လှည့်ဖြားတတ်သော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်ကြပါသနည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ မနာခံမှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း၊ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက၊ သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံကြပြီး မိမိတို့ကိုယ်ကိုယ် ငါ့အဖို့ ဆက်ကပ်အပ်နှံသူ အားလုံးကို ငါ ချစ်၏။ ငါ့ထံမှ မွေးဖွားသော်လည်း၊ ငါ့ကို မသိဘဲ အာခံခြင်းပင် ပြုသောသူအားလုံးကို ငါ မုန်း၏။ ငါ့အတွက် ရိုးသားစစ်မှန်သောသူ မည်သူကိုမဆို ငါ စွန့်လိမ့်မည်မဟုတ်။ ယင်းထက်၊ ထိုလူ၏ ကောင်းကြီးမင်္ဂလာများကို ငါ နှစ်ဆဖြစ်စေမည်။ ကျေးဇူးကန်းပြီး ငါ၏ ကြင်နာမှုကို စော်ကားသူများကို ငါသည် နှစ်ဆ ပြစ်ဒဏ်ပေးမည်ဖြစ်ပြီး ၎င်းတို့ကို သက်ညှာမည် မဟုတ်။ ငါ၏ နိုင်ငံတော်တွင် ကောက်ကျစ်ခြင်း သို့မဟုတ် လှည့်စားခြင်း မရှိသကဲ့သို့ လောကီဆန်ခြင်းမရှိ။ ယင်းမှာ လူသေအနံ့မရှိဟု ဆိုလိုသည်။ ယင်းထက်၊ အားလုံးသည် ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ရှိလေသည်။ မည်သည့်အရာမျှ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မရှိဘဲနှင့် အရာအားလုံး ဖြူစင်ခြင်းနှင့် ပွင့်လင်းခြင်း ရှိလေသည်။ အရာရာသည် လတ်ဆတ်၏၊ အရာရာမှာ ပျော်မွေ့စရာဖြစ်ပြီး၊ အရာရာသည် တည်ဆောက်စရာ ဖြစ်လေသည်။ လူသေ အနံ့ထွက်နေသေးသူ မည်သူမဆိုသည် ငါ၏ နိုင်ငံတော်ထဲတွင် မကျန်ရှိနိုင်သကဲ့သို့၊ ယင်းအစား ငါ၏ သံမဏိတောင်ဝှေးဖြင့် အုပ်စိုးခြင်း ခံရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၀)

ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ နည်းလမ်းမရှိပေ။ မိမိတို့၏ ဘဝကို ရိုးသားစွာ အသက်ရှင်ခြင်းမရှိသူများ၊ အခြားသူများရှေ့တွင် တစ်မျိုးပြုမူ သော်လည်း၊ ၎င်းတို့၏ နောက်ကွယ်တွင် တစ်မျိုးတစ်ဖုံ ပြုမူသောသူများ၊ ၎င်းတို့၏ အနှစ်သာရသည် ယုတ်မာကာ၊ ကောက်ကျစ်ပြီး ဘုရားသခင်ကို သစ္စာမရှိသော်လည်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ပုံပန်းပေးသောသူများအားလုံး- ထိုသို့သော လူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသူများ၏ ကိုယ်စားပြုသူများစစ်စစ် ဖြစ်ကြသည်။ ၎င်းတို့သည် မြွေကဲ့သို့သော လူမျိုးများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်သာ ဘုရားသခင်ကို ယုံကြည်ဖူးသူများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူပြီး မောက်မာသောသူများ၊ ကြွားဝါသူများနှင့် မိမိတို့ကိုယ်တိုင်၏ အဆင့်အတန်းကို ကာကွယ်သူများသည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြလေသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အာရုံမစိုက်သောသူများ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသူများ၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ၎င်းတို့မိသားစု၏ အကျိုးစီးပွားများနှင့်သာ အမြဲပူပန်သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် အရာခပ်သိမ်းကို မစွန့်လွှတ်နိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သည့်အခါမျှ အသက်မရှင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိသည့်လူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်ကြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

လူတို့အား ရိုးသားကြရန် ဘုရားသခင်တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ လိမ်လည်လှည့်ဖြားသော လူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖြားသောလူများကို ဘုရားသခင် မနှစ်သက်ရခြင်းမှာ သူသည် ၎င်းတို့၏ အပြုအမူများ၊ စိတ်သဘောထားနှင့် အရင်းခံအကြောင်းများကို မကြိုက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ အမှုအရာများအား လုပ်ဆောင်ပုံကို သူမကြိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်အားရစေရမည် ဆိုပါက၊ ငါတို့သည် ပထမဦးစွာ ငါတို့၏အပြုအမူများနှင့် ငါတို့ ရပ်တည်သည့် နည်းလမ်းကို ပထမဦးစွာ ပြောင်းလဲရမည်။ ယခင်က လူတို့အကြားတွင် အသက်ရှင်ရန် မုသားများနှင့် ဟန်ဆောင်ခြင်းတို့အပေါ် ငါတို့ မှီခိုကြ၏။ ဤအရာကို ငါတို့၏ အရင်းအနှီး၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖြစ်တည်မှုဆိုင်ရာ အခြေခံအကြောင်းရင်း၊ ဘဝနှင့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာတစ်ခုဖြစ်သည်။ လောကကြီး၏ မယုံကြည်သူများကြားတွင်၊ မည်သို့ ခြယ်လှယ်ရန် သို့မဟုတ် လှည့်ဖြားတတ်ရန် သင် မသိလျှင်၊ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သင့်အတွက် ခက်ခဲနိုင်သည်။ မုသားများကိုသာ သင်ပြောနိုင်လိမ့်မည်၊ လိမ်လည်လှည့်စားမှုကိုသာ လုပ်ဆောင်နိုင်ပြီး၊ ပိုမိုကောင်းမွန်သော ဘဝကို ရရှိဖို့ရန်အလို့ငှာ မိမိကိုယ်ကိုယ် ကာကွယ်ပြီး ဖုံးကွယ်ရန်အတွက် ဒုက္ခပေးတတ်ပြီး ခိုးကြောင်ခိုးဝှက် နည်းစနစ်များကိုသာ သင် သုံးနိုင်လိမ့်မည်။ ဘုရားသခင်၏ အိမ်တော်တွင်၊ အတိအကျ ဆန့်ကျင်ဘက်ဖြစ်၏- သင် ပိုမိုလှည့်ဖြားတတ်လေလေ၊ မိမိကိုယ်ကိုယ် ဟန်ဆောင်မှုပြုရန်နှင့် ပြရုပ်တင်ရန် ဆန်းပြားသော ကြိုးကိုင်ခြယ်လှယ်ခြင်းကို သင်အသုံးချလေလေဖြစ်ပြီး၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် သင် လျော့နည်းလေလေ ဖြစ်သည်၊ ထို့အပြင် ထိုသို့သော လူတို့ကို ဘုရားသခင် ပိုမို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်လေလေ ဖြစ်သည်။ ရိုးသားသော လူတို့သာ ကောင်းကင်နိုင်ငံတော်တွင် ပါဝင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်ဖြစ်သည်ဟု ဘုရားသခင်က ရှေးမဆွက ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ သင် မရိုးသားလျှင်၊ ထို့အပြင် သင့်အသက်တာတွင် သင်၏ လက်တွေ့လုပ်ဆောင်မှုက ရိုးသားခြင်းဆီသို့ ဦးတည်ခြင်း မပြုသကဲ့သို့ သင်၏ ကိုယ်ပိုင်စရိုက်မှန်ကို သင် မထုတ်ဖော်လျှင်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိခြင်းနှင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခြင်း အခွင့်အရေးတစ်ခုကိုမျှ သင် ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ဘုရားသခင်သည် ရိုးသားသည့်သူများကို နှစ်သက်သည်။ လှည့်ဖြားတတ်သောသူများကို သူမနှစ်သက်ချေ။ အနည်းငယ် မာနထောင်လွှားခြင်း၌ စိုးရွံ့စရာမရှိသော်လည်း၊ အကြင်သူသည် ဧကန်မုချ ရိုးသားရမည်။ ရိုးသားသည့် လူများသည် တာဝန်ယူကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် မတွေးကြပေ။ ၎င်းတို့သည် အတွေးအခေါ် စင်ကြယ်ကြသည်။ ပြီးလျှင် ဖျတ်ခနဲကြည့်ရုံဖြင့် အောက်ခြေကို မြင်ရသည့် ကြည်လင်သော ရေခွက်များကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ရိုးသားမှုနှင့် စေတနာတို့ရှိကြသည်။ သင်သည် သင်၏စိတ်နှလုံးထဲရှိသည့် အရာကို အခြားသူများ မမြင်စေဖို့အလို့ငှာ၊ အစဉ် ဂိုက်ဖမ်းနေကာ၊ သင့်ကိုယ်သင် ကွယ်ထား၊ ဖုံးထားပြီး သင့်ကိုယ်သင် အလွန်လုံအောင် လွှမ်းခြုံထားသော်လည်း၊ ဘုရားသခင်က သင်၏ စိတ်နှလုံးထဲရှိ အနက်ရှိုင်းဆုံးသော အရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သေးသည်။ သင်သည် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား မည်သည့်အခါမျှ ထိန်းချုပ်ခွင့် မပေးဘဲ၊ သူ့ကို လှည့်စားဖို့ အစဉ် ကြိုးစားလျက်၊ ရိုးသားသည့်သူတစ်ဦးမဟုတ်ဘဲ၊ လှည့်စားတတ်သောအရာဖြစ်သည်ကို ဘုရားသခင် တွေ့မြင်ပါက၊ သင့်အား သူကြိုက်နှစ်သက်မည် မဟုတ်သကဲ့သို့၊ သင့်အား လိုချင်လိမ့်မည် မဟုတ်ချေ။ မယုံကြည်သူများအကြားတွင် လုံးလုံး ကြီးပွားအောင်မြင်သည့်သူ၊ ကျလောက်အောင် အပြောကောင်းပြီး ဉာဏ်ထက်သည့်သူကဲ့သို့ လူစားမျိုးကို ဘုရားသခင် နှစ်သက်သလော။ (မနှစ်သက်ပါ။) သင်တို့သည် ထိုသို့သော လူများ မည်သည့်အခါမျှ ဖြစ်ရမည်မဟုတ်ချေ။ မိမိတို့၏စကား၌ အစဉ် သတိဝီရိယ ရှိပြီး ရှုထောင့်အားလုံးကို ဆင်ခြင်စဉ်းစားသည့်၊ အခြေအနေကို လေ့လာသိမြင်နိုင်ပြီး မိမိတို့၏ကိစ္စများကို ကိုင်တွယ်ရာ၌ ပရိယာယ် များသည့်သူတို့ — သင်တို့ကို ငါ ပြောမည်၊ ဘုရားသခင်က ထိုသို့သောလူများကို အမုန်းဆုံးဖြစ်သည်။ သို့ဖြစ်ပါက ဘုရားသခင်သည် ထိုသို့သော လူတစ်ဦးကို ကျေးဇူးပြုဦးမည်လော၊ သို့မဟုတ် ဉာဏ်အလင်းပေးဦးမည်လော။ သူက ပြုမည်မဟုတ်ပေ။ ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို တိရစ္ဆာန်များ၏ အမျိုးအဖြစ် မြင်သည်။ ၎င်းတို့သည် လူ့အရေပြားကို ဝတ်ဆင်ထားသော်လည်း၊ ၎င်းတို့၏ အတွင်းပိုင်းအနှစ်သာရသည် စာတန် နတ်ဆိုး၏ အနှစ်သာရ ဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားသခင် လုံးဝ ကယ်တင်မည် မဟုတ်သည့် လမ်းလျှောက်နေသည့် အလောင်းကောင်များသာ ဖြစ်သည်။ ဤလူစားမျိုးသည် အမှန်တကယ် ထက်မြက်သည်ဟု သင်တို့ပြောမည်လော၊ သို့မဟုတ် ၎င်းတို့သည် မိုက်မဲသလော။ ၎င်းတို့သည် သစ္စာမတည်ကြချေ။ ၎င်းတို့အား သူစီရင်သည်။ ထိုသို့သောသူတစ်ဦးအတွက် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဘယ်မျှော်လင့်ချက် ရှိသနည်း။ ၎င်းတို့၏ယုံကြည်မှုသည် အဓိပ္ပာယ်ကင်းမဲ့နေပြီး ၎င်းတို့သည် မည်သည့်အရာမျှ မရကိန်းရှိသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)” မှ

လှည့်စားတတ်သောသူတစ်ဦးက ၎င်းသည် ကောက်ကျစ်ကြောင်း၊ လိမ်လည်ရခြင်းကို နှစ်သက်ပြီး သမ္မာတရားကို ပြောခြင်းအား မနှစ်သက်ကြောင်းနှင့် ၎င်းသည် မည်သည့်အရာ လုပ်ဆောင်နေသည်ဆိုသည်ကို အခြားလူများထံမှ ဖုံးကွယ်ဖို့ အစဉ်သဖြင့် ကြိုးစားနေကြောင်းကို သတိပြုမိကောင်း ပြုမိနိုင်သည်၊ သို့သော် ဤသို့သတိပြုမိနိုင်သော်ငြားလည်း “ဤသို့ ရှင်သန်ရခြင်းမှာ ကောင်းလှသည်။ တခြားလူများကို ငါအဆက်မပြတ် လှည့်စားလျက်ရှိသော်လည်း ၎င်းတို့က ငါ့ကို ထိုကဲ့သို့ မပြုလုပ်နိုင်။ ငါ၏ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်၊ အဆင့်အတန်း၊ မာနနှင့်ပတ်သက်လျှင် ငါသည် အမြဲလိုလို ကျေနပ်မှုရှိ၏။ အမှုအရာများသည် ငါ၏အစီအစဉ်များအတိုင်း အမှားကင်းစွာ၊ ချောမွေ့စွာ ဖြစ်ပျက်ပြီး မည်သူမျှ ၎င်းတို့ကို မရိပ်စားမိ” ဟူ၍ တွေးတောလျက် ထိုအရာကို ၎င်းတို့က အကြိုက်တွေ့ကြလိမ့်မည်။ ထိုလူစားမျိုးတွင် ရိုးသားလိုသော ဆန္ဒရှိသလော။ မရှိပေ။ ၎င်းတို့၏ကောက်ကျစ်မှုနှင့် မရိုးမဖြောင့်မှုတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် ၎င်းတို့က မြင်ကြသည်။ ယင်းတို့ကို ချစ်မြတ်နိုးကြပြီး စွန့်ပစ်ဖို့ရန် တွန့်ဆုတ်ကြသည်။ ၎င်းတို့က ယုံကြည်ကြသည်မှာ “ဤသည်မှာ အသက်ရှင်ရန် တစ်ခုတည်းသော သက်သောင့်သက်သာဖြစ်သည့် နည်းလမ်းဖြစ်၏။ ဤသည်မှာ အသက်တာ၌ မှန်ကန်သောလမ်းကြောင်းဖြစ်၏။ ဤသို့ရှင်သန်ခြင်းကသာ ငါ့ကို စစ်မှန်သောသူတစ်ယောက် ဖြစ်စေသည်၊ ငါ့ကို စုံလင်စေသည်၊ တစ်စုံတစ်ခုအထိ တန်ဖိုးရှိစေသည်၊ ဂုဏ်ရှိခံ့ညားစေသည်၊ အခြားလူများထဲ၌ အားကျသည့်စိတ်များ ဖြစ်စေပြီး ငါ့ကို အထင်ကြီးလေးစားစေသည်။ ငါသာ ရိုးသားသောသူတစ်ယောက် ဖြစ်ပါက လူများအား အရာရာတိုင်းကို ငါပြောပြရလိမ့်မည်၊ ‘သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့’ (မဿဲ ၅:၃၇) ဟူ၍ သခင်ယေရှုပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ထိုသို့သောလူများသည် ဖန်သားကဲ့သို့ ပွင့်လင်းမြင်သာသည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို ၎င်းတို့အား လုံးဝထိုးထွင်းမြင်စေသည်၊ အရာရာတိုင်းတွင် သူတစ်ပါးတို့ကို ၎င်းတို့အား ခြယ်လှယ်ခွင့်ပေးပြီး ၎င်းတို့ကမူ သူတစ်ပါးတို့အား ခြယ်လှယ်နိုင်စွမ်းမရှိ။ ထိုကဲ့သို့ ငါလုံးဝအဖြစ်မခံနိုင်” ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့သောသူတစ်ယောက်သည် ၎င်း၏ကိုယ်ပိုင်လှည့်စားတတ်မှုကို စွန့်လွှတ်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ မည်မျှကြာပြီဖြစ်စေ၊ သမ္မာတရားမည်မျှကို ကြားပြီးဖြစ်စေ၊ သမ္မာတရားလမ်းမည်မျှကို နားလည်ပြီးဖြစ်စေ ထိုသို့သောသူများသည် ဘုရားသခင်နောက်သို့ မည်သည့်အခါမျှ အမှန်တကယ် လိုက်လျှောက်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ မည်သည့်အခါမျှ ဝမ်းမြောက်စွာ လိုက်လျှောက်မည်မဟုတ်၊ အကြောင်းမှာ ထိုသို့ပြုလုပ်ရန်အတွက် ၎င်းတို့သည် များစွာ စွန့်လွှတ်ရမည်ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်အပေါ် ယုံကြည်မှုရှိခြင်းဆိုသည်မှာ ဘာသာတရားတစ်ခုကို ယုံကြည်ခြင်း၊ နာမည်ခံ ယုံကြည်သူတစ်ယောက်ဖြစ်ခြင်း၊ ကောင်းမှုအနည်းငယ်ပြုခြင်း၊ မိမိတို့ကို ဝိညာဉ်အာဟာရပေးမည့် တစ်စုံတစ်ခုရှိခြင်းသာ ဖြစ်၏၊ ဤမျှသာဖြစ်၏ဟု ၎င်းတို့ထင်မြင်ကြသည်။ ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားကို တစ်နည်းနည်းဖြင့် ထိခိုက်စေသည့် အဖိုးအခတစ်ခုကို ပေးဖို့လိုအပ်သည်၊ သို့မဟုတ် တစ်စုံတစ်ခုကို စွန့်လွှတ်ဖို့လိုအပ်သည်ဟု ၎င်းတို့မထင်မြင်ကြပေ။ ဤမျှလောက်သည် ၎င်းတို့အတွက် ကောင်းမွန်စွာ လုံလောက်သည်၊ ဤအရာနှင့် ၎င်းတို့ကျေနပ်ကြပြီး ဤယုံကြည်ခြင်းမျိုးသည် တကယ့်ကို ကောင်းမွန်သည်။ ဤကဲ့သို့သောသူတို့သည် အဆုံးတွင် သမ္မာတရားကို ရနိုင်ကြမည်လော။ (မရနိုင်ကြပါ။) အဘယ်ကြောင့်နည်း။ ၎င်းတို့၌ အပြုသဘောဆောင်သောအရာတို့ကို ချစ်မြတ်နိုးခြင်း မရှိ၊ အလင်းကို ၎င်းတို့မတောင့်တ၊ ဘုရားသခင်၏လမ်းကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ၎င်းတို့မချစ်မြတ်နိုးကြပေ။ ၎င်းတို့သည် မကောင်းမှုကို ချစ်ကာ ကြည်ညိုလေးစားပြီး မြတ်နိုး၏— အပျက်သဘောဆောင်သောအရာများကို ၎င်းတို့မြတ်နိုးကြသည်။ ၎င်းတို့စိတ်နှလုံးတွင် ကြည်ညိုလေးစားကာ သဘောကျ၍ အားထုတ်ကြိုးပမ်းပြီး တောင့်တသည့်အရာမှာ သမ္မာတရားကို ပိုင်ဆိုင်သောသူ ဖြစ်ရန်မဟုတ်သကဲ့သို့ ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူတစ်ယောက်ဖြစ်ရန်လည်းမဟုတ်ဘဲ အပြင်ပန်းတွင် ကောင်းမှုများလုပ်သည့် ပုံစံပေါ်သောသူတစ်ယောက် ဖြစ်ရန်သာ ဖြစ်သည်။ ၎င်းတို့၏စိတ်ထဲတွင် လုပ်ကြံထားသည့်အရာ၊ ၎င်းတို့၏ မည်သည့်လိုအင်ဆန္ဒ၊ သို့မဟုတ် ကြံစည်မှုမဆိုဖြင့် ၎င်းတို့၏လှည့်စားမှုကို လျှို့ဝှက်စွာ အောင်မြင်နိုင်စေရန်၊ ၎င်းတို့နှင့် တွေ့ဆုံသည့်သူတိုင်းကို လှည့်စားရန် ၎င်းတို့အလိုရှိကြသည်။ ထိုသို့ဖြင့် ၎င်းတို့ကို မည်သူကမျှ ထိုးထွင်းမမြင်နိုင်ဖို့အတွက် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်လူစုလူဝေးအတွင်းသို့မဆို လုံးဝအဆင်ချောစွာဖြင့် အကွက်ဆင်ချဉ်းကပ်နိုင်ရန်၊ ပြောင်မြောက်သော ပညာဖြင့် လှည့်ကွက်၊ ပရိယာယ်၊ နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်ရန် ဆန္ဒရှိကြပြီး ၎င်းတို့မည်သည့်နေရာကိုသွားပါစေ ချစ်ခင်လေးစားစွာဖြင့် ကြိုဆိုနှုတ်ဆက်ခံလိုကြသည်။ ဤသည်မှာ ၎င်းတို့ဖြစ်လိုသည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ မည်သို့သော လမ်းမျိုးဖြစ်သနည်း။ နတ်ဆိုးတို့၏ လမ်းပင်ဖြစ်သည်။ စစ်မှန်သောလူသားက လျှောက်သောလမ်းမဟုတ်ပေ။ လူတို့ကို အယုံသွင်း၍ ၎င်းတို့၏ပုဂ္ဂိုလ်ရေးယုံကြည်မှုကို ချိုင်ယူရန်၊ ၎င်းတို့အား စိတ်ခံစားချက်ကောင်းနှင့် မှားယွင်းသော အာရုံမှားမှုကို ပေးရန်အတွက် စာတန်၏ လောကီအတွေးအခေါ်များ၊ ၎င်း၏တွေးခေါ်ပုံစနစ်၊ ၎င်း၏လုပ်ရပ်များကို ၎င်းရည်ရွယ်ထားသော ဦးတည်ချက်နှင့် ၎င်း၏လုပ်ရပ်များကို ထိန်းကျောင်းထားသော အခြေခံသဘောတရားများကို ၎င်းတို့အသုံးပြုကြသည်။ ၎င်းတို့သည် နေရာတိုင်းတွင် ပရိယာယ်၊ မာယာရှိသမျှကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများ လျှောက်ရမည့် လမ်းကြောင်းမဟုတ်ပေ။ ယင်း၏နောက်ဆုံးအဆုံးသတ်မှာ ၎င်းတို့သည် ကယ်တင်ခြင်း မခံရမည်သာမကဘဲ အပြစ်ပေးခံရခြင်းကိုလည်း ကြုံရမည့်အဖြစ်ပင် ဖြစ်သည်။ ဤပန်းတိုင်မျိုး ဖြစ်လိမ့်မည်— ဤအရာနှင့်ပတ်သက်၍ သံသယအနည်းငယ်မျှပင် မရှိနိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။