည့်အပြင်၊ ယင်းတွင် တကယ့် အရေးပါမှု မရှိပေ။ နောင်တွင် ထိုကဲ့သို့သောအရာများကို မပြောလေနှင့်၊ ထိုကဲ့သို့သော အပြောအဆိုများကို အဆုံးသတ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှားယွင်းစွာ သိနားလည်ကြသူများ အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့၌ စစ်မှန်သော သိခြင်း တစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု သာ၍ နည်း၏၊ ၎င်းတို့သည် စစ်မှန်မှု မရှိသည့် ပညာမဲ့သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရ အပြင်ဘက်တွင် နေထိုင်သူများသည် မယုံကြည်သူများ ဖြစ်ကြ၏။ လူတို့က မယုံကြည်သူများဟု မှတ်ယူခံရသော သူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး၊ ဘုရားသခင်က မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ရန် ပျက်ကွက်သူများသည် မယုံကြည်သူများ ဖြစ်ကြသည်ဟု ဆိုနိုင်၏။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတိုင်း ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ စစ်မှန်မှုအကြောင်းကို လူတိုင်း ပြောစေရန်သာ မဟုတ်ဘဲ၊ ထို့ထက်ပို၍ ကိုယ်တော်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို လူတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် အရေးကြီးဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ အခြေခံသဘောတရားများကို ပထမဦးဆုံး သင်သဘောပေါက်ရမည့်အကြောင်းဖြစ်သည် မဟုတ်လော။ အခြေခံသဘောတရားများမှာ အဘယ်နည်း။ အခြေခံသဘောတရားများမှာ သမ္မာတရား၏ လက်တွေ့ကျသော ဘက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းတစ်ကြောင်းကို သင်ဖတ်ရှုသည့်အခါ၊ ယင်းကို သမ္မာတရားဖြစ်သည်ဟု သင်ထင်သော်လည်း၊ ယင်းအတွင်းရှိ အခြေခံသဘောတရားများကို သင်သဘောမပေါက်ပေ။ စာကြောင်းက မှန်ကန်သည်ဟု သင်ခံစားရသော်လည်း၊ မည်သည့်နည်းလမ်းဖြင့် ယင်းက လက်တွေ့ကျသည်၊ သို့မဟုတ် ယင်းက မည်သည့်အခြေအနေကို ဖြေရှင်းဖို့ ရည်ရွယ်သည်ဆိုသည်တို့ကို သင်မသိပေ။ ယင်း၏ အခြေခံသဘောတရားများ၊ သို့မဟုတ် ယင်း၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို သင်သဘောမပေါက်နိုင်ပေ။ သင့်အဖို့၊ သင်သိမြင်သည့် ဤသမ္မာတရားက အယူဝါဒမျှ ဖြစ်သည်။ သို့သော်၊ ထိုစာကြောင်း၏ သမ္မာတရား စစ်မှန်မှုအပြင် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်သည်နှင့်တစ်ပြိုင်နက်- ဤအရာများကို သင်အမှန်တကယ် နားလည်ပြီး အဖိုးအခကို ပေးနိုင်ကာ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ပါက- သမ္မာတရားကို သင်ရရှိလိမ့်မည်။ သမ္မာတရားကို သင်ရရှိသည်နှင့်အမျှ၊ တဖြည်းဖြည်းနှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြေရှင်းခံရပြီး ထိုသမ္မာတရားက သင့်အထဲတွင် အမှုပြုလေသည်။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ၊ ပြီးလျှင် သင်၏တာဝန်ထမ်းဆောင်ခြင်း၊ သင်၏လုပ်ရပ်တိုင်းနှင့် လူတစ်ဦးအဖြစ် သင်၏အပြုအမူတို့သည် ဤသမ္မာတရားနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများတွင် အခြေခံသည့်အခါ၊ သင်သည် ပြောင်းလဲသည် မဟုတ်လော။ အားလုံးထက်၊ သင်သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော တစ်စုံတစ်ဦး ဖြစ်လာပြီးဖြစ်သည်။ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးသည် အခြေခံသဘောတရားဖြင့် ဆောင်ရွက်သည့် တစ်စုံတစ်ဦးနှင့် တူသည် မဟုတ်လော။ ပြီးလျှင် အခြေခံသဘောတရားများဖြင့် ဆောင်ရွက်သည့် တစ်စုံတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးနှင့် တူသည် မဟုတ်လော။ သမ္မာတရားကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလိုနှင့်လည်း ကိုက်ညီနိုင်သည် မဟုတ်လော။ ဤသည်မှာ ဤအရာများ ဆက်နွှယ်ပုံ ဖြစ်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

သမ္မာတရား၏ လက်တွေ့ကျခြင်း၏ မည်သည့်ရှုထောင့်ကို သင်ကြားဖူးသည် ဖြစ်ပါစေ၊ အကယ်၍ သင်သည် သင့်ကိုယ်သင် ၎င်းနှင့်နှိုင်းယှဉ်ပါက၊ သင်၏အသက်တာတွင် ဤနှုတ်ကပတ်တော်များကို ကျင့်သုံးပြီး သင်၏လက်တွေ့လုပ်ဆောင်မှုထဲ၌ ထည့်သွင်းပါက တစ်စုံတစ်ခုကို သေချာပေါက်ရပြီး သေချာပေါက် ပြောင်းလဲမည် ဖြစ်သည်။ အကယ်၍ သင်သည် ဤနှုတ်ကပတ်တော်များကို သင်၏ ဝမ်းဗိုက်အတွင်း သွတ်သွင်းပြီး သင်၏ဦးနှောက်ထဲ၌ ၎င်းတို့ကို အလွတ်ကျက်မှတ်ပါက သင်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ တရားဒေသနာများကို နားထောင်နေစဉ်တွင်၊ သင်သည် ဤသို့ တွေးဆသင့်၏- “ဤစကားများသည် မည်သည့်အခြေအနေမျိုးကို ရည်ညွှန်းနေသနည်း။ ယင်းတို့သည် အနှစ်သာရ၏ မည်သည့် သွင်ပြင်လက္ခဏာကို ရည်ညွှန်းနေကြသနည်း။ မည်သည့် ကိစ္စတွင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ငါ အသုံးပြုသင့်သနည်း။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့် ဆက်နွှယ်သည့် တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့် အခါတိုင်း၊ ငါသည် ယင်းနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ ယင်းကို ငါ လက်တွေ့ လုပ်ဆောင်သည့်အခါ၊ ငါ၏ အခြေအနေသည် ဤနှုတ်ကပတ်တော်များနှင့် ကိုက်ညီနေခြင်းရှိသလော။ မကိုက်ညီပါက၊ ကျွန်ုပ် ရှာဖွေသင့်သလော၊ မိတ်သဟာယပြုသင့်သလော သို့မဟုတ် စောင့်ဆိုင်းသင့်သလော။” သင်တို့၏ အသက်တာများတွင် ဤပုံစံဖြင့် သင်တို့ လက်တွေ့လုပ်ဆောင်ကြသလော။ သင်တို့ ဤပုံစံဖြင့် လက်တွေ့မလုပ်ဆောင်ပါက၊ သင်တို့၏ အသက်တာသည် ဘုရားသခင်မရှိသကဲ့သို့ သမ္မာတရားမရှိပေ။ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒများအတိုင်း သို့မဟုတ် သင်တို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ စိတ်ချယုံကြည်မှုနှင့် စိတ်အားထက်သန်မှုအတိုင်း အသက်ရှင်ပေသည်။ သမ္မာတရားကို လက်တွေ့အရှိတရားအဖြစ် မပိုင်ဆိုင်သောသူတို့သည် လက်တွေ့အရှိတရား မရှိသောသူများဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် မရှိကြသည့် လူများသည် သူ၏ နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ကြသေးသည့် လူများ ဖြစ်သည်။ ငါ ပြောနေသည့်အရာကို သင်တို့ နားလည်ကြသလော။ သင်တို့ နားလည္ပါက အကောင်းဆုံးဖြစ်သော်လည်း၊ ယင်းတို့နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုက မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သင် ကြားပြီးသည့်အရာနှင့်ပတ်သက်၍ သင် မည်မျှ သဘောပေါက်ပြီးသည်ဖြစ်စေ၊ အရေးပါသော အရာမှာ သင်သည် သင် သဘောပေါက်ပြီးသည့်အရာကို သင့် အသက်တာထဲသို့ အစပျိုးနိုင်သကဲ့သို့ ယင်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုအခါမှသာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားနိုင်လိမ့်မည်ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

သမ္မာတရား လက်တွေ့သရုပ်မှန်ထဲသို့ ဝင်ရောက်ခြင်းသည် လွယ်ကူရိုးစင်းသောကိစ္စမဟုတ်ပါ။ အဓိကသော့ချက်မှာ သမ္မာတရား ကိုကြိုးစားရှာဖွေခြင်းနှင့် သမ္မာတရားကိုလက်တွေ့ကျင့်သုံးခြင်း၌ အာရုံစူးစိုက်ရန်ဖြစ်သည်။ ဤအရာများကို သင့်စိတ်နှလုံးထဲ၌ သင်နေ့စဉ် စွဲကိုင်ထားရမည်။ သင်သည် မည်သည့်ပြဿနာများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင်အကျိုးအမြတ်ကို အမြဲတမ်းကာကွယ်ခြင်း မပြုလေနှင့်။ ယင်းအစား သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ လေ့လာသင်ယူလော့။ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးမှုများ ဖော်ပြနေသည်ဖြစ်စေ မစစ်ဆေးဘဲ မနေလေနှင့်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဆင်ခြင်သုံးသပ်ပြီး သိမှတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ နေ့စဉ် အခြေအနေများတွင် သင်၏ အတွေးတို့သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား မည်သို့ဖြေရှင်းရမည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရား၏ အခြေခံသဘောတရားတို့သည် မည်သည်တို့ဖြစ်သည် ဆိုသည်တို့အပေါ်တွင် ရှိနေလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်အညီ သင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့အသုံးပြုရမည်ကို သင်ယူလေ့လာနိုင်စွမ်းရှိသည်။ ဤသို့ ပြုခြင်းအားဖြင့် သင်သည် လက်တွေ့အရှိတရားထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည်။ သင်၏စိတ်သည် ပိုမိုမြင့်မားသောအဆင့်ကို မည်သို့ရရှိရမည် သို့မဟုတ် သင့်ကို အခြားသူများက သဘောကျစေရန် သူတို့ရှေ့၌ မည်သည့်အရာ ပြုလုပ်ရမည်ဟူသည့် အတွေးများနှင့် ပြည့်နှက်နေပါက၊ သင်သည် လမ်းမှားပေါ် ရောက်နေသည်။ ယင်းက သင်သည် စာတန်အတွက် အမှုအရာများ လုပ်ဆောင်နေသည်၊ သင်သည် အစေခံနေသည်ကို ဆိုလိုသည်။ အကယ်၍ သင်၏ စိတ်က သင်သည် လူသားတစ်ဦးနှင့် သာ၍ သာ၍ တူလာဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီဖို့၊ သူ့ကို ကျိုးနွံနာခံနိုင်ပြီး သူ့ကို ကြောက်ရွံ့နိုင်စွမ်းရှိဖို့၊ ပြီးလျှင် သင်ပြုလုပ်သမျှ အရာတိုင်း၌ ထိန်းချုပ်မှုကို ပြသပြီး သူ၏ စိစစ်ခြင်းကို လက်ခံနိုင်စွမ်းရှိဖို့အလို့ငှာ မည်သို့ ပြောင်းလဲရမည်ဆိုသည့် အတွေးများနှင့် ပြည့်ပါက၊ သင်၏အခြေအနေသည် ပို၍ပို၍ ကောင်းမွန်လာမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်သောသူတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် လမ်းကြောင်းနှစ်ခုရှိလေသည်- တစ်ခုက လူတစ်ဦးကိုယ်တိုင်၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် အစီအစဥ်များကို ဖြည့်ဆည်းလျက် အပြုအမူကိုသာ အသားပေးသည်၊ ဤသည်မှာ စာတန်၏ရှေ့မှောက်တွင် အသက်ရှင်ခြင်းနှင့် ၎င်း၏အုပ်စိုးမှုအောက်တွင် အသက်ရှင်ခြင်းဖြစ်သည်။ အခြားသောလမ်းကြောင်းက ဘုရားသခင်အား ကြောက်ရွံ့ပြီး မိမိ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့အလို့ငှာ ဘုရားသခင်၏အလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်ရမည်၊ ဘုရားသခင်ကို မည်သို့နာခံရမည်၊ သူ့အပေါ် နားလည်မှုလွဲမှားခြင်းများ သို့မဟုတ် မနာခံမှု မည်သို့မထားရှိရမည်ကို အလေးထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်” မှ

ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ၏ရှေ့တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ခင်းကျင်းထားသည်။ ၎င်းတို့သည် သူ၏ မိန့်မြွက်ချက်များအားလုံးကို အမှန်တကယ် ကျိုးနွံနာခံပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်စေပြီး မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။ သင်လုပ်ဆောင်သောအရာသည် သင့်ဘဝအတွက် အကျိုးရှိပြီး၊ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲရန်အလို့ငှာ၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်၏ အတွင်းလိုအပ်ချက်များနှင့် အားနည်းချက်များကို သင် ဖြည့်ဆည်း နိုင်ပါက၊ ဤအရာက ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းလိမ့်မည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပါက၊ ပြီးလျှင် သင်သည် ဇာတိပကတိကို ကျေနပ်စေခြင်းမရှိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို ကျေနပ်စေပါက၊ ဤအရာတွင် သူ၏နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း အကြောင်းကို သာ၍ လက်တွေ့ကျကျ ပြောဆိုဆွေးနွေးသည့်အခါတွင်၊ ယင်းမှာ သင်သည် သင်၏ တာဝန်ကို ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်သည်ကို ဆိုလိုပေသည်။ ဤသို့သော လက်တွေ့ကျသည့် လုပ်ဆောင်မှုများကိုသာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ဤလက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်နိုင်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု စတင်ခြင်း ဖြစ်သည်။ သင်သည် ဤလေ့ကျင့်မှုကို ပထမဦးစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ထို့နောက်တွင်မှ သင်သည် သာ၍ပင် နက်ရှိုင်းသော လက်တွေ့အရှိတရားများထဲသို့ ဝင်‌ရောက်နိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

ဘုရားသခင်ကို စတင်၍ ယုံကြည်လာခဲ့ကြသည့် အချိန်ကတည်းက လူတို့သည် မမှန်ကန်သော ရည်ရွယ်ချက်များကို သိုထားခဲ့ကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏ရည်ရွယ်ချက်များ အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင်၊ အတွင်း၌ ဆင်းရဲဒုက္ခခံစားဖို့မှာ ရှောင်လွှဲမရနိုင်ပေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ လူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေသောကြောင့်၊ ထို့ပြင် ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ “အိုး ဘုရားသခင် ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။” ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ကြံသည့် အချိန်တိုင်း၊ စစ်ဆေးပြုပြင်ခြင်းကို သူတို့ ဖြတ်သန်းသည့်အခါတိုင်း၊ စမ်းသပ်ခြင်း ခံရသည့်အခါတိုင်း၊ သူတို့အပေါ်မှာ ဘုရားသခင် လုပ်ဆောင်သည့် အချိန်တိုင်းမှာ လူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံကြရသည်။ ဤအရာအားလုံးသည် လူများအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးအထဲ၌ တိုက်ပွဲတစ်ခု ရှိသည်။ ဤသည်မှာ သူတို့ပြုလုပ်ရမည့် အမှန်တကယ် ပေးဆပ်မှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ပိုမို အလုပ်ရှုပ်နေခြင်းက ထိုပေးဆပ်ခြင်း တစ်စိတ်တစ်ပိုင်းပင်။ ဤသည်မှာ လူတို့ လုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ သူတို့ ဖြည့်ဆည်းရမည့် သူတို့၏ တာဝန်နှင့် ဝတ္တရားပင်ဖြစ်သည်။ သို့သော်လည်း ဘေးဖယ်ထားဖို့ လိုအပ်သည့် သူတို့ အတွင်းထဲက ဤအချက်ကို ဘေးဖယ်ထားရပါမည်။ သင်က ဤကဲ့သို့မလုပ်လျှင် သင်၏ ပြင်ပဒုက္ခခံစားရခြင်းက မည်မျှပင် ကြီးမားပါစေ၊ မည်မျှပင် ပြေးလွှားလုပ်ကိုင်ပါစေ အားလုံးသည် အလဟဿ ဖြစ်ပါမည်။ ဆိုလိုသည်မှာ သင့်အတွင်းမှာရှိသည့် ပြောင်းလဲမှုများကသာ သင်၏ ပြင်ပအခက်အခဲများက တန်ဖိုးရှိသလားဆိုသည်ကို ဆုံးဖြတ်ပေးမှာဖြစ်သည်။ သင်၏ အတွင်းစိတ်သဘောထားက ပြောင်းလဲသွားပြီး၊ သင်က သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သင်၏ ပြင်ပ ဒုက္ခခံစားရခြင်းများ အားလုံးသည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိမှာဖြစ်သည်။ သင်၏ အတွင်း စိတ်သဘောထားက ပြောင်းလဲမှုမရှိလျှင်၊ ဒုက္ခခံစားမှုတွေ သင်မည်မျှပင် ခံရပါစေ သို့မဟုတ် အပြင်မှာ သင်မည်မျှပင် အလုပ်ရှုပ်နေပါစေ ဘုရားသခင်၏ အသိအမှတ်ပြုမှု ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုမှုမရရှိသည့် အခက်အခဲသည် အလဟဿသာ ဖြစ်သည်။ ထို့ကြောင့် သင်ပေးဆပ်ခဲ့ရသည့် အရာကို ဘုရားသခင် အသိအမှတ်ပြုမပြု ဆိုသည်မှာ သင့်စိတ်တွင်းမှာ ပြောင်းလဲမှု ရှိမရှိအပေါ်မှာ မူတည်ပြီး သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းမှု၊ ဘုရားသခင်ကိုသိမြင်မှု၊ ဘုရားသခင်ကို သစ္စာရှိမှုတို့ကို ရရှိဖို့ သင်၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် အယူအဆများကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုရှိ၊ မရှိအပေါ်မှာ မူတည်ဆုံးဖြတ်သည်။ သင်သည် မည်မျှပင် အလုပ်ရှုပ်နေပါစေ သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို ဆန့်ကျင်တွန်းလှန်ရန် ဘယ်သောအခါမျှ မသိဘဲ ပြင်ပ လုပ်ဆောင်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ရှာဖွေဖို့ရန်သာ သိလျှင်၊ သင့်အသက်တာကို တစ်ခါမှ အာရုံမစိုက်လျှင် သင်၏ ဒုက္ခခံစားရခြင်းသည် အလဟဿဖြစ်သွားမည်ပင်။ အခြေအနေတစ်ခုထဲ သင့်မှာ သင်ပြောချင်သည့် အရာတစ်ခု ရှိသည်။ သို့သော်လည်း အတွင်းထဲ၌ကား ဤသို့ပြောသည်မှာ မမှန်ကန်ပါ ဤသို့ပြောသည်မှာ သင့်ညီအစ်ကို မောင်နှမတို့အတွက် အကျိုးမရှိဘဲ သူတို့ကို ထိခိုက်နာကျင် စေမည်ဟု သင်ခံစားရလျှင် စိတ်ထဲ၌သာ နာကျင်ခံစားဖို့ ထားလိုက်ပြီး ဤအရာကို မပြောပါနှင့်။ ဤစကားလုံးတွေသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ မတတ်နိုင်သည့်အတွက်ပင်။ ဤအချိန်မှာ သင့်ကိုယ်တွင်း၌ တိုက်ပွဲတစ်ခု ရှိနေလိမ့်မည်။ သို့သော်လည်း သင်သည် နာကျင်မှုကို ခံပြီး သင်ချစ်သည့်အရာများကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေမည်၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ဤဒုက္ခကို ခံစားဖို့ ဆန္ဒရှိနေမည်၊ သင်သည် အတွင်းမှာ နာကျင်မှုကို ခံနေရသော်လည်း သင်သည် ဇာတိပကတိကို မစွဲလမ်း၊ ဘုရားသခင်၏ နှလုံးသားသည် ကျေနပ်ပြီး သင်သည်လည်း အတွင်းမှာ စိတ်သက်သာခြင်းကို ရရှိလိမ့်မည်။ ဤသည်မှာ အမှန်တကယ် ပေးဆပ်ခြင်းဖြစ်ပြီး ဘုရားသခင် နှစ်သက်သည့် ပေးဆပ်ခြင်းပင်။ ဤကဲ့သို့ပုံစံနှင့် သင်ကျင့်ကြံသည့်အခါ ဘုရားသခင်သည် သင့်ကို သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ သင်က ဤအရာကို မလုပ်နိုင်ဘူးဆိုလျှင် သင်မည်မျှပင် နားလည်ပါစေ သို့မဟုတ် သင်မည်မျှပင် စကားကောင်းကောင်း ပြောနိုင်ပါစေ၊ ဘာမျှဖြစ်လာမည် မဟုတ်ပေ။ ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ်မှာ သူက စာတန်နှင့် တိုက်ပွဲဆင်နွှဲသည့်အခါ သင်သည် ဘုရားသခင်၏ဘက်မှာ ရပ်တည်နေနိုင်ပြီး စာတန်ဘက်ကို လှည့်မသွားဘူးဆိုလျှင် သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိမှာဖြစ်ပြီး သင်၏ သက်သေခံခြင်းမှာ ခိုင်မာစွာ ရပ်တည်နိုင်မှာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

တိုတိုပြောရလျှင်၊ မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များ စသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ အချည်းနှီး ခံစားခဲ့ရသည် မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို အထူးသဖြင့် သူအာရုံစိုက် ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့်အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြု ခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့၊ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးနောက်၊ သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။