ပုံဝတ္ထု ၂- ကြီးမားသောတောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး

16.03.2019

ဟိုဟိုသည်သည် ကွေ့ကောက်စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခု ရှိခဲ့ကာ၊ နောက်ဆုံးတွင် ကြီးမားသည့် တောင်ကြီး၏ တောင်ခြေရင်းကို ရောက်ရှိလာခဲ့သည်။ တောင်ကြီးက စမ်းချောင်းလေး၏ စီးကြောင်းကို ကာဆီးထားသည့်အတွက် စမ်းချောင်းက တောင်ကြီးကို အားနည်းသည့်လေသံလေးနှင့် “ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဖြတ်သွားခွင့်ပြုပါ၊ သင်သည် ကျွန်ုပ်၏ လမ်းခရီးတွင် ရပ်နေပြီး ကျွန်ုပ် ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ပိတ်ဆို့နေပါသည်” ဟု ပြောလိုက်သည်။ တောင်ကြီးက “သင် အဘယ်ဆီသို့ သွားမည်နည်း” ဟု ပြန်မေးသည်။ စမ်းချောင်းလေးက “ကျွန်ုပ်သည် နားခိုရာအိမ်ကို ရှာဖွေနေသည်” ဟု ပြန်ဖြေသည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်အပေါ်ကနေ ဆက်၍ စီးဆင်းသွားပါ” ဟု ပြောလိုက်သည်။ သို့သော်လည်း စမ်းချောင်း ငယ်လေးမှာ အားနည်းလွန်းပြီး၊ ငယ်ရွယ်လွန်း သောကြောင့် ယင်းသည် ထိုကဲ့သို့ ကြီးမားလွန်းလှသည့် တောင်ကြီးကိုကျော်ပြီး စီးဆင်းရန် မဖြစ်နိုင်ခဲ့ပေ။ တောင်ခြေကို ရင်ဆိုင်လျက် ဆက်ပြီး စီးဆင်းရုံသာ တတ်နိုင်တော့သည်...

လေကြမ်းကြီးသည် သဲနှင့် အမှိုက်သရိုက်တို့ကို သယ်ဆောင်ရင်း တောင်ကြီးရှိရာသို့ တိုက်ခတ်လာခဲ့သည်။ လေက တောင်ကြီးအား “ကျွန်ုပ်ကို သွားခွင့်ပေး” ဟု အော်ပြောသည်။ တောင်ကြီးက “သင် အဘယ်ဆီသို့ သွားမည်နည်း” ဟု မေးသည်။ လေက “တောင်ကြီး၏ အခြားတစ်ဘက်ကို ကျွန်ုပ်သွားလိုသည်” ဟု ပြန်၍ အော်ပြောလိုက်သည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏ အလယ်မှ ဖောက်သွားနိုင်လျှင် သင်သွားနိုင်သည်” ဟု ပြောလိုက်သည်။ လေကြမ်းကြီးသည် ဤနည်းဟိုနည်းနှင့် တစ်ဟူးဟူး တိုက်ခတ်သည်၊ သို့သော် အဘယ်မျှ သည်းကြီးမည်းကြီး တိုက်ခတ်သော်လည်း တောင်၏ အလယ်ကို ဖောက်မထွက်နိုင်ခဲ့ပါ။ လေသည် ပင်ပန်းလာပြီး အနားယူဖို့ ရပ်တန့်ခဲ့ရကာ၊ တောင်ကြီး၏ အခြားတစ်ဘက်တွင် လေပြည်လေညင်းတစ်ခု စတင် တိုက်ခတ်လာပြီး ထိုနေရာ၌ရှိသေ လူတို့ကို ကျေနပ်စေခဲ့သည်။ ဤသည်မှာ တောင်ကြီးက လူတို့ကို နှုတ်ခွန်းဆက်သခြင်းပင် ဖြစ်သည်...

ပင်လယ်ကမ်းစပ်တွင် သမုဒ္ဒရာရေလှိုင်းလေးသည် ကျောက်ဆောင်ကျောက်တုံးတို့ပြည့်နှက်သော သောင်ပြင်ကို ညင်ညင်သာသာ ပုတ်ခတ်ခဲ့သည်။ ရုတ်တရတ် ဧရာမလှိုင်းလုံးကြီး ဖြစ်ပေါ်လာပြီး တောင်ကြီးဆီသို့ တဟုန်ထိုး ပြေးလာခဲ့သည်။ “ဖယ်စမ်း” ဟု ဧရာမလှိုင်းလုံးကြီးက အော်ပြောသည်။ တောင်ကြီးက “သင် အဘယ်ဆီကို သွားမည်နည်း” ဟု မေးသည်။ လှိုင်းလုံးကြီးက ပြေးဝင်လာသည်ကို မရပ်တန့်နိုင်ဘဲ၊ “ကျွန်ုပ်သည် ကျွန်ုပ်၏နယ်မြေကို တိုးချဲ့နေသည်။ ကျွန်ုပ်၏ လက်များကို ဆန့်ထုတ်လိုသည်” ဟု အော်ပြောသည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏အထွတ်အထိပ်ကို ကျော်သွားနိုင်လျှင် သင့်ကို ကျွန်ုပ်သွားခွင့်ပြုမည်” ပြောသည်။ လှိုင်းလုံးကြီးက ခပ်ခွာခွာ နောက်ဆုတ်လိုက်ပြီး နောက်တစ်ကြိမ် တောင်ကြီးဆီ တစ်လိပ်လိပ် တက်လာပြန်သည်။ သို့သော်လည်း ယင်းက မည်မျှပင် ကြိုးစားကြိုးစား၊ တောင်ကြီး၏ အထွတ်အထိပ်ကို မကျော်လွှား နိုင်ပေ။ လှိုင်းလုံးမှာ တဖြည်းဖြည်းနှင့် ပင်လယ်ဆီကိုသာ ပြန်လှိမ့်ဆင်းသွားနိုင်တော့သည်...

နှစ်များထောင်ချီကြာသည့်တိုင် စမ်းချောင်းလေးသည် တောင်ခြေတစ်ဝိုက်တွင် ညင်သာစွာ စီးခဲ့သည်။ တောင်ကြီး၏ လမ်းကြောင်းများနောက်လိုက်ရင်း စမ်းချောင်းလေးသည် သူ့အိမ်ကို ပြန်ရောက်နိုင်ခဲ့ကာ မြစ်တစ်စင်းနှင့် ပူးပေါင်းပြီး ထိုမှ ပင်လယ်ထဲကို စီးဝင်ခဲ့သည်။ တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းလေးသည် ဘယ်သောအခါမှ လမ်းကြောင်း ပျောက်မသွားခဲ့ပါ။ စမ်းချောင်းနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ပေးကြပြီး၊ အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးကာ၊ အချင်းချင်း ချေဖျက်ကြပြီး အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

နှစ်များထောင်ချီကြာသည့်တိုင် လေကြမ်းကြီးမှာ ၎င်း၏အကျင့် ဖြစ်သည့်အားလျော်စွာ တဟူးဟူးတိုက်ခတ်ခဲ့သည်။ လေသည် မိမိ၏ လေပြင်းများထဲတွင် သဲမှုန်များစွာကို ဝေ့ဝဲသယ်ဆောင် တိုက်ခတ် လာပြီး တောင်ကြီးဆီသို့ မကြာခဏ “အလည်လာ” ဆဲပင် ဖြစ်သည်။ ယင်းသည် တောင်ကြီးကို ခြိမ်းခြောက်သော်လည်း တောင်၏အလယ်ကို ဘယ်သောအခါမှ ဖောက်မထွက်ခဲ့ပါ။ လေနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ပြီး၊ အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးပြီး၊ အချင်းချင်း ချေဖျက်ကာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

နှစ်များထောင်ချီကြာသည့်တိုင် ဧရာမလှိုင်းလုံးကြီးကလည်း မည်သည့်အခါမျှ အနားယူရန် ရပ်တန့်မနေခဲ့ဘဲ ၎င်း၏နယ်မြေကို အဆက်မပြတ် တိုးချဲ့နေကာ မရပ်မနား ရှေ့သို့ချီတက်နေခဲ့သည်။ ၎င်းသည် မြည်ဟိန်းပြီး တောင်ကြီးကို အကြိမ်ကြိမ် တစ်ဟုန်ထိုး ရိုက်ပုတ်သော်လည်း တောင်ကြီးသည် တစ်လက်မမျှပင် လုံးဝရွေ့မသွားပါ။ တောင်ကြီးက ပင်လယ်ကို စောင့်ကြည့်နေပြီး ဤကဲ့သို့ဖြင့် ပင်လယ်ထဲမှ သက်ရှိများမှာ ပွားများလာပြီး ရှင်သန်ခဲ့ကြသည်။ လှိုင်းလုံးနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ကြပြီး အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးကြပြီး၊ အချင်းချင်း ချေဖျက်ကြကာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

ပုံဝတ္ထုမှာ ဤသို့ အဆုံးသတ်သည်။ ဦးစွာ ငါ့ကိုပြောလော့၊ ဤပုံဝတ္ထုက မည်သည့်အကြောင်းအရာ ဖြစ်သနည်း။ ဆိုရလျှင်၊ ကြီးမားသော တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ ပါသည်။ စမ်းချောင်းလေးနှင့် တောင်ကြီးပါသည့် ပထမစာပိုဒ်တွင် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ ငါသည် စမ်းချောင်းနှင့် တောင်ကြီးအကြောင်း အဘယ်ကြောင့် ရွေးချယ်ပြောခဲ့သနည်း။ (တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းသည် ဘယ်သောအခါမှ လမ်းမပျောက်ပါ။ သူတို့သည် အချင်းချင်း အားထားကြသည်။) တောင်က စမ်းချောင်းလေးကို ကာကွယ်ပေးသလော သို့မဟုတ် ပိတ်ဆို့သည်ဟု သင်တို့ပြောမည်လော။ (ယင်းကို ကာကွယ် ပေးပါသည်။) ထိုသို့မဟုတ်လျှင် ယင်းကို ပိတ်ဆို့သည် မဟုတ်လော။ တောင်နှင့် စမ်းချောင်းသည် အချင်းချင်း ဂရုတစိုက်ကြည့် နေကြသည်။ တောင်က စမ်းချောင်းကို ကာကွယ်ပေးသကဲ့သို့ ပိတ်လည်းပိတ်ဆို့သည်ဟု ပြောနိုင်သည်။ တောင်သည် စမ်းချောင်းက မြစ်ထဲကို စီးဝင်သွားရာ၌ ကာကွယ်ပေးသော်လည်း စမ်းချောင်းလေးအနေဖြင့် ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေပြီး လူသားများအတွက် ဘေးအန္တရာယ် ဖြစ်စေမည့် မိမိဘာသာ စီးဆင်းခြင်းမှ တားဆီးပေးရန် ပိတ်ဆို့ပေးသည်။ ဤသည်မှာ စာပိုဒ်၏ ဆိုလိုသည့်အရာ မဟုတ်လော။ စမ်းချောင်းကို ကာကွယ်ပေးခြင်းနှင့် ပိတ်ဆို့ပေးခြင်းအားဖြင့် တောင်ကြီးသည် လူတို့၏ အသက်အိုးအိမ်များကို ကာကွယ် စောင့်ရှောက် ပေးလေသည်။ စမ်းချောင်းလေးသည် တောင်ခြေတွင် မြစ်နှင့် ပူးပေါင်းသွားပြီးနောက် ပင်လယ်ထဲသို့ ဆက်၍စီးဝင်သွားသည်။ ဤသည်မှာ စမ်းချောင်း၏ တည်ရှိခြင်းကို ထိန်းချုပ်သည့် စည်းမျဉ်းပင်မဟုတ်လော။ စမ်းချောင်းလေးက မြစ်နှင့်ပင်လယ်ထဲကို ပူးပေါင်းစီးဝင်နိုင်ရန်အတွက် မည်သည့် အရာက အထောက်အကူ ပေးသနည်း။ ယင်းက တောင်ကြီး ဖြစ်သလော။ စမ်းချောင်းသည် တောင်ကြီး၏ ကာကွယ် စောင့်ရှောက်မှုနှင့် ပိတ်ဆို့ခြင်းကို အားထားသည်။ ထိုသို့ဆိုလျှင် ဤသည်မှာ အဓိကအချက်ဖြစ်သည် မဟုတ်လော။ ဤအရာထဲတွင် ရေအတွက် တောင်များ၏ အရေးပါမှုကို သင် တွေ့ရသလော။ ဘုရားသခင်က တောင်များကို ကြီးငယ်မရွေး ဖန်ဆင်းရာတွင် သူ၏ရည်ရွယ်ချက် ရှိသလော။ (ရှိပါသည်။) စမ်းချောင်းလေးနှင့် တောင်ကြီးသာလျှင်ဖြစ်သည့် ဤစာပိုဒ်တိုလေးက ငါတို့ကို ထိုအရာနှစ်ခုအား ဘုရားသခင့် ဖန်ဆင်းခြင်း၏ တန်ဖိုးနှင့် အရေးပါမှုကို တွေ့မြင်စေသည်။ ယင်းက ၎င်းတို့အပေါ် သူ၏အုပ်ချုပ်မှု၌ ရှိသောသူ၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်ကိုလည်း ငါတို့အားပြသသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။

ပုံဝတ္ထု၏ဒုတိယအပိုဒ်က မည်သည့် အကြောင်းအရာနည်း။ (လေကြမ်းကြီးနှင့် တောင်ကြီးအကြောင်းဖြစ်သည်။) လေဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော။ (ဟုတ်ပါသည်။) သေချာပေါက် မဟုတ်ပေ၊ တစ်ခါတစ်ရံ လေသည် အလွန်ပြင်းထန်ပြီး ဘေးအန္တရာယ်ကို ဖြစ်ပွားစေတတ်သည်။ သင့်ကို ပြင်းထန်သော လေထဲတွင် ရပ်ခိုင်းထားသည်ဆိုလျှင် သင်မည်သို့ခံစားရမည်နည်း။ လေ၏ ပြင်းအားအပေါ်တွင် မူတည်သည်။ ယင်းသည် အဆင့် ၃ သို့မဟုတ် ၄ ရှိသည့် လေဖြစ်ပါက ခံနိုင်စရာဖြစ်မည်။ အများဆုံးအနေနှင့် လူတစ်ယောက် မျက်လုံးဖွင့်ထားဖို့ အခက်တွေ့လောက်သည်။ သို့သော်လည်း လေသည် ပြင်းထန်လာပြီး လေဆင်နှာမောင်း ဖြစ်လာခဲ့လျှင် ၎င်းကို သင်ခံနိုင်မည်လော။ သင် ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတို့အနေဖြင့် လေက အမြဲတမ်းကောင်းသည် သို့မဟုတ် ၎င်းက အမြဲတမ်းဆိုးသည်ဟု ပြောမည်ဆိုလျှင် မှားသည်၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လေ၏ပြင်းအားအပေါ် မူတည်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဤနေရာတွင် တောင်ကြီး၏ တာဝန်က အဘယ်အရာနည်း။ ၎င်း၏တာဝန်မှာ လေကို စစ်ချပေးရန် မဟုတ်လော။ တောင်က လေကြမ်းကြီးကို မည်သည့်အရာအဖြစ် လျော့ချပေးသနည်း။ (လေပြေညင်းလေးအဖြစ်။) ဤသို့ဆိုလျှင် လူသားများနေထိုင်သည့် ပတ်ဝန်းကျင်တွင် လူအများစု ကြုံတွေ့ခံစားရသည်က လေပြင်းများလော၊ လေပြေများလော။ (လေပြေများဖြစ်သည်။) ဤသည်မှာ တောင်များကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များထဲကတစ်ခု၊ သူ၏ ကြံရွယ်ချက်များထဲကတစ်ခုပင် မဟုတ်သလော။ လူတို့သည် လေထဲတွင် သဲများ အထိန်းအကွပ်မဲ့စွာ အတားအဆီးမရှိ စစ်ချထားခြင်းမရှိ တိုက်ခတ်သည့် ပတ်ဝန်းကျင် တစ်ခုတွင် နေထိုင်ရသည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ လွင့်စင်နေသော သဲများနှင့် ကျောက်ခဲများ ပတ်ချာဝိုင်းသည့် ကုန်းမြေတစ်ခုမှာ လူနေ၍မရနိုင်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်သလော။ ကျောက်ခဲများက လူတို့ကို ထိမှန်နိုင်ပြီး သဲများက သူတို့ကို မျက်စိကန်းစေနိုင်သည်။ လေက လူတို့ကို လေထဲသို့ သယ်သွားနိုင်သည် သို့မဟုတ် သူတို့၏ခြေများကို သိမ်းကျုံးတိုက်ခတ်သွားနိုင်လေသည်။ အိုးအိမ်များ ပျက်စီးနိုင်ပြီး ဘေးအန္တရာယ်ပေါင်းစုံ ကျရောက် လာမည်။ သို့တိုင် လေကြမ်းကြီး၏ တည်ရှိမှု၌ တန်ဖိုးရှိသလော။ လေကို ဆိုးသည်ဟု ငါပြောခဲ့သောကြောင့် ၎င်း၌ တန်ဖိုးမရှိပါဟု တစ်ဦးဦးက ထင်ကောင်းထင်မိမည် ဖြစ်သော်လည်း၊ ထိုသို့ ဟုတ်သလော။ ယင်းက လေညင်းလေးအဖြစ် ပြောင်းသွားသည့်အခါ တန်ဖိုးမရှိသလော။ ရာသီဥတုက ပူအိုက်စိုထိုင်းသောအခါ သို့မဟုတ် မွန်းကျပ်သောအခါ လူတို့သည် မည်သည်ကို အလိုအပ်ဆုံး ဖြစ်သနည်း။ သူတို့ကို ပြန်လည်လန်းဆန်းစေဖို့နှင့် သူတို့၏ အတွေးအမြင်ရှင်းစေဖို့၊ သူတို့၏ဉာဏ်ကိုသွေးဖို့၊ သူတို့၏ စိတ်အခြေအနေကို ပြုပြင်ဖို့နှင့် တိုးတက်စေဖို့ သူတို့အပေါ် လေနုအေးလေး ညင်သာစွာတိုက်ခတ်ဖို့ လိုအပ်သည်။ ဤသို့ဆိုလျှင် ဥပမာအနေဖြင့် သင်တို့အားလုံးသည် အခန်းတစ်ခန်းထဲတွင် လူအများကြီးနှင့် လေမွန်းကျပ်လျက် ထိုင်ကြသည်ဆိုလျှင် သင်တို့ မည်သည်ကို အလိုအပ်ဆုံး ဖြစ်မည်နည်း။ (လေနုအေးလေး ဖြစ်ပါသည်။) နောက်ကျိပြီး ညစ်ညမ်းနေသောလေ ရှိသည့်နေရာသို့ သွားခြင်းက လူတစ်ဦး၏ စဉ်းစားတွေးခေါ်မှုကို နှေးကွေး စေနိုင်သည်၊ သူ၏ သွေးလည်ပတ်မှုကို လျော့ကျစေနိုင်ပြီး၊ သူ၏ စိတ်ကြည်လင် ပြတ်သားမှုကို ဆုတ်ယုတ်စေနိုင်သည်။ သို့သော်လည်း လှုပ်ရှားမှုနှင့် လည်ပတ်မှု အနည်းငယ်က လေထုကို လန်းဆန်းလာစေပြီး၊ လူတို့သည် လန်းဆန်းသောလေထဲတွင် တစ်မူထူးခြားစွာ ခံစားကြသည်။ စမ်းချောင်းလေး ဘေးအန္တရာယ် ဖြစ်စေ နိုင်သော်လည်း၊ လေကြမ်းကြီးက ဘေးအန္တရာယ် ဖြစ်စေ နိုင်သော်လည်း ထိုနေရာတွင် တောင်ကြီးရှိနေသရွေ့ ထိုအန္တရာယ်ကို လူတို့အား အကျိုးပြုသည့် စွမ်းအားတစ်ခုအဖြစ် တောင်ကြီးက ပြောင်းပေးလိမ့်မည်။ ထိုသို့ဖြစ်သည်မဟုတ်လော။

ပုံဝတ္ထု၏ တတိယအပိုဒ်က မည်သည့်အကြောင်းအရာနည်း။ (တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး အကြောင်းပါ။) တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး။ ဤစာပိုဒ်ကို တောင်ခြေမှ ပင်လယ်ကမ်းစပ်တွင် ပုံဖော်ထားသည်။ တောင်၊ သမုဒ္ဒရာရေလှိုင်းလေးနှင့် ဧရာမ လှိုင်းလုံးကြီးတစ်ခုကို ငါတို့တွေ့ရသည်။ ဤဥပမာထဲတွင် လှိုင်းလုံးကြီးအတွက် တောင်ကြီးသည် မည်သည့်အရာ ဖြစ်သနည်း။ (အကာအကွယ်ပေးသူတစ်ဦးနှင့် အဟန့်အတားတစ်ခုဖြစ်သည်။) ယင်းက အကာအကွယ်ပေးသူအပြင် အဟန့်အတားတစ်ခုလည်း ဖြစ်သည်။ အကာအကွယ်ပေးသူ အနေဖြင့်၊ ၎င်းသည် ပင်လယ်ကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းသည်၊ သို့မှသာ ပင်လယ်ထဲ၌ နေထိုင်သော သတ္တဝါများမှာ မျိုးပွားပြီး၊ ရှင်သန်နိုင်လိမ့်မည်။ အဟန့်အတားအနေနှင့် တောင်ကြီးက ပင်လယ်ရေကို ရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခြင်းမှ၊ အန္တရာယ်ကို ဖြစ်စေပြီး လူတို့၏ အိုးအိမ်များကို ဖျက်ဆီးခြင်းမှ ထိန်းသိမ်းထားသည်။ ထို့ကြောင့် တောင်ကြီးသည် အဟန့်အတားလည်း ဖြစ်သလို၊ အကာအကွယ်လည်း ဖြစ်သည်ဟု ငါတို့ ပြောနိုင်သည်။

ဤသည်မှာ တောင်ကြီးနှင့် စမ်းချောင်းလေး၊ တောင်ကြီးနှင့် လေကြမ်းကြီး၊ တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ကြားက ဆက်နွှယ်မှု၏ အဓိပ္ပါယ်ဖြစ်သည်။ ဤသည်မှာ သူတို့၏ အချင်းချင်း ခွန်အားပေးခြင်းနှင့် ချေဖျက်ခြင်းအပြင်၊ သူတို့၏ အတူယှဉ်တွဲ နေထိုင်ခြင်းတို့၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းထားသည့် ဤအရာများသည် သူတို့၏ တည်ရှိမှုတွင် စည်းမျဉ်းတစ်ခုနှင့် ဥပဒေသတစ်ခုတို့၏ အုပ်ချုပ်ခြင်းကို ခံရသည်။ ထို့ကြောင့် ဤပုံဝတ္ထုထဲတွင် ဘုရားသခင်၏ မည်သည့် လုပ်ဆောင်ချက်များကို သင်မြင်ခဲ့ရသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီးကတည်းက ၎င်းတို့ကို လျစ်လျူရှုထားသလော။ သူသည် စည်းမျဉ်းများကို ဖန်တီးပေးခဲ့ပြီး အရာခပ်သိမ်းလည်ပတ်သည့် နည်းလမ်းများကို ပုံစံချခဲ့ပြီးနောက်မှာသာ ၎င်းတို့ကို လျစ်လျူရှုခဲ့လေသလော။ ယင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ဘုရားသခင်က ထိန်းချုပ် နေဆဲဖြစ်သည်။ သူက ရေ၊ လေနှင့် လှိုင်းလုံးများကို ထိန်းချုပ်ထားသည်။ သူက ၎င်းတို့ကို သောင်းကျန်းပြီး လျှောက်ပြေးခွင့် မပြုသကဲ့သို့ သူသည် ၎င်းတို့ကို အန္တရာယ် ဖြစ်စေခွင့် သို့မဟုတ် လူတို့နေထိုင်သည့် နေအိမ်များကို ဖျက်ဆီးခွင့် မပြုပါပေ။ ဤအတွက်ကြောင့်သာ လူတို့သည် ကုန်းမြေပေါ်တွင် ဆက်လက်နေထိုင်ကာ မျိုးပွားပြီး ရှင်သန်နိုင်ကြခြင်း ဖြစ်သည်။ ဤအရာက ဘုရားသခင် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်က ၎င်းတို့၏ ဖြစ်တည်မှုအတွက် စည်းမျဉ်းများကို သူ ကြိုတင်စီစဉ် ထားပြီးသားဖြစ်ကြောင်း ဆိုလိုသည်။ အရာတစ်ခုစီတိုင်းကို ဘုရားသခင်ပြုလုပ်ခဲ့စဉ်က ၎င်းက လူသားမျိုးနွယ်ကို အကျိုးပြုစေရန်အတွက် သေချာအောင် လုပ်ဆောင်ခဲ့ပြီး၊ ယင်းမှာ လူသားမျိုးနွယ်ကို ဒုက္ခမရောက်စေရန် သို့မဟုတ် သူတို့အား ဘေးအန္တရာယ် မဖြစ်စေရန်အတွက် ဘုရားသခင်က ယင်းအပေါ် ထိန်းချုပ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု မဟုတ်ခဲ့လျှင် ရေတို့သည် အထိန်းအကွပ်မဲ့ စီးကုန်မည် မဟုတ်လော။ လေသည်လည်း အထိန်းအချုပ်မဲ့ တိုက်ခတ်ကုန်မည် မဟုတ်လော။ ရေနှင့်လေတို့သည် စည်းမျဉ်းများကို လိုက်နာသလော။ ၎င်းတို့ကို ဘုရားသခင်ကသာ မစီမံခဲ့လျှင်၊ ၎င်းတို့ကို မည်သည့် စည်းမျဉ်းများကမှ ထိန်းချုပ်လိမ့်မည် မဟုတ်သည့်အပြင်၊ လေထန်ပြီး ရေများက ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေမည်။ အကယ်၍ ရေလှိုင်းကြီးသာ တောင်ကြီးထက် ပို၍မြင့်မားသွားခဲ့လျှင်၊ ပင်လယ်သည် တည်ရှိ နေနိုင်ဦးမည်လော။ တည်ရှိ မနေနိုင်ပါ။ တောင်ကြီးက လှိုင်းလုံးကြီးတမျှ မမြင့်ပါက ပင်လယ်မှာ တည်ရှိမည် မဟုတ်သည့်အပြင်၊ တောင်ကြီးက သူ၏တန်ဖိုးနှင့် အရေးပါမှုကို ဆုံးရှုံးရလိမ့်မည်။

ဤပုံဝတ္ထုနှစ်ခုအတွင်း၌ ဘုရားသခင်၏ ဉာဏ်ပညာကို သင်တို့မြင်သလော။ ဘုရားသခင်သည် တည်ရှိသမျှ အရာတိုင်းကို ဖန်ဆင်းခဲ့ပြီး သူသည် တည်ရှိသမျှ အရာတိုင်း၏ အချုပ်အချာပင် ဖြစ်သည်။ သူသည် ထိုအရာအားလုံးကို စီမံခန့်ခွဲပြီး ထိုအရာ အားလုံးကို သတ်မှတ်ပြဋ္ဌာန်းထားသည့်အပြင် အရာခပ်သိမ်းထဲတွင် တည်ရှိသမျှ အရာတိုင်း၏ ပြောဆိုချက်နှင့် လုပ်ဆောင်ချက်တိုင်းကို မြင်တွေ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထိုနည်းတူ ဘုရားသခင်သည် လူ့ဘဝ၏ နေရာအနှံ့ကို မြင်တွေ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်းထဲ၌ တည်ရှိသည့် အရာတိုင်း၏ အသေးစိတ်တစ်ခုစီကို အရာတစ်ခုစီ၏ လုပ်ငန်းတာဝန်၊ ၎င်း၏သဘာဝနှင့် ဆက်လက် ရှင်သန်မှုအတွက် ၎င်း၏စည်းမျဉ်းများမှနေ၍ ၎င်းအသက်၏ အရေးပါမှုနှင့် ၎င်းတည်ရှိမှု၏ တန်ဖိုးတို့အထိ အတွင်းကျကျ သိရှိသည်၊ ဤအရာအားလုံးကို ဘုရားသခင်က အလုံးစုံ သိရှိလေသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည် ဖြစ်၍ သူ့အနေဖြင့် ၎င်းတို့ကို ထိန်းချုပ်ထားသည့် စည်းမျဉ်းများကို လေ့လာဖို့လိုအပ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်သည် ၎င်းတို့ကို လေ့လာဖို့နှင့် နားလည်ဖို့အတွက် လူ့အသိပညာ သို့မဟုတ် သိပ္ပံပညာကို သင်ယူရန် လိုအပ်သလော။ (မလိုအပ်ပါ။) ဘုရားသခင်ကဲ့သို့ အရာခပ်သိမ်းကို နားလည်ရန်အတွက် သညာနှင့် အသိပညာတို့ဖြင့် ပြည့်စုံသောသူ လူသားမျိုးနွယ်ထဲတွင် တစ်ဦးတစ်ယောက် ရှိသလော။ မရှိသည်မဟုတ်လော။ အရာခပ်သိမ်း ရှင်သန်ကြီးထွားသည့် စည်းမျဉ်းများကို အမှန်တကယ် နားလည်သည့် နက္ခတ္တဗေဒပညာရှင်များ သို့မဟုတ် ဇီဝဗေဒပညာရှင်များ တစ်ဦးဦးရှိသလော။ အရာတစ်ခုစီတိုင်း တည်ရှိနေမှု၏ တန်ဖိုးကို သူတို့ အမှန်တကယ် နားလည်နိုင်သလော။ (သူတို့ နားမလည်နိုင်ပါ။) ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဖြစ်၍၊ လူသားမျိုးနွယ်သည် ဤအသိပညာကို အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း လေ့လာသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းကိုလေ့လာဖို့ သူတို့ အဘယ်မျှလောက် ကြိုးပမ်းသည်ဖြစ်စေ သူတို့သည် အရာခပ်သိမ်းအား ဘုရားသခင့်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက် သို့မဟုတ် လျှို့ဝှက်နက်နဲမှုကို မည့်သည့်အခါမှ ဉာဏ်မှီနိုင်လိမ့်မည် မဟုတ်ပါ၊ ယင်းက ထိုသို့ဖြစ်သည်မဟုတ်လော။ ဤသို့ဆိုလျှင် ယင်းအထိ ငါတို့၏ဆွေးနွေးချက်မှနေ၍ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည့် စကားရပ်၏ စစ်မှန်သောအဓိပ္ပါယ်အား တစ်စိတ်တစ်ဒေသ နားလည်မှုကို ရရှိပြီဟု သင်တို့ခံစားရသလော။ (ခံစားရပါသည်။) ငါသည် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည့် ဤအကြောင်းအရာကို ဆွေးနွေးသောအခါ လူများစွာက “ဘုရားသခင်သည် သမ္မာတရား ဖြစ်ပြီး၊ ဘုရားသခင်သည် ငါတို့ကို ထောက်ပံ့ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်” ဟူသော နောက်ထပ် စကားရပ်ကို ချက်ချင်းတွေးမိကြပြီး အကြောင်းအရာ၏ အဓိပ္ပာယ် အဆင့်ကို ကျော်လွန်၍ ဘာမျှမတွေးမိကြမည်ကို ငါသိသည်။ လူ့ဘဝအပေါ် ဘုရားသခင်၏ ထောက်ပံ့ပေးခြင်း၊ နေ့စဉ် အစားအသောက်နှင့် နေ့စဉ်လိုအပ်ချက်တို့အား ထောက်ပံ့ ပေးခြင်းသည် လူအတွက် ဘုရားသခင်၏ ကျွေးမွေး စောင့်ရှောက်ခြင်းအဖြစ် လက်ခံ၍မရဟုပင် တစ်ချို့က ထင်မိကြမည်။ ဤသို့ယူဆသောသူအချို့ ရှိကြသည် မဟုတ်လော။ သို့တိုင် လူသားမျိုးနွယ်သည် ဖြစ်တည်ဖို့နှင့် ပုံမှန် အသက်ရှင် ဖြစ်တည်နေနိုင်ဖို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏ ဖန်ဆင်းခြင်း၌ ထင်ရှားပေါ်လွင်သည် မဟုတ်လော။ ဘုရားသခင်သည် လူတို့နေထိုင်သည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပေးပြီး သူတို့၏ ဆက်လက်ရှင်သန်ရေးအတွက် လူသားမျိုးနွယ် လိုအပ်သည့် အရာများအားလုံးကို သူက ထောက်ပံ့ပေးသည်။ ထို့ပြင် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို စီမံခန့်ခွဲပြီး စွဲကိုင်ထားသည်။ ဤအရာအားလုံးက လူသားမျိုးနွယ်ကို နေထိုင်ရန်၊ ရှင်သန်ရန်နှင့် ပုံမှန်မျိုးပွားရန် အခွင့်ပေးထားသည်။ ယင်းမှာ ဘုရားသခင်က ဖန်ဆင်းခြင်းအားလုံးနှင့် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးသည့် နည်းလမ်းပင်ဖြစ်သည်။ ဤအရာများကို လူတို့က မှတ်မိဖို့နှင့် နားလည်ဖို့ လိုအပ်သည်ဟူသည်မှာ မမှန်ကန်သလော။ တစ်ချို့က “ဤအကြောင်းအရာမှာ စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်သည်၊ ကျွန်ုပ်တို့၏ အသိပညာနှင့် အလွန်ဝေးကွာလွန်းပြီး၊ ကျွန်ုပ်တို့သည် ဤအရာကို မသိချင်ပါ၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် မုန့်အားဖြင့်သာ အသက်မရှင်၊ ထို့အစား ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည်” ဟု ပြောကောင်းပြောကြမည်။ ဤနားလည်ခြင်းက မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းက အဘယ့်ကြောင့် မမှန်ကန်သနည်း။ ဘုရားသခင် ပြောထားသည့် အရာများအပေါ် သင်၌သာ အသိပညာရှိပါက ဘုရားသခင်အပေါ် ပြည့်စုံသော နားလည်ခြင်း သင်တို့ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုသာ လက်ခံသည်ဆိုလျှင် သင်၌ ဘုရားသခင်အပေါ် ပြည့်စုံသောနားလည်ခြင်း ရှိနိုင်မည်လော။ သင်သည် ဘုရားသခင့် စိတ်သဘောထား၏ အစိတ်အပိုင်းလေး တစ်ခု၊ ဘုရားသခင့် အခွင့်အာဏာ၏ အစိတ်အပိုင်းလေးတစ်ခုကို သိသည်ဆိုလျှင် ဘုရားသခင်အား နားလည်ခြင်းကိုရရှိဖို့ လုံလောက်ပြီဟု ယင်းကို ယူဆမည်လော။ (မယူဆပါ။) ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းအား သူ၏ဖန်ဆင်းခြင်းနှင့် အစပြုပြီး ယနေ့ ၎င်းတို့ ဆက်လက်၍ သွားနေသည်- ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အမြဲတမ်း အချိန်မရွေး ပေါ်လွင်ထင်ရှားနေကြသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်က လူတစ်ဖွဲ့ကို သူတို့အပေါ် သူ၏အမှုကို ပြုလုပ်ရန်နှင့် ကယ်တင်ရန်အတွက် သူရွေးချယ်ပြီးဖြစ်သောကြောင့်သာ ဘုရားသခင် တည်ရှိသည်ဟူ၍လည်းကောင်း၊ သူ၏ အချုပ်အခြာ အာဏာ၊ သူ၏ပင်ကိုလက္ခဏာ၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များ အခြားမည်သည့်အရာကမျှ ဘုရားသခင်နှင့် မစပ်ဆိုင်ဟူ၍ လည်းကောင်း၊ ယုံကြည်သည်ဆိုလျှင် သူ့ကို ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်ခြင်းရှိသည်ဟု ယူဆနိုင်သလော။ ဤအမည်ခံ “ဘုရားသခင်အား သိနားလည်ခြင်း” ရှိသော လူတို့၌ တစ်ဖက်သတ်ဆန်သော နားလည်ခြင်းသာ ရှိကြပြီး၊ ယင်းအားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူအုပ်စုတစ်စုအတွက် ကန့်သတ်ထားကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သောသိနားလည်ခြင်း ဟုတ်သလော။ ဤသိနားလည်ခြင်းမျိုး ရှိသည့် လူတို့သည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ၎င်းတို့အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်နေကြသည် မဟုတ်သလော။ လူတစ်ချို့က ဤအချက်ကို အာရုံမစိုက်လိုကြဘဲ၊ ထို့အစား “အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်ုပ်မမြင်ရပါ။ ဤထင်မြင်ချက်က အလွန်ခြားနားလွန်းပြီး ကျွန်ုပ် ၎င်းကို နားလည်ဖို့ အရေးမစိုက်ပါ။ ဘုရားသခင်က သူလုပ်ချင်ရာကို လုပ်ပြီး ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီး စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ ဦးဆောင်မှုနှင့် သူ၏ နှုတ်ကပတ်တော်ကိုသာ လက်ခံသည်။ အခြားမည်သည့်အရာမျှ ကျွန်ုပ်အတွက် အရေးမကြီးပါ။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့သည့်အချိန်တွင် သူပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်းများဖြစ်စေ၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ကျွေးမွေးစောင့်ရှောက်ရန် သူပြုလုပ်သည့်အရာ ဖြစ်စေ ကျွန်ုပ်နှင့် မသက်ဆိုင်ပါ” ဟု သူတို့ကိုယ်သူတို့ စဉ်းစားကြသည်။ ဤသည်မှာ အဘယ်သို့သော စကားမျိုး ဖြစ်သနည်း။ ဤသည်မှာ ပုန်ကန်ခြင်း၏ လုပ်ရပ်တစ်ခု မဟုတ်လော။ သင်တို့ထဲတွင် ဤကဲ့သို့သော နားလည်ခြင်းရှိသောသူ တစ်ဦးဦးရှိသလော။ သင်တို့ ထိုသို့မပြောဘဲနှင့်ပင် ဤနေရာ၌ရှိသည့် များစွာသော သင်တို့က ပြောကြသည်ကို ငါသိသည်။ ဤကဲ့သို့ စာအုပ်ကြီးသမားသည် အရာရာကို သူတို့၏ကိုယ်ပိုင် “ဝိညာဉ်ရေး” ရှုထောင့်မှ ကြည့်ကြသည်။ သူတို့က ဘုရားသခင်ကို သမ္မာကျမ်းစာ ထဲတွင်သာ ကန့်သတ်ချင်သည်၊ ဘုရားသခင်ကို သူပြောထားခဲ့သည့် စကားလုံးများကို ရေးသားထားသည့်စာအရှိအတိုင်းသာ နားလည်ခြင်းဖြင့် ကန့်သတ်ချင်သည်။ သူတို့သည် ဘုရားသခင်ကို ပို၍သိလိုခြင်း မရှိကြသည့်အပြင်၊ သူတို့သည် ဘုရားသခင်ကို အခြားအရာများ ပြုလုပ်ခြင်းအားဖြင့် သူ၏အာရုံကို မထွေပြား စေချင်ကြပါ။ ဤတွေးခေါ်ခြင်းမျိုးသည် ကလေးဆန်ပြီး၊ ယင်းက အလွန်အမင်း ဘာသာရေးလည်း ဆန်သည်။ ဤအမြင်များကို လက်ကိုင်ထားသည့် လူတို့က ဘုရားသခင်ကို သိနိုင်သလော။ သူတို့အနေဖြင့် ဘုရားသခင်ကိုသိဖို့ အလွန်ခက်ခဲလိမ့်မည်။ ယနေ့ ငါသည် ပုံဝတ္ထုနှစ်ခုကို ပြောပြီး တစ်ခုစီက ခြားနားသောကဏ္ဍကို လိပ်မူသည်။ ၎င်းတို့နှင့် ထိတွေ့ပြီးသည့်နောက် သင်တို့က အကြောင်းအရာများက နက်နဲသည် သို့မဟုတ် အနည်းငယ် စိတ္တဇသဘောဆန်ပြီး သဘောပေါက်နားလည်ဖို့ ခက်သည်ဟု ခံစားကောင်း ခံစားရနိုင်သည်။ ၎င်းတို့ကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်ရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးနှင့် ဖန်ဆင်းခြင်းအတွင်းနှင့် လူသားမျိုးနွယ် အကြားတွင် သူပြုလုပ် ပေးခဲ့သည့် အရာအားလုံးကို ဘုရားသခင်ကိုသိနားလည်ဖို့ ကြိုးစားသူတိုင်း ရှင်းရှင်းလင်းလင်း တိတိကျကျ သိသင့်သည်။ ဤအသိက ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို သင် ယုံကြည်ရာ၌ အာမခံချက်ကို ပေးလိမ့်မည်။ ယင်းက သင့်အား ဘုရားသခင်၏ ဉာဏ်ပညာ၊ သူ၏တန်ခိုးနှင့် အရာခပ်သိမ်းကို သူ ကြိုတင် စီမံထားသည့် ပုံစံအပေါ် တိကျသော သိနားလည်ခြင်း ကိုလည်း ပေးလိမ့်မည်။ ယင်းက သင့်အား ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို ရှင်းရှင်းလင်းလင်း စိတ်ကူးရဖို့နှင့် သူ၏ တည်ရှိခြင်းသည် စိတ်ကူးယဉ်မဟုတ်၊ ဒဏ္ဍာရီ မဟုတ်၊ မရေမရာ မဟုတ်၊ သဘောတရားမျှသာ မဟုတ်သည့်အပြင်၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှု လုံးဝမဟုတ်ဘဲ အမှန်တကယ် တည်ရှိခြင်း ဖြစ်ကြောင်းကို သိဖို့ အခွင့်ပေးလိမ့်မည်။ ထို့အပြင် ယင်းက ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးနှင့် လူသားမျိုးနွယ်တို့အား အမြဲတမ်း ထောက်ပံ့ပေးသည်ကို လူတို့အား သိခွင့်ပေးသည်။ ဘုရားသခင်က ဤအရာကို သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် သူ၏ကိုယ်ပိုင် စည်းချက်အတိုင်း ပြုလုပ်သည်။ ထို့ကြောင့် ၎င်းသည် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး သူ၏ ကြိုတင်ပြဋ္ဌာန်းချက်အောက်တွင် သူတို့၏ ခွဲဝေပေးထားသည့် အလုပ်တာဝန်များကို ဆောင်ရွက်ရန်၊ သူတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့် သူတို့၏ကိုယ်ပိုင် အခန်းကဏ္ဍများကို ထမ်းဆောင်ရန်အတွက် သူတို့တစ်ဦးချင်းစီက တတ်နိုင်သော စည်းမျဉ်းများကို ပေးထားသောကြောင့် ဖြစ်သည်။ သူ၏ ကြိုတင်ပြဋ္ဌာန်းချက် အောက်တွင် အရာတစ်ခုစီက လူသားမျိုးနွယ်အတွက်နှင့် လူသားများ နေထိုင်သည့် နေရာနှင့် ပတ်ဝန်းကျင်အတွက် အစေခံရာ၌ မိမိ၏ကိုယ်ပိုင်အသုံးဝင်မှု ရှိကြလေသည်။ အကယ်၍ ဘုရားသခင်က ထိုကဲ့သို့ ပြုလုပ်မထားခဲ့ဘဲ လူသားမျိုးနွယ် နေထိုင်ရန် ထိုကဲ့သို့သော ပတ်ဝန်းကျင်မရှိခဲ့ပါက၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်အပေါ် ယုံကြည်ခြင်း သို့မဟုတ် သူ့နောက်လိုက်ခြင်းတို့က ဖြစ်နိုင်မည် မဟုတ်ပါ၊ ၎င်းတို့အားလုံးသည် အနှစ်သာရမဲ့သော ပြောဆိုခြင်း သဘောမျှသာ သက်ရောက်မည်။ ၎င်းက ထိုသို့ပင်မဟုတ်လော။

ကြီးမားသည့် တောင်ကြီးနှင့် စမ်းချောင်းလေးပုံဝတ္ထုကို နောက်တစ်ခေါက် ကြည့်ကြပါစို့။ တောင်ကြီး၏အသုံးဝင်ပုံက အဘယ်နည်း။ သက်ရှိသတ္တဝါများမှာ တောင်ကြီးပေါ်တွင် ရှင်သန်ကြသည့်အတွက် တောင်ကြီး၏တည်ရှိမှုတွင် ပင်ကိုတန်ဖိုး ရှိသည်၊ တောင်ကြီးက စမ်းချောင်းလေးကို သူစီးဆင်းလိုသည့် အတိုင်း စီးဆင်းသွားပြီး၊ လူတို့အတွက် ဘေးန္တရာယ်ကို သယ်ဆောင်မသွားအောင်လည်း တားဆီးပိတ်ဆို့သည်။ ယင်းက ထိုသို့မဟုတ်လော။ တောင်ကြီးက သူ့ကိုယ်ပိုင်ဖြစ်တည်သည့် နည်းလမ်းအတိုင်း တည်ရှိနေကာ၊ တောင်ပေါ်တွင်ရှိသည့် သစ်ပင်များ၊ မြက်ပင်များနှင့်၊ အခြားအပင်များနှင့် တိရစ္ဆာန်များ အားလုံးကဲ့သို့သော မရေမတွက်နိုင်သည့် သက်ရှိသတ္တဝါများကို ထိုအပေါ်တွင် ရှင်သန်ကြီးထွားခွင့်ပေးသည်။ ယင်းက စမ်းချောင်းလေး၏ စီးဆင်းရာလမ်းကြောင်းကို ညွှန်ပြပေးသည်- တောင်ကြီးက စမ်းချောင်းထဲက ရေများကို စုဆောင်းပြီး၊ သူတို့ကို ပင်ခြေတဝိုက်တွင် သဘာဝကျကျ စီးဆင်းဖို့ လမ်းပြပေးကာ၊ ထိုနေရာမှ မြစ်ထဲနှင့် နောက်ဆုံးတွင် ပင်လယ်ထဲသို့ စီးဝင်စေမည် ဖြစ်သည်။ ဤစည်းမျဉ်းများမှာ သဘာဝအတိုင်း ပေါ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ၊ အထူးသဖြင့် ဖန်ဆင်းခြင်းအချိန်တွင် ဘုရားသခင်က နေရာတကျ ထားရှိခဲ့ခြင်း ဖြစ်သည်။ တောင်ကြီးနှင့် လေကြမ်းကြီးဆိုလျှင် တောင်ကြီးကလည်း လေကို လိုအပ်သည်။ တောင်ပေါ်တွင် နေထိုင်သည့် သက်ရှိသတ္တဝါများကို ကြင်နာစွာ ထိတွေ့ဖို့ တောင်က လေကို လိုအပ်သကဲ့သို့၊ တစ်ချိန်တည်းတွင် လေကြမ်းကြီးက လက်လွတ်စပယ် မတိုက်ခတ်ဖို့ရန်အတွက် ယင်း၏ပြင်းအားကို ကန့်သတ်ထားလေသည်။ ဤစည်းမျဉ်းက တောင်ကြီး၏တာဝန်ကို အတိုင်းအတာတစ်ခုထိ ပုံဖော်သည်။ ထိုသို့ဆိုလျှင် တောင်ကြီး၏တာဝန်နှင့် သက်ဆိုင်သည့် ဤစည်းမျဉ်းမှာ သူ့ဘာသာ ပုံစံပေါ်လာခဲ့ခြင်းလော။ (မဟုတ်ပါ။) ယင်းကို ဘုရားသခင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ တောင်ကြီးတွင် သူ့တာဝန်ရှိသလို လေကြမ်းကြီးတွင်လည်း သူ့တာဝန်ရှိသည်။ ယခု တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီးအကြောင်းကို သွားကြစို့။ တောင်ကြီးသာ မရှိလျှင် ရေသည် စီးဆင်းဖို့ ဦးတည်ရာကို သူ့ဘာသာ ရှာတွေ့မည်လော။ (ရှာတွေ့မည်မဟုတ်ပါ။) ရေလျှံသွားမည်။ တောင်ကြီး၌ တောင်အနေနှင့် သူ့ကိုယ်ပိုင် တည်ရှိမှုဆိုင်ရာ တန်ဖိုးရှိပြီး၊ ပင်လယ်ကလည်း ပင်လယ်အနေနှင့် သူ့ကိုယ်ပိုင် တည်ရှိမှုဆိုင်ရာတန်ဖိုး ရှိသည်။ သို့သော်လည်း သူတို့ အတူတကွ ပုံမှန် တည်ရှိနေနိုင်ပြီး၊ တစ်ဦးနှင့်တစ်ဦး မနှောင့်ယှက်သည့် အခြေအနေများအောက်တွင် သူတို့သည်လည်း တစ်ဦးနှင့်တစ်ဦး ကန့်သတ်ပိတ်ပင်ထားကြသည်၊ တောင်ကြီးက ပင်လယ်ကို ကန့်သတ်ပိတ်ပင်သည့်အတွက် ရေမကြီးတော့ပါ၊ ထိုသို့ဖြင့် လူတို့၏ အိုးအိမ်များကို ကာကွယ်ပေးခြင်းနှင့် ပင်လယ်ကို ကန့်သတ် ပိတ်ပင်ခြင်းကလည်း ၎င်းကို ပင်လယ်ထဲတွင် နေထိုင်ကြသည့် သက်ရှိသတ္တဝါများကို ပြုစုပျိုးထောင်ရန်လည်း အခွင့်ပေးသည်။ ဤရှုခင်းက သူ့ဘာသာ ရုပ်လုံးပေါ်လာခဲ့သလော။ (မဟုတ်ပါ။) ၎င်းကိုလည်း ဘုရားသခင် ဖန်တီးခဲ့သည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်အချိန်တွင် တောင်က မည်သည့်နေရာတွင် ရှိမည်၊ စမ်းချောင်းက မည်သည့်နေရာတွင် စီးဆင်းမည်၊ လေကြမ်းကြီးက မည်သည့်အရပ်မှ စတင် တိုက်ခတ်ပြီးနောက် မည်သည့်အရပ်ကို သွားမည်၊ ထို့ပြင် ဧရာမလှိုင်းလုံးကြီးများ မည်မျှလောက်ထိ မြင့်တက်သင့်သည် ဟူသည်တို့ကို သူက ကြိုတင်ပြဋ္ဌာန်းပြီးသား ဖြစ်သည်ကို ဤပုံရိပ်မှ ငါတို့မြင်ရလေသည်။ ဤအရာများအားလုံးတွင် ဘုရားသခင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်တို့ ပါဝင်ပြီးလျှင် ယင်းတို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အရာခပ်သိမ်း၌ ပါရှိသည်ကို သင်တို့ ယခုမြင်နိုင်ပြီလော။ (မြင်နိုင်ပါပြီ။)

ဤအရာများကို ဆွေးနွေးရာတွင် ငါတို့၏ ရည်ရွယ်ချက်က အဘယ်နည်း။ ယင်းက အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့သည့် စည်းမျဉ်းများကို လူတို့အား လေ့လာစေဖို့လော။ ယင်းက နက္ခတ္တဗေဒနှင့် ပထဝီဝင်၌ စိတ်ဝင်စားလာစေရန် အားပေးဖို့လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူတို့အား နားလည်စေဖို့ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲတွင် ဘုရားသခင်သည် အရာခပ်သိမ်း၏ အသက်အရင်းအမြစ် ဖြစ်ကြောင်းကို လူတို့က အတည်ပြုပြီး စိစစ်နိုင်မည်ဖြစ်သည်။ သင်ဤအရာကို နားလည်နိုင်လျှင် သင်သည် သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏နေရာကို အမှန်တကယ် ခိုင်မာစေနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်၊ ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် အရာခပ်သိမ်း၏ ဖန်ဆင်းရှင် ဖြစ်သည်ကို သင် အတည်ပြုနိုင်လိမ့်မည်။ ထို့ကြောင့် ယင်းက အရာအားလုံး၏ စည်းမျဉ်းများကိုသိဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သိဖို့ရန် သင်၏ ဘုရားသခင်အား နားလည်ခြင်းအတွက် အသုံးဝင်သလော။ (အသုံးဝင်ပါသည်။) မည်ကဲ့သို့ အသုံးဝင်သနည်း။ ပထမဦးစွာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် နားလည်ပြီးသည့်အခါတွင် နက္ခတ္တဗေဒနှင့် ပထဝီဝင်ကို သင် စိတ်ဝင်စားနိုင်ဦးမည်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖန်ဆင်းရှင်ဖြစ်သည်ကို မယုံကြည်ဘဲ သံသယဝင်သူ၏ နှလုံးသား သင့်တွင် ရှိနိုင်ဦး မည်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖန်ဆင်းရှင် ဖြစ်သည်ကို သံသယနှင့် သုတေသနပညာရှင်၏ နှလုံးသား ရှိနိုင်ဦးမည်လော။ (မရှိနိုင်ပါ။) ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖန်ဆင်းရှင်ဖြစ်သည်ကို သင် အတည်ပြုပြီး ဘုရားသခင့် ဖန်ဆင်းခြင်း၏ စည်းမျဉ်းများအချို့ကို နားလည်ပြီးသည့်အချိန်တွင် ဘုရားသခင်က အရာခပ်သိမ်းကို ထောက်ပံ့ကြောင်း သင့်စိတ်နှလုံး ထဲတွင် အမှန်တကယ် ယုံကြည်လိမ့်မည်လော။ (ယုံကြည်မည်။) ဤနေရာတွင် “ထောက်ပံ့ခြင်း” က သီးသန့်အဓိပ္ပာယ် ရှိသလော သို့မဟုတ် ၎င်း၏အသုံးအနှုန်းက တိကျသောအခြေအနေတစ်ခုကို ရည်ညွှန်းသလော။ “ဘုရားသခင်က အရာခပ်သိမ်းကို ထောက်ပံ့သည်” ဟူသည်မှာ အလွန်ကျယ်ပြန့်သည့် အဓိပ္ပါယ်နှင့် အတိုင်းအတာရှိသည့် စကားရပ်တစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့ကို ၎င်းတို့၏ နေ့စဉ် စားသောက်စရာမျှကိုသာ ထောက်ပံ့ပေးခြင်း မဟုတ်ပေ။ သူသည် လူတို့ မြင်နိုင်သည့် အရာများသာမက မမြင်နိုင်သည့် အရာများလည်း အပါအဝင် လူသားမျိုးနွယ် လိုအပ်သမျှကို ထောက်ပံ့ပေးသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် မရှိမဖြစ်လိုအပ်သည့် ဤသက်ရှိပတ်ဝန်းကျင်ကို ထိန်းသိမ်း၊ စီမံခန့်ခွဲပြီး အုပ်ချုပ်သည်။ ဆိုလိုသည်မှာ ရာသီဥတုတစ်ခုစီအတွက် လူသားမျိုးနွယ်က လိုအပ်သော မည်သည့်ပတ်ဝန်းကျင်ကိုမဆို ဘုရားသခင်က ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဘုရားသခင်က လေနှင့် အပူချိန်အမျိုးအစားကို လူသား၏ ရှင်သန်ရပ်တည်ရေးအတွက် သင့်တော်နိုင်ရန်လည်း စီမံခန့်ခွဲပေးသည်။ ဤအရာများကို ထိန်းချုပ်သည့် စည်းမျဉ်းများသည် သူတို့ဘာသာ သို့မဟုတ် ကြုံရာကျပန်း ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့လုပ်ဆောင်ချက်များ၏ ရလဒ်များပင် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်မှာ ဤစည်းမျဉ်းများအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး အရာအားလုံးတို့၏ အသက်အရင်းအမြစ် ဖြစ်သည်။ ယင်းကို သင် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ယင်းကို သင် မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် ယင်းကို သင် နားလည် နိုင်သည် ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ ဤအရာသည် အခြေခိုင်ပြီး မပြိုပျက်နိုင်သည့် အမှန်တရားတစ်ခုအဖြစ် ရပ်တည်သည်။

လူအများစုကြီးက သမ္မာကျမ်းစာထဲတွင် ပါဝင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်၌သာ ယုံကြည် ကြသည်ကို ငါသိသည်။ လူနည်းစုအတွက် ဘုရားသခင်က သူ၏ လုပ်ဆောင်ချက်များကို ဖော်ပြထားပြီး လူတို့အား သူ့ဖြစ်တည်မှု၏ တန်ဖိုးကို မြင်တွေ့ခွင့်ပြုထားလေသည်။ သူသည် ၎င်းတို့ကို သူ၏ ပင်ကိုလက္ခဏာအား နားလည်ခြင်းအနည်းငယ်ကိုလည်း ရှိစေကာ သူ့တည်ရှိမှု၏ အမှန်တရားကို အတည်ပြုထားစေသည်။ သို့သော်လည်း နောက်ထပ်လူများစွာအတွက် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းကို သူက စီမံခန့်ခွဲကာ ထောက်ပံ့နေသည်ဟူသည့်အချက်မှာ မရေမရာ သို့မဟုတ် မတိမကျသည့်ပုံပေါက်သည်။ ထိုကဲ့သို့သော လူတို့က သံသယ ဝင်တတ်သည့် သဘောထားကိုပင် ဆုပ်ကိုင်ထားကြနိုင်သည်။ ဤသဘောထားက သဘာဝလောကကြီး၏ နည်းဥပဒေသများသည် အလိုအလျောက် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် သဘာဝတရား၏ အပြောင်းအလဲများ၊ အသွင်ကူးပြောင်းခြင်းများ၊ သဘာဝဖြစ်စဉ်များ နှင့် ယင်းကို အုပ်ချုပ်သည့် နည်းဥပဒေသများ ပင်လျှင် သူ့ဘာသာ သဘာဝတရားမှ ပေါ်ထွက်လာခဲ့သည်ဟု လူတို့ကို တစ်သမတ်တည်း ယုံကြည်သွားစေသည်။ လူတို့သည် သူတို့၏ စိတ်နှလုံးထဲတွင် အရာအားလုံးကို ဘုရားသခင်က မည်သို့ဖန်ဆင်းခဲ့ပြီး ၎င်းတို့ကို မည်သို့အုပ်ချုပ်ကြောင်း စိတ်ကူးမပေါက်နိုင်ကြပေ။ ဘုရားသခင်က အရာအားလုံးကို မည်သို့စီမံခန့်ခွဲပြီး ထောက်ပံ့သည်ကို သူတို့ နားမလည်နိုင်ကြပေ။ ဤအဆို၏ ကန့်သတ်မှုများအောက်တွင် လူတို့သည် ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အုပ်စိုးကာ ထောက်ပံ့ပေးသည်ကို မယုံကြည်နိုင်ကြပါ။ ယုံကြည်သည့်သူများပင်လျှင် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ် နှင့် နိုင်ငံတော်ခေတ်တို့တိုင်အောင် သူတို့၏ ယုံကြည်မှု၌ အကန့်အသတ်ရှိကြသည်- သူတို့က လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် သူ၏ ထောက်ပံ့ခြင်းများသည် သူ၏ အရွေးချယ်ခံလူများအတွက် သီးသန့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ မြင်တွေ့ရန် ငါအစက်ဆုပ်ဆုံးအရာတစ်ခု ဖြစ်ပြီး၊ နာကျင်မှုများစွာ ဖြစ်စေသော အရာတစ်ခု ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ဘုရားသခင် ယူဆောင်လာသည့် အရာအားလုံးကို ခံစားပျော်မွေ့ ကြစဉ်မှာပင် သူတို့သည် သူလုပ်သမျှအားလုံးနှင့် သူတို့အား သူပေးသမျှအားလုံးကို ငြင်းပယ်နေကြသောကြောင့် ဖြစ်သည်။ လူတို့က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ၎င်းတို့ကိုယ်ပိုင် သဘာဝစည်းမျဉ်းများနှင့် ၎င်းတို့ကိုယ်ပိုင် သဘာဝနည်း ဥပဒေသများက အုပ်ချုပ်ထားသည်၊ ထို့ပြင် ၎င်းတို့ကို စီမံခန့်ခွဲရန် အုပ်ချုပ်သူတစ်ဦးဦး သို့မဟုတ် ၎င်းတို့ကို ထောက်ပံ့ပြီး၊ ကာကွယ်စောင့်ရှောက်မည့် အရှင်သခင်တစ်ဦးဦး သူတို့တွင် မရှိပါဟုသာ ယုံကြည်ကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဤအရာများအားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်သည်ဟု သင်ယုံကြည်မည်မဟုတ်ပါ။ စင်စစ် ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသူတိုင်းနှင့် ဘုရားသခင် နောက်လိုက်သည့်သူတိုင်း အများဆုံး မကြာခဏလျစ်လျူရှုသည်ကို ခံရသည့် အရာများထဲက တစ်ခုဖြစ်သည်။ ထို့ကြောင့် ငါက သမ္မာကျမ်းစာ သို့မဟုတ် အမည်ခံ ဝိညာဉ်ဆိုင်ရာဝေါဟာရနှင့် မဆက်စပ်သည့် အရာတစ်ခုခုကို စတင်ဆွေးနွေးလိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ချို့က ပျင်းရိလာကြသည်၊ သို့မဟုတ် ပင်ပန်းလာကြသည်၊ သို့မဟုတ် စိတ်မသက်မသာပင် ဖြစ်လာကြသည်။ ငါ၏နှုတ်တော်ထွက်များက ဝိညာဉ်ရေးရာ လူများနှင့် ဝိညာဉ်ရေးရာ အရာများနှင့် အဆက်အစပ်ရှိပုံမရဟု သူတို့ခံစားကြသည်။ ၎င်းသည် ဆိုးဝါးသောအရာဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သိခြင်းနှင့် ပတ်သက်လာလျှင် ငါတို့သည် နက္ခတ္တဗေဒအကြောင်း မပြော၊ ပထဝီဝင် သို့မဟုတ် ဇီဝဗေဒကိုလည်း သုတေသန မလုပ်ကြသည့်တိုင် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ငါတို့သိရမည်၊ အရာအားလုံးအတွက် သူ၏ထောက်ပံ့ခြင်းနှင့် သူသည် အရာအားလုံး၏ အရင်းအမြစ် ဖြစ်သည်ကို ငါတို့သိရမည်။ ဤသည်မှာ လိုအပ်သော သင်ခန်းစာတစ်ခုနှင့် မဖြစ်မနေ လေ့လာရမည့် သင်ခန်းစာဖြစ်သည်၊ ငါ၏နှုတ်တော်ထွက်များကို သင်တို့နားလည်ကြပြီဟု ငါယုံကြည်သည်။ နားလည်သလော။

အကြောင်းအရာနှင့် ဖော်ပြချက်ပုံစံ၌ အနည်းငယ် တစ်မူထူးခြားသော်လည်း၊ သူတို့ဖြစ်မြဲအတိုင်း အတော်အတန် ထူးခြားသည့် နည်းလမ်းအတိုင်း ပြောပြထားခြင်းဖြစ်သော ငါယခုပင်ပြောပြခဲ့သည့် ပုံဝတ္ထုနှစ်ခုတို့မှာ သင်တို့အား ပို၍နက်နဲသောအရာကို ရရှိပြီး လက်ခံရန် အကူအညီပေးဖို့အတွက် လွယ်ကူရှင်းလင်းသည့် ဘာသာစကားနှင့် ရိုးရှင်းသောနည်းလမ်းကို အသုံးပြုရန်အတွက် ငါ၏အားထုတ်မှု ဖြစ်ခဲ့သည်၊ ဤသည်မှာ ငါ၏ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်သည်။ ဤပုံဝတ္ထုလေးများနှင့် ၎င်းတို့ရေးဆွဲသည့် ပုံလွှာများထဲတွင် ဘုရားသခင်သည် အရာအားလုံးတို့အပေါ် အချုပ်အခြာအာဏာဖြစ်သည်ကို သင်တို့အား မြင်တွေ့ပြီး ယုံကြည်စေလိုသည်။ ဤပုံဝတ္ထုများကို ပြောပြရခြင်း၏ ရည်ရွယ်ချက်က ပုံဝတ္ထုတစ်ခု၏ ဘောင်ခတ်ထားသည့် ကန့်သတ်ချက်များအတွင်းတွင် ဘုရားသခင်၏ ကန့်သတ်၍ မရနိုင်သည့် လုပ်ဆောင်ချက်များကို သင်တို့အား မြင်တွေ့သိရှိခွင့် ပေးဖို့ ဖြစ်သည်။ သင်သည် အပြည့်အဝ သဘောပေါက်ပြီး သင်တို့အထဲတွင် ဤရလဒ်ကို ရရှိမည့်အချိန်နှင့် ပတ်သက်၍ ယင်းမှာ သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် သင်တို့၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုပေါ် မူတည်သည်။ သင်သည် သမ္မာတရားကို မီအောင်လိုက်ပြီး ဘုရားသခင်ကိုသိဖို့ ကြိုးစားနေသောသူတစ်ဦး ဖြစ်လျှင် ဤအရာများက ပို၍ပင် အားမာန်ပါသည့် သတိပေးချက်အဖြစ် အသုံးကျလိမ့်မည်။ ၎င်းတို့က သင့်ကို နက်နဲသော အမြင်ပွင့်ခြင်းတစ်ခု၊ သင်၏နားလည်ခြင်း၌ ရှင်းလင်းပြတ်သားမှုတစ်ခု သင့်ကို ချပေးလိမ့်မည်ဖြစ်ပြီး၊ ယင်းက အကွာအဝေးမရှိ၊ အမှားမရှိဖြစ်မည့် နီးကပ်ခြင်းနှင့်အတူ ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်ချက်များနှင့် တဖြည်းဖြည်းနီးစပ်လာလိမ့်မည်၊ သို့သော်လည်း သင်သည် ဘုရားသခင်ကို သိအောင် ကြိုးစားသောသူ မဟုတ်လျှင် ဤပုံဝတ္ထုများသည် သင်တို့ကို မည်သည့်ထိခိုက်မှုမှ ပေးနိုင်မည် မဟုတ်ပါ။ ၎င်းတို့ကို ဖြစ်ရပ်မှန်များဟု သဘောထားလော့။

ဤပုံဝတ္ထုနှစ်ခုမှ သင်တို့ နားလည်မှုတစ်ခုခု ရရှိထားသလော။ ဦးစွာ ဤပုံဝတ္ထုနှစ်ပုဒ်သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလေးထားမှုအကြောင်း ငါတို့၏ ယခင်ဆွေးနွေးချက်နှင့် ကွာခြားနေသလော။ ပင်ကိုအားဖြင့် ဆက်နွှယ်မှုတစ်ခု ရှိသလော။ ဤပုံဝတ္ထုနှစ်ခုထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် လူသားမျိုးနွယ်အတွက် သူစီစဉ်သည့် အရာတိုင်းတွင် သူပေးသည့် မခြွင်းမချန် စာနာထောက်ထားမှုတို့ကို ငါတို့မြင်တွေ့ရသည်မှာ မှန်ကန်သလော။ ဘုရားသခင်ပြုလုပ်သည့် အရာတိုင်းနှင့် သူစဉ်းစားသည့်အရာတိုင်းသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုအကျိုးအတွက် ဖြစ်သည်ဟူသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စေ့စပ်သေချာသည့် အတွေးနှင့် စာနာထောက်ထားမှုသည် အလွန်ထင်ရှားမြင်သာသည် မဟုတ်လော။ လူသားမျိုးနွယ်သည် မည်သည့်အရာကိုမျှ လုပ်စရာမလိုပါ။ ဘုရားသခင်သည် လူသားများအတွက် လေကို ပြင်ဆင်ထားပြီးသားဖြစ်ရာ၊ သူတို့လုပ်စရာတစ်ခုတည်းက ၎င်းကို ရှုဖို့သာဖြစ်သည်။ သူတို့စားသုံးသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများမှာ အဆင်သင့်ရနိုင်သည်။ မြောက်အရပ်မှ တောင်အရပ်၊ အရှေ့အရပ်မှ အနောက်အရပ် ဒေသတစ်ခုစီတွင် သဘာဝသယံဇာတများ ကိုယ်စီရှိကြသည်။ အမျိုးမျိုးသော ဒေသအလိုက် ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ အားလုံးကို ဘုရားသခင်က ပြင်ဆင် ထားသည်။ ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်တွင်၊ ဘုရားသခင်က အရာအားလုံးကို အပြန်အလှန် အားဖြည့်စေပြီး၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်စေသည်၊ အပြန်အလှန် ခွန်အားပေးပြီး၊ အပြန်အလှန် ချေဖျက်ကာ၊ အတူယှဉ်တွဲနေထိုင်စေသည်။ ဤသည်မှာ အရာအားလုံး၏ ဖြစ်တည်မှုနှင့် ရှင်သန်ရပ်တည်မှုကို ထိန်းချုပ်ထားသည့် သူ၏ နည်းစနစ်နှင့် စည်းမျဉ်းတို့ဖြစ်သည်။ ဤနည်းအားဖြင့် လူသားမျိုးနွယ်သည် ယနေ့ထက်ထိပင် မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်တစ်ခုအထိ ပေါက်ဖွားရန်အတွက် ဤသက်ရှိ ပတ်ဝန်းကျင်အတွင်း၌ လုံခြုံစွာနှင့် တည်ငြိမ်အေးချမ်းစွာ ရှင်သန် ကြီးထွားလာနိုင်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က သဘာဝပတ်ဝန်းကျင်ကို ဟန်ချက်ညီအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၌ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုသာ မရှိခဲ့လျှင် သဘာဝပတ်ဝန်းကျင်သည် ဘုရားသခင်၏ ဖန်ဆင်းခဲ့ခြင်းပင် ဖြစ်လင့်ကစား ထိန်းသိမ်းပြီး ဟန်ချက်ညီအောင် မည်သူမျှ၏ အစွမ်းအစဖြင့် လုပ်နိုင်မည် မဟုတ်ပါ။ တစ်ချို့နေရာတွင် လေမရှိသည့်အတွက် ထိုကဲ့သို့သော နေရာများတွင် လူသားမျိုးနွယ်က ဆက်လက်မရှင်သန်နိုင်ကြပါ။ ဘုရားသခင်က သင့်ကို ထိုနေရာများသို့သွားရန် ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် သင့်တော်သော အကန့်အသတ်ဘောင်ကို ကျော်၍မသွားနှင့်။ ဤသည်မှာ လူသားမျိုးနွယ်၏ အကာအကွယ်အတွက်ဖြစ်ပြီး၊ ထိုအထဲ၌ လျှို့ဝှက်ဆန်းကြယ်မှုများ ရှိသည်။ သဘာဝ ပတ်ဝန်းကျင်၏ သွင်ပြင်လက္ခဏာတစ်ခုစီ၊ ကမ္ဘာကြီး၏ အလျားနှင့်အနံ၊ ကမ္ဘာပေါ်ရှိ သက်ရှိရောသက်မဲ့ပါ သတ္တဝါတိုင်းကို ဘုရားသခင်က ကြိုတင်၍ စိတ်ကူးကြံစည်ပြီး ပြင်ဆင် ထားခဲ့ခြင်းဖြစ်သည်။ ဤအရာက အဘယ်ကြောင့် လိုအပ်သနည်း။ ထိုအရာက အဘယ်ကြောင့် မလိုအပ်သနည်း။ ဤအရာကို ဤနေရာ၌ ထားရှိရသည့် ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ပြီး ၎င်းက အဘယ်ကြောင့် ထိုနေရာကို သွားသင့်သနည်း။ ဤမေးခွန်းများ အားလုံးကို ဘုရားသခင်က ခြေသိမ်းခေါင်းပိုက် စဉ်းစား ပြီးသားဖြစ်ပြီး၊ လူတို့အနေဖြင့် ၎င်းတို့အကြောင်းကို စဉ်းစားဖို့မလိုပါ။ တောင်များကိုရွှေ့ဖို့ အမြဲစဉ်းစားသည့် လူမိုက် တချို့ရှိသည်၊ သို့သော် ထိုသို့ပြုမည့်အစား မြေပြန့်ဒေသကို အဘယ်ကြောင့် ပြောင်းမသွားကြသနည်း။ တောင်များကို သင်မကြိုက်လျှင် သူတို့နားတွင် သင် အဘယ်ကြောင့်နေရသနည်း။ ၎င်းသည် ရူးမိုက်ရာ မကျသလော။ ထိုတောင်ကို သင် ရွှေ့လိုက်မည်ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း။ ဟာရီကိန်း မုန်တိုင်းများနှင့် ဧရာမလှိုင်းလုံးကြီးများ လာပြီး၊ လူတို့၏ အိုးအိမ်များမှာ ဖျက်ဆီးခံရမည်။ ဤသည်မှာ မိုက်မဲမှု မဟုတ်သလော။ လူတို့သည် ဖျက်ဆီးခြင်းသာ တတ်နိုင်ကြသည်။ သူနေထိုင်ရမည့် တစ်ခုတည်းသော နေရာကိုပင် သူတို့ မထိန်းသိမ်းနိုင်ဘဲလျက်နှင့် သူတို့က အရာခပ်သိမ်းကို စီမံ ပြုလုပ်ချင်ကြသေးသည်။ ဤအရာမှာ မဖြစ်နိုင်ပါ။

ဘုရားသခင်က အရာအားလုံးကို စီမံခန့်ခွဲဖို့နှင့် ၎င်းတို့အပေါ် အုပ်စိုးမှုရှိဖို့ လူသားမျိုးနွယ်ကို ခွင့်ပြုထားသော်လည်း၊ လူသားက အလုပ်ကို ကောင်းစွာလုပ်၏လော။ လူသားသည် သူဖျက်ဆီး နိုင်သမျှကို ဖျက်ဆီးတတ်သည်၊ သူသည် ဘုရားသခင်က သူ့အတွက် ပြုလုပ်ခဲ့သည့် အရာတိုင်းကို ၎င်း၏ နဂိုအနေအထားအတိုင်း လုံးဝ မထိန်းသိမ်းနိုင်ပေ၊ သူက ပြောင်းပြန်ဖြစ်အောင် ပြုလုပ်ပြီး ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ဖျက်ဆီးခဲ့သည်။ လူသားမျိုးနွယ်က တောင်များကို ရွှေ့ခဲ့ကြသည်၊ ပင်လယ်များမှနေ၍ မြေကို ပြန်သိမ်းခဲ့ကြပြီး၊ မြေပြန့်လွင်ပြင်များကို မည်သူမှ မနေနိုင်သည့် ကန္တာရများအဖြစ် ပြောင်းလဲခဲ့ကြသည်။ သို့တိုင် လူက စက်ရုံများ ပြုလုပ်ထားပြီး နျူကလီးယား အခြေစိုက်စခန်းများကို ဆောက်လုပ်ကာ ဖျက်ဆီးခြင်းကို နေရာအနှံ့ စိုက်ပျိုးကြသည်မှာ ကန္တာရထဲ၌ပင် ဖြစ်သည်။ ယခုတွင် မြစ်များမှာ မြစ်နှင့်မတူတော့၊ ပင်လယ်က ပင်လယ်နှင့် မတူတော့ပါ...လူသားမျိုးနွယ်က သဘာဝပတ်ဝန်းကျင်၏ ဟန်ချက်ညီမျှမှုနှင့် ယင်း၏ စည်းမျဉ်းများကို ချိုးဖောက်ထားပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ ကပ်ဆိုက်မည့်နေ့နှင့် သေခြင်းသည် မဝေးတော့ပါ။ ၎င်းကို ရှောင်လွှဲ၍မရပါ။ လူသားမျိုးနွယ်သည် ဘေးအန္တရာယ် ကျရောက် လာသောအခါ ဘုရားသခင်က သူ့အတွက် ပြုလုပ်ထားသည့် အရာတိုင်း၏ အဖိုးတန်မှုနှင့် ၎င်းက လူသားမျိုးနွယ်အတွက် မည်မျှအရေးပါသည်တို့ကို သိနားလည်လိမ့်မည်။ လူသားအတွက် သူ့အချိန်နှင့်သူ လေနှင့်မိုးတို့လာတတ်သည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်ရခြင်းမှာ ပရဒိသုဘုံ၌ နေထိုင်ရသကဲ့သို့ဖြစ်သည်။ လူတို့က ဤအရာကို ကောင်းချီးတစ်ပါးဖြစ်ကြောင်း သဘောမပေါက်ကြပေ၊ သို့သော် ၎င်းတို့အားလုံးကို သူတို့ဆုံးရှုံးရသည့်အချိန်တွင် ၎င်းသည် အဘယ်မျှ ကြုံတောင့်ကြုံခဲဖြစ်ပြီး အဖိုးတန်သည်ကို သူတို့ သိမြင်လိမ့်မည်။ ထို့ပြင် ယင်းက မရှိတော့သည်နှင့် သူတို့ ယင်းကို မည်သို့ပြန်ရယူမည်နည်း။ ဘုရားသခင်က ယင်းကို နောက်ထပ် ဖန်ဆင်းရန် ဆန္ဒမရှိတော့လျှင် လူတို့က မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း။ သင်တို့ လုပ်နိုင်သည့်အရာ တစ်စုံတစ်ခု ရှိသလော။ အမှန်မှာမူ သင်တို့ လုပ်နိုင်သည့်အရာ တစ်ခုရှိသည်။ ၎င်းက အရမ်းရိုးရှင်းပြီး၊ ၎င်းမှာ မည်သည့်အရာဖြစ်သည်ကို သင်တို့အား ငါပြောပြသောအခါ ယင်းက ဖြစ်နိုင်ကြောင်း သင်တို့ ချက်ချင်းသိလိမ့်မည်။ လူသားသည် သူ၏လက်ရှိ ဖြစ်တည်မှုအခြေအနေထဲတွင် ရောက်ရှိနေသည်မှာ အဘယ်သို့နည်း။ ယင်းက သူ၏ လောဘနှင့် ဖျက်ဆီးမှုများ ကြောင့်လော။ လူသားက ဤဖျက်ဆီးမှုကို အဆုံးသတ်လျှင် သူ၏ သက်ရှိပတ်ဝန်းကျင်သည် သူ့ဘာသာ တဖြည်းဖြည်း ကောင်းမွန် လာလိမ့်မည်လော။ ဘုရားသခင်သည် မည်သည့် အရာကိုမျှ မလုပ်ပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် တစ်ခုခု လုပ်ပေးဖို့ ဆန္ဒမရှိတော့ပါက၊ ဆိုလိုသည်မှာ သူက ဤကိစ္စတွင် ကြားဝင်မစွက်ပါက လူသားမျိုးနွယ်အတွက် အကောင်းဆုံး နည်းလမ်းမှာ ဤဖျက်ဆီးမှုအလုံးစုံကို ရပ်တန့်ရန်နှင့် သူတို့၏ နေထိုင်ရာပတ်ဝန်းကျင်ကို ၎င်း၏နဂိုအခြေအနေသို့ ပြန်ရောက် စေခွင့်ပြုရန်ပင် ဖြစ်လိမ့်မည်။ ဤဖျက်ဆီးမှုအလုံးစုံကို အဆုံးသတ်ခြင်းဆိုသည်မှာ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့် အရာများအား အဓမ္မလုယက်ခြင်းနှင့် အကြီးအကျယ် ဖျက်ဆီးခြင်းအား အဆုံးသတ်လိုက်ခြင်းကို ဆိုလိုသည်။ ထိုသို့ပြုခြင်းက လူသားနေထိုင်သည့် ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ပြန်ကျန်းမာလာခွင့် ပေးမည်ဖြစ်ပြီး၊ ထိုသို့ မလုပ်နိုင်ခြင်းသည် အသက်ရှင်သန်မှုအတွက် ယင်း၏ပျက်စီးခြင်းက အချိန်နှင့်အမျှ မြန်ဆန်သွားမည်ဖြစ်သည့် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသော ပတ်ဝန်းကျင်အဖြစ်သို့ အကျိုးဆက် ပေါ်လာမည်ဖြစ်သည်။ ငါ၏နည်းလမ်းက ရိုးရှင်းသလော။ ယင်းက ရိုးရှင်းပြီး ဖြစ်နိုင်သည် မဟုတ်သလော။ အမှန်တကယ် ရိုးရှင်းပြီး လူတစ်ချို့အတွက် ဖြစ်နိုင်ခြေရှိသော်လည်း၊ ကမ္ဘာပေါ်က လူအများစုကြီးအတွက် ဖြစ်နိုင်ခြေရှိသလော။ (ဖြစ်နိုင်ခြေမရှိပါ။) အနည်းဆုံး သင်တို့အတွက် ဖြစ်နိုင်ခြေရှိသလော။ (ရှိပါသည်။) သင်တို့ကို “ရှိပါသည်” ဟု ပြောစေသည်မှာ အဘယ်အရာနည်း။ ယင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်မှု၏ အခြေခံအုတ်မြစ်မှ လာခြင်းဖြစ်သည်ဟု ပြောနိုင်သလော။ ယင်း၏ အနေအထားမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အား နာခံခြင်းဖြစ်သည်ဟု ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) အမှုအရာများကို ပြောင်းလဲဖို့ နည်းလမ်းတစ်ခုရှိသည်၊ သို့သော် ၎င်းက ငါတို့ ယခု ဆွေးနွေးနေကြသည့် အကြောင်းအရာမဟုတ်ပါ။ ဘုရားသခင်သည် လူ့ဘဝ တစ်ခုစီတိုင်းအတွက် တာဝန်ရှိပြီး၊ တကယ့်အဆုံးသတ်အထိ သူကတာဝန်ရှိသည်။ ဘုရားသခင်က သင့်ကို ထောက်ပံ့ပေးပြီး၊ စာတန်ဖျက်ဆီးခဲ့သည့် ဤပတ်ဝန်းကျင် ထဲတွင် သင်သည် နေမကောင်းဖြစ်စေခြင်း၊ သို့မဟုတ် ညစ်ညမ်းစေခြင်း သို့မဟုတ် ချိုးဖောက်ထိပါးခြင်း ခံနေရလျှင်ပင် ကိစ္စမရှိပေ၊ ဘုရားသခင်က သင့်ကို ကြည့်ရှုစောင့်ရှောက်ပြီး သင့်ကို ဆက်လက်အသက်ရှင်ခွင့် ပေးလိမ့်မည်။ ဤအရာ၌ သင်ယုံကြည်မှု ရှိသင့်သည်။ ဘုရားသခင်သည် လူသားတစ်ဦးကို ပေါ့ပေါ့တန်တန် သေဖို့ အခွင့် ပေးမည် မဟုတ်ချေ။

ယခုတွင် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည်ကို အသိအမှတ်ပြုခြင်း၏ အရေးပါမှုမျိုးကို သင်တို့ ခံစားမိလာကြပြီလော။ (ကျွန်ုပ်တို့ ခံစားမိပါပြီ။) သင်တို့၌ မည်သည့်ခံစားမှုများ ရှိသနည်း။ ငါ့အားပြောလော့။ (ယခင်က ကျွန်ုပ်တို့သည် တောင်များ၊ ပင်လယ်များနှင့် ရေကန်များကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် လုံးဝ ဆက်စပ် မတွေးမိခဲ့ကြပါ။ ဤအရာများမှာ၊ ၎င်းတို့အတွင်း၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဉာဏ်ပညာရှိကြောင်း ယနေ့ ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို ကြားနာရသည့်အချိန်အထိ ကျွန်ုပ်တို့ နားမလည်ခဲ့ပါ။ ဘုရားသခင်သည် အရာခပ်သိမ်းကို စတင် ဖန်ဆင်းခဲ့သည့် အချိန်၌ပင်၊ သူသည် အရာတစ်ခုစီကို ကံကြမ္မာ တစ်ခုနှင့် သူ့စေတနာတို့ဖြင့် ပြည့်ဝစေခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ်တို့ တွေ့ရသည်။ အရာခပ်သိမ်းသည် အပြန်အလှန် အားဖြည့်နေပြီး၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်နေကာ၊ လူသားမျိုးနွယ်မှာ အဆုံးစွန် အကျိုးခံစားရသူများ ဖြစ်သည်။ ကျွန်ုပ်တို့ ယနေ့ ကြားနာခဲ့ရသည့် အရာက အလွန်ပင် လန်းဆန်း တက်ကြွစရာကောင်းပြီး ဆန်းသစ်သည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှလောက် လက်တွေ့ကျကြောင်းကို ကျွန်ုပ်တို့ ခံစားလိုက် ရသည်။ လက်တွေ့ကမ္ဘာတွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝများနှင့် အရာခပ်သိမ်းနှင့် ကျွန်ုပ်တို့၏ တွေ့ကြုံမှုများထဲ၌ ဤအရာမှာ ထိုသို့ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။) သင်တို့ အမှန်တကယ် မြင်တွေ့သွားပြီ မဟုတ်လော။ ဘုရားသခင်က ကြံ့ခိုင်သော အခြေခံအုတ်မြစ်မရှိဘဲ လူသားမျိုးနွယ်ကို ကြည့်ရှုစောင့်ရှောက်မည် မဟုတ်ပါ။ သူ၏ထောက်ပံ့ခြင်းမှာ တိုတောင်းသော စကားလုံး အချို့မျှသာ မဟုတ်ပါ။ ဘုရားသခင်က မြောက်မြားစွာ ပြုလုပ်ခဲ့ပြီဖြစ်ပြီး၊ သင်မမြင်ရသည့် အရာများပင် သင့်ကောင်းကျိုး အတွက်ချည်း ဖြစ်သည်။ လူသားသည် သူ့အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူတို့နှင့် အရာခပ်သိမ်းက တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေကြရသော ဤပတ်ဝန်းကျင်၊ ဤအရာခပ်သိမ်းထဲတွင် နေထိုင်ရသည်။ ဥပမာအားဖြင့်၊ အပင်များက လေကို သန့်စင်ပေးသည့် ဓာတ်ငွေ့များကို ရှူရှိုက်ကြရပြီး၊ လူတို့က သန့်စင်ပြီးသားလေကို ရှုရှိုက်ပြီး ထိုမှ အကျိုးခံစားရသည်။ သို့တိုင် တချို့အပင်များမှာ လူသားများအတွက် အဆိပ်အတောက်ဖြစ်သည့် အချိန်၌ပင် အခြားအပင်များက အဆိပ်ရှိသော အပင်များကို ချေဖျက်ပေးသည်။ ဤသည်မှာ ဘုရားသခင့်ဖန်ဆင်းခြင်း၏ အံ့ဖွယ်ရာတစ်ခု ဖြစ်သည်တကား။ သို့သော် ဤအကြောင်းအရာကို လောလောဆယ် ချန်ထားကြစို့။ ယနေ့ ငါတို့၏ဆွေးနွေးချက်မှာ အဓိကအားဖြင့် လူသားနှင့် သူကင်းကွာ၍ မနေနိုင်သော ကျန်သည့် ဖန်ဆင်းခြင်းတို့၏ အတူယှဉ်တွဲနေထိုင်ခြင်း အကြောင်းပင် ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အရေးကြီးပုံက အဘယ်နည်း။ လူက အသက်ရှင်ဖို့ လေကို လိုအပ်သကဲ့သို့မျှပင် လူသည် ကျန်သည့်အရာများမရှိဘဲ အသက်မရှင်နိုင်ပါ၊ အကယ်၍ သင့်ကို လေဟာနယ်ထဲ ထားလိုက်မည်ဆိုလျှင်၊ သင်သည် မကြာခင် သေဆုံးသွားလိမ့်မည်။ ဤသည်မှာ လူသည် ကျန်သည့်ဖန်ဆင်းခြင်းတို့မှ တကွဲတပြားစီ အသက်မရှင်နိုင်ကြောင်း ပြသသည့် အလွန်ရိုးရှင်းသော နိယာမ ဖြစ်သည်။ ထို့ကြောင့် လူက အရာခပ်သိမ်းအပေါ် မည်သည့် သဘောထား ရှိသင့်သနည်း။ သူတို့ကို တန်ဖိုးထားသော သူသည် သူတို့ကို ကာကွယ်ပေးရမည်၊ သူတို့ကို အကျိုးများအောင် အသုံးပြုရမည်၊ သူတို့ကို မဖျက်ဆီးရပါ၊ သူတို့ကို မဖြုန်းတီးရပါ၊ ထို့ပြင် သူတို့ကို စိတ်ကူးပေါက်ရာ မပြောင်းလဲရပါ၊ အကြောင်းမှာ အရာခပ်သိမ်းသည် ဘုရားသခင်ထံမှ ဖြစ်သည်၊ အရာခပ်သိမ်းမှာ လူသားမျိုးနွယ်အတွက် သူ၏ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး၊ လူသားမျိုးနွယ်က သူတို့ကို တာဝန်ကျေပွန်စွာ ဆက်ဆံရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပထမပိုင်း- မြေပြင်အနေအထား တစ်မျိုးစီအတွက် ဘုရားသခင်က နယ်နိမိတ်များ သတ်မှတ်သည်

ယနေ့ အရာခပ်သိမ်းအပေါ် ဘုရားသခင် ဖြစ်ပေါ်စေပြီး ဖြစ်သည့် ဤနိယာမ အမျိုးအစားများက လူသားမျိုးနွယ် အားလုံးအား မည်သို့...

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်- လေစီးဆင်းမှု

ပဉ္စမအရာကား အဘယ်နည်း။ ဤအရာသည် လူတိုင်း၏ နေ့ရက်တိုင်းနှင့် နီးစပ်စွာ ဆက်နွှယ်၏။ လူ့ဘဝနှင့် ယင်း၏ ဆက်နွှယ်မှု အလွန်နီးစပ်သည်မှာ ထိုအရာမရှိဘဲ...

လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးသော နေ့စဉ်အစားအသောက် (အပိုင်း ၁)

ယခုလေးတင်၊ အများစုအားဖြင့် ပတ်ဝန်းကျင်၏ တစ်စိတ်တစ်ပိုင်းနှင့် ပတ်သက်၍ ကမ္ဘာလောကကို ဘုရားသခင် ဖန်ဆင်းကတည်းက လူသား ရှင်သန်ရေးအတွက် ဘုရားသခင်...

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်မှုအတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာခပ်သိမ်းကြားရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်

ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို အရာခပ်သိမ်း အလယ်နှင့် သူအုပ်စိုးသည့် အရာခပ်သိမ်း အလယ်တွင် ထင်ရှားစေပြီး အရာခပ်သိမ်း၏ နိယာမများကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။