စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ပြီး စစ်မှန်သော ဆုတောင်းခြင်းသည် မည်သည့်အရာကို ရရှိနိုင်သနည်း

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သူ၏ အလိုတော်ကို သင် သဘောပေါက်သည့်အတိုင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို ဆက်သွယ်ခြင်း၊ ဘုရားသခင်နှင့် အထူးသဖြင့် ရင်းနှီးသည်ဟု ခံစားခြင်း၊ သူသည် သင်၏ ရှေ့တွင် ရှိနေသည်ဟု ခံစားရခြင်းနှင့် သူ့ကို ပြောစရာတစ်ခုခု ရှိသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သည်ဟု ခံစားရကာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို သင် ခံစားရသည်။ သင်သည် အထူးသဖြင့် လှုံ့ဆော်မှုကို ခံစားရပြီး သင်ပြောသည့်အရာကို နားထောင်ခြင်းက သင်၏ညီအစ်ကို မောင်နှမများကို အားရကျေနပ်မှု ပေးသည်။ သင်၏ စကားများသည် ၎င်းတို့ ကိုယ်တိုင်၏စကားများ ကိုယ်စားပြောသည့်အလား၊ သင်ပြောသည့် စကားများက ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ရှိသည့် စကားများ၊ ၎င်းတို့ပြောချင်သည့် စကားများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဤသည်မှာ စစ်မှန်သည့် ဆုတောင်းခြင်း ဖြစ်သည်။ စစ်မှန်သော ဆုတောင်းခြင်းကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်းလိမ့်မည်ဖြစ်ပြီး အားရကျေနပ်ခြင်းကို သိလိမ့်မည်။ ဘုရားကို ချစ်ဖို့စွမ်းအား မြင့်မားလာနိုင်ပြီး ဘဝတွင် ဘုရားသခင်ကို ချစ်ခြင်းထက် သာ၍ တန်ဖိုးရှိသည့်အရာ သို့မဟုတ် အရေးပါသည့်အရာ မရှိဟု သင် ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်၏ဆုတောင်းခြင်းများ ထိရောက်သည်ကို သက်သေပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စွာ ထားနိုင်ရမည်ဖြစ်ပြီး၊ ထိုငြိမ်သက်ခြင်းက ဘုရားထံမှ ခွဲခွာမသွားရပေ။ ဤအဆင့်အတွင်းတွင် သင်သည် သာ၍ သစ်လွင် သို့မဟုတ် သာ၍ မြင့်မားသည့် ထိုးထွင်းသိမြင်မှုကို မရရှိဘဲ ဖြစ်နိုင်သည်၊ သို့သော် ထိုအခါ သင်သည် သင်၏ ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းဖို့ ဆုတောင်းရမည်- သင် မဆုတ်ယုတ်ရပေ။ ဤသည်မှာ သင် အနည်းဆုံး ရရှိရမည့် အရာဖြစ်သည်။ ဤအရာကိုပင် သင် အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် လမ်းကြောင်းမှန်ပေါ် မရောက်သေးသည်ကို သက်သေပြပေသည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ပထမဦးစွာ ရှိခဲ့သည့် ရူပါရုံကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ ဘုရားသခင်၌ ယုံကြည်ခြင်းကို သင် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သင်၏ သန္နိဋ္ဌာန်သည် နောက်ပိုင်းတွင် ပျောက်ကွယ် သွားလိမ့်မည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ၊ မရှိဆိုသည့် လက္ခဏာရပ်တစ်ခုမှာ သင်၏ ဆုတောင်းခြင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊ မရှိဆိုသည်ကို ကြည့်ဖို့ဖြစ်သည်။ လူအားလုံးသည် ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်။ ၎င်းတို့အားလုံးသည် မလှုပ်မယှက် စောင့်ဆိုင်းခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သတိရှိရှိ ရှာဖွေရင်း၊ ဆုတောင်းခြင်းတွင် မိမိတို့ကိုယ်ကိုယ် သတိရှိရှိ လေ့ကျင့်ခြင်း အလုပ်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည့် လူများ ဖြစ်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ပြီးလျှင် မည်သည့် အကြောင်းအရာကို သင် ဆုတောင်းသနည်း။ သင်၏ ဆုတောင်းခြင်းသည် သင့်စိတ်နှလုံး၏ စစ်မှန်သော အခြေအနေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ နှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သင့်သည်။ သင်သည် ဘုရားသခင်၏ အလိုတော်၊ လူသားကို သူ တောင်းဆိုသည့် အရာနှင့်အညီ ဘုရားသခင်ကို မိတ်သဟာယပြုရန် လာသည်။ ဆုတောင်းခြင်းကို သင်စတင်၍ လက်တွေ့လုပ်ဆောင်သည့် အခါတွင်၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလော့။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ဖို့ မကြိုးပမ်းနှင့်- သင်၏နှလုံးသားထဲတွင်ရှိသည့် စကားများကိုသာ ဘုရားသခင်ကို ပြောဖို့ကြိုးစားလော့။ ဘုရားသခင်ရှေ့သို့ သင် လာသည့်အခါတွင်၊ ဤကဲ့သို့ ပြောလော့- “အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံလေ့မရှိခဲ့သည်ကို ယနေ့မှ ကျွန်ုပ် သိပါ၏။ ကျွန်ုပ်သည် ဧကန်အမှန် ဖောက်ပြန်ပျက်စီးပြီး စက်ဆုပ်ဖွယ်ဖြစ်ပါ၏။ ကျွန်ုပ်၏ဘဝကို ကျွန်ုပ် ဖြုန်းတီး၍သာ နေမိပါပြီ။ ယနေ့မှစ၍ ကိုယ်တော်အတွက်အသက်ရှင်ပါမည်။ အဓိပ္ပါယ်ရှိသည့် ဘဝကို အသက်ရှင်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းပါမည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်ကို စဉ်ဆက်မပြတ် အလင်းပြကာ ဉာဏ်အလင်းပေးလျက် ကျွန်ုပ်၏အထဲတွင် လုပ်ဆောင်စေတော်မူပါ။ ကျွန်ုပ်အား ကိုယ်တော်၏ ရှေ့တွင် ခိုင်မာပြီး ထူးကဲလှသည့် သက်သေခံခွင့်ပေးတော်မူပါ။ ကိုယ်တော်၏ဘုန်းတော်၊ ကိုယ်တော်၏ သက်သေခံချက်ကို စာတန်အား မြင်စေတော်မူပါ။ ကိုယ်တော်၏ အောင်မြင်မှု သက်သေကို ကျွန်ုပ်တို့၏အတွင်း၌ ထင်ရှားစေတော်မူပါ။” ဤသို့ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးသည် လုံးဝ လွတ်မြောက်လိမ့်မည်။ ဤသို့ ဆုတောင်းပြီးသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးလာလိမ့်မည် ဖြစ်ပြီး၊ ဤနည်းဖြင့် မကြာခဏ သင်ဆုတောင်းနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်သည် ဘုရားကို ဤနည်းလမ်းဖြင့် အမြဲခေါ်ပြီး သူ့ရှေ့မှောက်တွင် သင်၏ ဆုံးဖြတ်ချက်ကို ချပါက၊ သင်၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်သည့် နေ့တစ်နေ့၊ သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင် ရယူကာ နောက်ဆုံးတွင် သင့်ကို သူ စုံလင်စေသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ သင်တို့အတွက် ဆုတောင်းခြင်းသည် အရေးကြီးဆုံး ဖြစ်၏။ သင်ဆုတောင်းပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိသည့်အခါတွင်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်ခွန်အား ပေါ်ထွက်လာလိမ့်မည်။ သင်၏စိတ်နှလုံးဖြင့် ဆုမတောင်းပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သင် ရင်မဖွင့်ပါက၊ ဘုရားသခင်သည် သင့်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ဆုတောင်းပြီး သင့်စိတ်နှလုံးထဲက စကားများကို ပြောဆိုပြီးနောက်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် စတင် အလုပ်မလုပ်ရသေးသကဲ့သို့ မည်သည့် နှိုးဆော်မှုကိုမျှ သင်မရရှိပါက၊ သင်၏စိတ်နှလုံးသည် ရိုးသားမှု ကင်းမဲ့သည်၊ သင်၏စကားများ မမှန်ကန်သကဲ့သို့ မဖြူစင်သေးသည်ကို ဤအရာက ပြသပေသည်။ ဆုတောင်းပြီးသည့်နောက်၊ အားရကျေနပ်မှု ခံစားချက်တစ်ခု သင် ရှိပါက၊ သင်၏ ဆုတောင်းချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်ပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်နေပေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အစေခံသည့် သူတစ်ဦးအနေနှင့်၊ သင်သည် ဆုတောင်းခြင်းမရှိဘဲ မနေနိုင်ပေ။ သင်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသည့် အရာတစ်ခုအဖြစ် အမှန်တကယ် မြင်ပါက၊ ဆုတောင်းခြင်းကို သင်စွန့်လွှတ်နိုင်သလော။ မည်သူမျှ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့ဘဲ မနေနိုင်ချေ။ ဆုတောင်းခြင်း မရှိပါက၊ သင်သည် ဇာတိပကတိ၌၊ စာတန်၏ ကျေးကျွန်ဘဝတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ စစ်မှန်သည့် ဆုတောင်းခြင်း မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပေသည်။ အသင် ညီအစ်ကို မောင်နှမတို့သည် နေ့စဉ်နေ့တိုင်း စစ်မှန်သော ဆုတောင်းခြင်းကို ပြုနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ဤသည်မှာ စည်းကမ်းများကို လိုက်နာခြင်းအကြောင်းမဟုတ်ဘဲ၊ ရလဒ်တစ်ခုခုကို ရရှိခြင်းအကြောင်း ဖြစ်သည်။ သင်သည် နံနက် ဆုတောင်းခြင်းများအတွက် စောစောထဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ဖို့ အိပ်စက်ခြင်းနှင့် ပျော်မွေ့မှုများကို အနည်းငယ်လျှော့ရန် လိုလားသလော။ သင်သည် ဖြူစင်သည့် စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤသို့ စားသောက်ပါက၊ သင်သည် သူ့အဖို့ သာ၍ လက်ခံနိုင်ဖွယ် ဖြစ်လိမ့်မည်။ ဤအရာကို နံနက်တိုင်း သင် လုပ်ဆောင်ပါက၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်း၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းနှင့် သူနှင့် ဆက်ဆံခြင်းတို့အား နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ အသိပညာသည် ဧကန်မုချ တိုးပွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သင်သည် သာ၍ ကောင်းစွာ သဘောပေါက်နိုင်လိမ့်မည်။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလားပါ၏။ ကျွန်ုပ်တို့ထံမှ ကိုယ်တော် ဘုန်းအသရေ ရရှိနိုင်ဖို့အလို့ငှာ၊ ဤလူစုဖြစ်သည့် ကျွန်ုပ်တို့၏ သက်သေခံချက်ကို ကိုယ်တော် နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံးကို ကိုယ်တော်ထံသို့သာ ကျွန်ုပ် ဆက်ကပ်နိုင်ပါ၏။ ကိုယ်တော်ကို ကျွန်ုပ် မှန်တကယ်ချစ်နိုင်ဖို့နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေကာ ကျွန်ုပ်၏ ရည်မှန်းချက် ပန်းတိုင်အဖြစ် ကိုယ်တော့်ကို လိုက်စားနိုင်ဖို့ ကျွန်ုပ်တို့၏ အထဲတွင် လုပ်ဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟု ပြောသည်။ ဤဝန်တာကို သင် တာဝန်ယူသည်နှင့်အညီ၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေလိမ့်မည်။ သင်ကိုယ်တိုင်၏ အကျိုးအတွက်သာ သင် ဆုမတောင်းသင့်ဘဲ၊ ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့နှင့် သူ့ကို ချစ်ဖို့အလို့ငှာလည်း သင် ဆုတောင်းသင့်၏။ ဤသည်မှာ အမှန်ကန်ဆုံးသော ဆုတောင်းချက်မျိုး ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့အတွက် ဆုတောင်းသောသူတစ်ဦးလော။

ယခင်က မည်သို့ ဆုတောင်းရမည်ကို သင်တို့မသိခဲ့သကဲသို့၊ ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှုခဲ့ကြသည်။ ယခုတွင်၊ ဆုတောင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်ဖို့ သင် အကောင်းဆုံး လုပ်ဆောင်ရမည်။ သင်သည် ဘုရားသခင်ကို ချစ်ဖို့ သင့်အတွင်းတွင် ရှိသည့် ခွန်အားကို မစေ့ဆော်နိုင်ပါက၊ သင်မည်သို့ ဆုတောင်းသနည်း။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်စွမ်းမရှိပါ။ ကျွန်ုပ် ကိုယ်တော်ကို ချစ်ချင်သော်လည်း ခွန်အား ကင်းမဲ့ပါ၏။ အဘယ်အရာကို ကျွန်ုပ် လုပ်သင့်ပါသနည်း။ ကျွန်ုပ်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးပြီး ကျွန်ုပ်၏ စိတ်နှလုံးသားကို ကိုယ်တော်၏ ဝိညာဉ်တော်အား တို့ထိစေတော်မူပါ။ ကိုယ်တော်၏ ရှေ့မှောက် ကျွန်ုပ် လာသည်နှင့်အမျှ၊ အပျက်သဘောဆောင်သမျှကို ကျွန်ုပ် စွန့်ပစ်စေတော်မူပါ၊ မည်သည့် လူပုဂ္ဂိုလ်၊ ကိစ္စရပ်၊ သို့မဟုတ် အမှုအရာမဆို၏ ထိန်းချုပ်ခြင်းကို ကျွန်ုပ် မခံသကဲ့သို့၊ ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ် စိတ်နှလုံးကို လုံးဝ ဖွင့်ချ၏၊ ထိုသို့ဖြင့် ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ကိုယ်တော့်အား ကျွန်ုပ် ဆက်ကပ်စေတော်မူပါ။ သို့သော်၊ ကျွန်ုပ်ကို ကိုယ်တော် စစ်ဆေးနိုင်ပါ၏၊ ကျွန်ုပ် အဆင်သင့် ရှိပါသည်။ ယခု၊ ကျွန်ုပ်၏ အနာဂတ် ရှေ့ရေးကို ကျွန်ုပ် ထည့်မတွက်သကဲ့သို့၊ သေခြင်းတရား၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင်လည်း ကျွန်ုပ်မရှိပါ။ ကိုယ်တော်ကို ချစ်သည့် စိတ်နှလုံးတစ်ခုဖြင့်၊ အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါ၏။ ကိစ္စရပ်တိုင်း၊ အရာရာတိုင်း- အားလုံး ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်ုပ်၏ ကံကြမ္မာသည် ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပြီး ကျွန်ုပ်၏ တကယ့် အသက်တာကို ကိုယ်တော့်လက်ထဲတွင် ကိုယ်တော် ထိန်းချုပ်ထားပါ၏။ ယခုတွင်၊ ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားပြီး၊ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က မည်သို့ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါ၏” ဟု ဆိုသည်။ ဤပြဿနာကို သင်ကြုံရသည့်အခါ၊ ဤသို့ ဆုတောင်းလော့။ သင်သည် ဤသို့ နေ့တိုင်း ဆုတောင်းပါက၊ ဘုရားကို ချစ်ရန် ခွန်အားသည် တဖြည်းဖြည်း မြင့်မားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ရိုးသားသော လူတစ်ဦး ဖြစ်လော့။ သင်၏စိတ်နှလုံးထဲရှိ လှည့်ဖြားမှုများကို ဖယ်ထုတ်ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းလော့။ တစ်ချိန်လုံး ဆုတောင်းခြင်းမှတဆင့် မိမိကိုယ်ကိုယ် စင်ကြယ်စေလော့၊ ဆုတောင်းခြင်းမှတဆင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံလော့၊ ပြီးလျှင် သင်၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မည်။ စစ်မှန်သည့် ဝိညာဉ်ရေးရာ အသက်တာသည် ဆုတောင်းခြင်း အသက်တာဖြစ်၏- ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသည့် အသက်တာတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းခံရသည့် ဖြစ်စဉ်မှာ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်း မခံရသည့် အသက်တာသည် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မဟုတ်ဘဲ၊ ဘာသာရေးဓလေ့နှင့်ဆိုင်သော အသက်တာတစ်ခုသာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း မကြာခဏ ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရသူများသာ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ကြပြီး ဖြစ်သည်။ လူသား၏ စိတ်သဘောထားသည် သူဆုတောင်းသည့်အတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သူ ခံရလေလေ၊ သူသည် တက်ကြွလေလေဖြစ်ပြီး နာခံလာလေလေ ဖြစ်သည်။ ထို့ကြောင့် သူ့၏စိတ်နှလုံးသည်လည်း တဖြည်းဖြည်း သန့်စင်ခံရပြီး သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်။ ယင်းမှာ စစ်မှန်သည့် ဆုတောင်းခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဆုတောင်းခြင်းသည် အဓိကအားဖြင့် ရိုးသားစွာ စကားပြောခြင်း ဖြစ်သည်။ “အို၊ ဘုရားသခင်။ လူသား၏ဖောက်ပြန်ပျက်စီးခြင်းကို ကိုယ်တော်သိပါသည်။ ယနေ့တွင် ကျွန်ုပ်သည် နောက်ထပ် ကျိုးကြောင်း မဆီလျော်သည့် အရာတစ်ခုကို လုပ်မိပြန်ပါပြီ။ ကျွန်ုပ်သည် ရည်ရွယ်ချက်တစ်ခုကို သိုထားခဲ့သည်— ကျွန်ုပ်သည် လှည့်ဖြားတတ်သူတစ်ဦး ဖြစ်ပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်၊ သို့မဟုတ် သမ္မာတရားအတိုင်း မပြုမူနေခဲ့ပါ။ ကျွန်ုပ်ဆန္ဒရှိသည့်အတိုင်း ကျွန်ုပ်ပြုမူပြီး ဆင်ခြေပေးဖို့ ကြိုးစားခဲ့ပါသည်။ ယခုအခါတွင် ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ်သတိပြုမိပါ၏။ ကျွန်ုပ်ကို သာ၍ ဉာဏ်အလင်းပေးဖို့နှင့် သမ္မာတရားကို နားလည်ခွင့်ပြုဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပြုဖို့နှင့် ဤဖောက်ပြန်ပျက်စီးခြင်းများကို ဖယ်ရှားပေးဖို့ ကိုယ်တော့်ကို ကျွန်ုပ်တောင်းလျှောက်ပါသည်။” ဤနည်းဖြင့် စကားပြောလော့။ အဖြစ်မှန် ကိစ္စများကို ဟုတ်တိုင်းမှန်ရာ ပြောလော့။ လူအများစုသည် အမှန်တကယ် အချိန်များစွာ ဆုမတောင်းကြချေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်များထဲက မစို့မပို့ အသိပညာနှင့် နောင်တရဖို့ လိုလားချက်တစ်ခုဖြင့် အတိတ်ကို ပြန်တွေးရုံမျှ တွေးကြသော်လည်း၊ သမ္မာတရားကို ချင့်ချိန်မစဉ်းစားကြရသေးသကဲ့သို့ နားလည်းမလည်ရသေးပေ။ ဆုတောင်းနေစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရန်နှင့် သမ္မာတရားကို ရှာဖွေရန်မှာ အမှတ်ရခြင်းသက်သက်နှင့် သိခြင်းသက်သက်ထက် များစွာ သာ၍ နက်နဲပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားဖြင့် သင့်အပေါ် ကျရောက်သည့် လှုံ့ဆော်မှုများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ အမှုက သင့်ကို ထောက်ပံ့ပေးသည့် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့က သင့်ကို စစ်မှန်သော အသိပညာနှင့် စစ်မှန်သော နောင်တသို့ လမ်းပြပို့ဆောင်သည်။ ယင်းတို့သည် လူသား အတွေးများနှင့် အသိပညာထက် များစွာ သာ၍ နက်နဲ၏။ ဤသည်မှာ သင် ကောင်းစွာ သိရှိရမည့် အရာတစ်ခု ဖြစ်သည်။ သင်သည် အပေါ်ယံ၊ ဖြစ်ကတတ်ဆန်း အတွေးနှင့် စူးစမ်းလေ့လာခြင်းဖြင့် လုပ်ဆောင်ရုံမျှ လုပ်ဆောင်ပါက၊ သင်သည် လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် လမ်းကြောင်း မရှိသကဲ့သို့၊ သမ္မာတရားဆီသို့ တိုးတက်မှု အနည်းငယ်သာရှိပါက၊ သင်သည် ပြောင်းလဲနိုင်စွမ်းမရှိ ဖြစ်မြဲဖြစ်နေပေလိမ့်မည်။ သာဓကအားဖြင့်၊ လူတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် လေးလေးနက်နက် အသုံးခံရန်နှင့် သူ၏ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် ပြန်ပေးဆပ်ရန် ဆုံးဖြတ်ကြသည့်အချိန်များစွာရှိ၏၊ သို့သော် ဤစိတ်ဆန္ဒဖြင့်၊ သင်သည် မိမိကိုယ်ကိုယ် အားအင်များစွာဖြင့် အသုံးခံကောင်းခံနိုင်မည် မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးသည် ဤကြိုးပမ်းအားထုတ်မှုအတွက် အပြည့်အဝ သံန္နိဋ္ဌာန် ချထားကောင်း ချထားနိုင်မည် မဟုတ်ပေ။ သို့သော်၊ ဆုတောင်းကာ တို့ထိခံရပြီးသည့်နောက်၊ သင်သည် စိတ်ဆုံးဖြတ်ချက်တစ်ခုပြုလုပ်ပြီး၊ “ဘုရားသခင်၊ အခက်အခဲကို ခံစားဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ကိုယ်တော်၏ စမ်းသပ်မှုများကို လက်ခံဖို့ ကျွန်ုပ် လိုလားနေပြီး၊ ကိုယ်တော့်ကို လုံးဝ ကျိုးနွံနာခံဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ကျွန်ုပ်၏ ဆင်းရဲဒုက္ခ မည်မျှ ကြီးမားသည်ဖြစ်စေ၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကိုယ်တော်၏ ကြီးမားသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်ခံစားပြီး ကိုယ်တော်သည် ထိုသို့ ကျွန်ုပ်ကို ချီမပြီးဖြစ်သည်၊ ဤအတွက် ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ကျွန်ုပ် ကျေးဇူးတင်ပြီး ကိုယ်တော့်ကို ချီးမြှောက်ပါ၏”ဟု ဆိုပါက၊ ထိုသို့သော ဆုတောင်းချက်တစ်ခုကို သင် ပူဇော်ပြီးသည့်နောက်တွင်၊ သင်၏ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားတိုးပွားလိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ ရှိလိမ့်မည်။ ဤသည်မှာ ဆုတောင်းခြင်း၏ အကျိုးတရား ဖြစ်သည်။ လူတစ်ဦး ဆုတောင်းပြီးသည့်နောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေရင်း၊ အလင်းပေးရင်းနှင့် လမ်းပြရင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည့် ယုံကြည်ခြင်းနှင့် သတ္တိတို့ကို ၎င်းတို့အား ပေးရင်း၊ ၎င်းတို့အပေါ် အလုပ်လုပ်ဖို့ ပြင်ဆင်၏။ ထိုသို့သော ရလဒ်တစ်ခု စွမ်းဆောင်ရရှိခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ရှုသောလူများရှိ၏၊ သို့သော် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ယင်းတို့နှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများက တိုး၍ ကြည်လင်ရွှင်ပျကာ ရှေ့ဆက်လမ်းခရီးတစ်ခုနှင့်ဆိုင်သော တစ်စုံတစ်ရာကို ၎င်းတို့ ရှာတွေ့ကြ၏။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အနည်းငယ်တို့ထိပြီး လမ်းပြမှု အနည်းငယ်အပြင် ဝန်ထုပ်အနည်းငယ် ပေးပါက၊ အကျိုးဆက်မှာ ဧကန်အမှန် အလွန်ကွဲပြားပေလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိဘာသာ ဖတ်ရှုသည့်အခါ၊ အတော်အတန် တို့ထိခံရကောင်းခံရနိုင်ပြီး သင် ငိုကြွေးကောင်းငိုကြွေနိုင်သော်လည်း တစ်ခဏကြာပြီးနောက် ပြယ်သွားသည့် ခံစားချက်သာ ရှိပေမည်။ သို့သော် မျက်ရည်စက်လက်ဖြစ်သော ဆုတောင်းချက်တစ်ခု၊ လေးနက်သော ဆုတောင်းချက်တစ်ခု၊ သို့မဟုတ် စစ်မှန်ပြီး စိတ်ရင်းမှန်ဖြစ်သော ဆုတောင်းချက်တစ်ခုကို သင် ပူဇော်ပါက၊ ရက်များစွာခံသည့် အားမာန်ကို သင် ရရှိလိမ့်မည်။ ဤသည်မှာ ဆုတောင်းခြင်း၏ အကျိုးတရား ဖြစ်သည်။ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ လူတို့သည် ဘုရားသခင်၏ မျက်မှောက်သို့ လာရောက်နိုင်ပြီး ၎င်းတို့အား ဘုရားသခင် ပေးရန် ရည်ရွယ်သော အရာများကို လက်ခံနိုင်ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် မကြာခဏ ဆုတောင်းပြီး ဘုရားသခင်၏ မျက်မှောက်ထဲသို့ မကြာခဏ လာပါက သင်သည် ဘုရားသခင်နှင့်အတူ မကြာခဏ မိတ်သဟာယဖွဲ့ပြီး သူနှင့် လျော်ကျန်သော ဆက်ဆံရေး ရှိမည် ဖြစ်သည်။ သင်သည် သူ့ကြောင့် စိတ်လှုပ်ရှားခြင်းကို အမြဲ ခံစားရပြီး သူ၏ အာဟာရကို အမြဲ ရရှိမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ပြောင်းလဲစေခြင်းကို ခံရမည်၊ သင်၏ အခြေအနေများ အဆက်မပြတ် တိုးတက်ပြီး ဝမ်းနည်းအားငယ်ရလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် ညီအစ်ကိုမောင်နှမများ ဆုတောင်းခြင်းတွင် အတူတကွ ပါဝင်သည့်အခါ၊ ၎င်းတို့ ဆုတောင်းပြီးနောက် ကြီးမားသော အားမာန်တက်ကြွမှု ရှိပြီး ၎င်းတို့သည် မြောက်မြားစွာကို ရရှိပြီးကြောင်း ခံစားကြရသည်။ အမှန်မှာ ၎င်းတို့သည် ရက်အနည်းငယ်ကြာ အတူတကွရှိချိန်တွင် မိတ်သဟာယဖွဲ့ခြင်း များစွာမရှိနိုင်ကြသော်လည်း၊ ၎င်းတို့၏ အားအင်ကို နိုးကြားစေသောအရာကား ဆုတောင်းခြင်း ဖြစ်ပြီး၊ ၎င်းတို့သည် ၎င်းတို့၏ မိသားစုများနှင့် လောကကြီးကို အားလုံးတစ်ပြိုင်နက်တည်း ဘေးဖယ်ထားနိုင်ကြမည့်အကြောင်း ဆန္ဒရှိကြသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်နိုင်ကြရန် ဆန္ဒရှိကြသည်၊ ဘုရားသခင်သာရှိခြင်းသည် လုံလောက်၏။ ၎င်းတို့၏ အားအင်မှာ အလွန်ကြီးမားကြောင်းကို သင် မြင်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်က လူသားကိုပေးသည့် တန်ခိုးအား အဆုံးမရှိ မွေ့လျော်ခံစား၍ရ၏။ ထိုတန်ခိုးကို အမှီပြုခြင်းမရှိဘဲ၊ မိမိကိုယ်ကိုယ် အားတင်းထားခြင်းနှင့် သင် ဆက်လျှောက်လှမ်းသည်နှင့်အမျှ ခေါင်းမာခြင်း သို့မဟုတ် သင်၏ ကိုယ်ပိုင် ဇွဲလုံ့လနှင့် စိတ်စွမ်းအားတို့အပေါ် မှီခိုခြင်းဖြင့် သင် မည်မျှဝေးဝေး သွားနိုင်သနည်း။ ရှေ့မဝေးသည့်နေရာသည် သင် လဲကျကာ ပျက်စီးမည့် နေရာဖြစ်သည်။ သင် လျှောက်လှမ်းသည်နှင့်အမျှ၊ သင်၏ ခွန်အားနည်းလိမ့်မည်။ လူတို့သည် အဆုံးထိ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်သွယ်မှုကို ထိန်းသိမ်းရမည်။ သို့သော် လူသားသည် ဆက်လက်လျှောက်လှမ်းသည်နှင့်အမျှ၊ ဘုရားသခင်ထံမှ ဝေးဝေး သွေဖည်သွား၏။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်၏၊ လူသားသည် လူသားဖြစ်ပြီး၊ အသီးသီးသည် မိမိတို့ကိုယ်တိုင်၏ လမ်းကြောင်းကို လိုက်လျှောက်ကြ၏။ ဘုရားသခင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပြောဆိုပြီး၊ လူသားသည် ဘုရားသခင်၏လမ်းကြောင်းနှင့် မတူသည့် သူ၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်း၏။ လူတစ်ဦးသည် ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုခွန်အား ဆုံးရှုံးသည့်အခါ၊ ၎င်းတို့သည် စကားအနည်းငယ်ဖြင့် ဆုတောင်းဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး ခွန်အားအနည်းငယ်ကို ယူသည်။ အင်အား အနည်းငယ် ရှိပြီးသည့်နောက်တွင်၊ ၎င်းတို့သည် နောက်ထပ် တစ်ကြိမ် ထွက်ခွာသွားကြသည်။ ခဏအကြာတွင်၊ ၎င်းတို့သည် လောင်စာကုန်သွားပြီး ဘုရားသခင်ထံ နောက်ထပ်ရယူရန် ပြန်လာကြ၏။ ဤနည်းဖြင့် ပြုမူနေကြချိန်တွင်၊ လူတစ်ဦးသည် ဤသည်ကို အချိန်ကြာမြင့်စွာ အားတင်းမထားနိုင်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို စွန့်ခွာပါက၊ ရှေ့ဆက်ရမည့် လမ်းခရီး မရှိပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

တစ်ခါတစ်ရံ ဘုရားသခင်ကို မျှော်ကြည့်ခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ “အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏၊...” ဟူသော ဤသို့အတွေးရှိကြကာ ဤအတွေးများက ၎င်းတို့အထဲတွင် ဖြစ်ပေါ်လာသောအခါ၊ ဘုရားသခင်က ထိုအကြောင်းကို မသိသလော။ ဤအတွေးများ လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် ၎င်းတို့သည် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ခြင်းကို ဘုရားသခင်အပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ ဘုရားက သင့်ကို ကူညီမည်ဟု မျှော်လင့်ရင်း သူ့ကို သင့်အသက်အား ကယ်တင်မည့် နောက်ဆုံး ကောက်ရိုးတစ်မျှင်အလား သင် ယုံကြည်သည့်အခါတွင်သာ သင့်နှလုံးသား စစ်မှန်ပေသည်။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်းမှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် နားထောင်သည့်အခါ သင်၏ အခက်အခဲများကို သူမြင်သည်ဖြစ်၍ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကိုဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မွေ့လျော်နေချိန်တွင်၊ သင်၏စိတ်ဝိညာဉ်သည် တို့ထိခံရပြီး၊ ဘုရားသခင်ကို သင် မချစ်ဘဲမနေနိုင်ကြောင်း၊ သင့်အတွင်းတွင် ကြီးမားသော ခွန်အားရှိကြောင်းနှင့် သင် ဘေးဖယ်မထားနိုင်သည့်အရာ မည်သည့်အရာမျှ မရှိသည်ကို သင် ခံစားရပေသည်။ အကယ်၍ သင်သည် ဤကဲ့သို့ခံစားရပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းကာ၊ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို အမှန်တကယ် ခံရကြပြီးဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းအသရေသည် ကျွန်ုပ်၏ ဂုဏ်ယူစေပြီး၊ ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ရသည်မှာ ကျွန်ုပ်အတွက် မွန်မြတ်သည်ဟု ခံစားရပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို လုပ်ဆောင်ရန် မည်သည့်အရာကိုမဆို အသုံးပြုကာ မည်သည့်အရာကိုမဆို ပေးပါမည်၊ ပြီးလျှင် ကျွန်ုပ်၏ နှစ်ကာလအားလုံးနှင့် တစ်သက်တာလုံး ကြိုးပမ်းအားထုတ်မှုများကို ကိုယ်တော့်ထံ ဆက်ကပ်ပါမည်။” ဟု သင် ဆိုလိမ့်မည်။ ဤကဲ့သို့ သင်ဆုတောင်းသောအခါတွင်၊ သင်၏စိတ်နှလုံးထဲ၌ အဆုံးမရှိသော ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှု ရှိလိမ့်မည်။ ဤကဲ့သို့သော အတွေ့အကြုံတစ်ခု သင် ရှိခဲ့ဖူးပါသလော။ အကယ်၍ လူများသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို မကြာခဏ ခံကြရပါက၊ ၎င်းတို့သည် ၎င်းတို့၏ ဆုတောင်းချက်များထဲ၌၊ “အို ဘုရားသခင်။ ကိုယ်တော် ဘုန်းထင်ရှားသော နေ့ရက်ကို ရှုမြင်ရန် ကျွန်ုပ် ဆန္ဒရှိသကဲ့သို့၊ ကိုယ်တော့်အတွက် အသက်ရှင်ရန် ကျွန်ုပ် ဆန္ဒရှိပါ၏- ကိုယ်တော့်အတွက် အသက်ရှင်ရန်ထက် မည်သည့်အရာမျှ သာ၍ မထိုက်တန်၊ အဓိပ္ပာယ်မရှိသကဲ့သို့၊ စာတန်နှင့် ဇာတိပကတိအတွက် အသက်ရှင်ရန် ကျွန်ုပ် ဆန္ဒ စိုးစဉ်းမျှ မရှိပါ။ ကိုယ်တော့်အတွက် ယနေ့ ကျွန်ုပ်ကို အသက်ရှင်နိုင်စေခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်အား ပြုစုပျိုးထောင်ပါသည်။” ဟူ၍ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်ရန် အထူးသဖြင့် ဆန္ဒရှိကြပေသည်။ သင်သည် ဤသို့ဆုတောင်းပြီးသည့်အခါ သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်အား မပေးဘဲ မနေနိုင်ကြောင်း၊ ဘုရားသခင်ကို သင် ရရှိရမည်ဖြစ်ကြောင်းနှင့် သင် အသက်ရှိစဉ်တွင် ဘုရားသခင်ကို ရရှိခြင်းမရှိဘဲ၊ သေဆုံးရဖို့ မုန်းတီးမည်ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ထိုသို့သော ဆုတောင်းချက်တစ်ခုကို ပြောဆိုလျက်၊ သင်၏အတွင်းတွင် မကုန်ခန်းနိုင်သော ခွန်အားတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ထိုခွန်အားက မည်သည့်နေရာမှ ဖြစ်သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် အကန့်အသတ် မရှိသော တန်ခိုးရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ပြီး သူ့ကို ချစ်မြတ်နိုးခြင်းငှာ ထိုက်တန်သည်ဆိုသည့် အသိစိတ် တစ်ခု ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ တို့ထိခြင်းကို သင်ခံရပြီးဖြစ်လိမ့်မည့် အချိန် ဖြစ်သည်။ ထိုသို့သော အတွေ့အကြုံတစ်ခု ရှိပြီးကြသူများ အားလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်သည်။ ဘုရားသခင်၏ တို့ထိခြင်းကို မကြာခဏ ခံရသောသူများအတွက်၊ ၎င်းတို့၏ အသက်တာများ၌ အပြောင်းအလဲများ ဖြစ်ပေါ်သည်၊ ၎င်းတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်ကြပြီး၊ ဘုရားသခင်ထံ လုံးဝ လှည့်ရန် လိုလားခြင်း ရှိကြသည်၊ ၎င်းတို့စိတ်နှလုံးထဲရှိ ဘုရားသခင်အား ချစ်ခြင်းသည် သာ၍ အားကောင်းသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံသို့ လုံးဝ လှည့်သွားကြပြီးဖြစ်သည်၊ ၎င်းတို့သည် မိသားစု၊ ကမ္ဘာလောက၊ အရှုပ်အယှက်များ သို့မဟုတ် ၎င်းတို့၏ အနာဂတ်များကို အလေးမထားကြသကဲ့သို့၊ ၎င်းတို့သည် တစ်ဘဝလုံး အားထုတ်မှုတို့ကို ဘုရားသခင်ထံ ဆက်ကပ်ရန် လိုလားနေကြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရပြီးသောသူအားလုံးသည် သမ္မာတရားကို အားထုတ်သောလူများနှင့် ဘုရားသခင်၏ စုံလင်စေခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်ရှိသောလူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် ညည်းညူခြင်း ရှိမည်မဟုတ် သို့မဟုတ် မတုန်မလှုပ် ဖြစ်မည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တမည်မဟုတ်ပေ။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။ သူက၊ “သခင်ယေရှုခရစ်တော်၊ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် ချစ်ခဲ့သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ စစ်မှန်စွာမချစ်ခဲ့ပါ။ ကိုယ်တော့်၌ ကျွန်ုပ် ယုံကြည်ခြင်းရှိသည်ဟု ပြောခဲ့သော်လည်း၊ စစ်မှန်သော နှလုံးသားဖြင့် ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ မချစ်ခဲ့ပါ။ ကိုယ်တော့်ကို အထင်ကြီးရုံ ကြီးခဲ့သည်၊ ကြည်ညိုရုံကြည်ညိုခဲ့ပြီး ကိုယ်တော့်ကို လွမ်းဆွတ်ရုံသာ ဖြစ်ခဲ့သော်လည်း ကိုယ်တော့်ကို ဘယ်သောအခါမျှ မချစ်ခဲ့သကဲ့သို့ ကိုယ်တော်၌ ယုံကြည်ခြင်း စစ်မှန်စွာမရှိခဲ့ပါ” ဟူသော စကားများဖြင့် ယေရှုထံ မကြာခဏ ဆုတောင်းခဲ့သည်။ သူ သန္နိဋ္ဌာန်ချဖို့ရန် သူစဉ်ဆက်မပြတ် ဆုတောင်းခဲ့ပြီး သူသည် ယေရှု၏ နှုတ်ကပတ်တော်များအားဖြင့် အမြဲ ခွန်အားရခဲ့ကာ ၎င်းတို့မှ စိတ်လှုံ့ဆော်မှုကို ရယူခဲ့သည်။ နောက်ပိုင်းတွင်၊ အတွေ့အကြုံ ကာလတစ်ခု အပြီးနောက်၊ ယေရှုက သူ့ကို နောက်ထပ် တမ်းတဖို့ ဆွပေးရင်း ပေတရုကို စစ်ဆေးခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ ကိုယ်တော့်ကို ကျွန်ုပ် လွမ်းဆွတ်လှပြီး ကိုယ်တော့်ကို ဖူးမျှော်ဖို့ တောင့်တမိပါ၏။ ကျွန်ုပ် ချို့တဲ့လွန်းလှပြီး ကိုယ်တော်၏ ချစ်ခြင်းကို ထေမိစေရန် မပြုနိုင်ပါ။ မကြာမီ ကျွန်ုပ်ကို ခေါ်ဆောင်သွားဖို့ ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် တောင်းပန်ပါ၏။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ကိုယ်တော် လိုအပ်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ခေါ်ဆောင်သွားမည်နည်း။ ကိုယ်တော်၏ မျက်နှာကို မည်သည့်အချိန်တွင် ကျွန်ုပ် ဖူးမျှော်ရမည်နည်း။ ဤခန္ဓာကိုယ်၌ အသက်မရှင်လိုတော့ပါ၊ ဖောက်ပြန်ပျက်စီးသောသူ ဆက်ဖြစ်လာဖို့ ကျွန်ုပ် ဆန္ဒမရှိတော့သကဲ့သို့ ဆက်လက်၍ ပုန်ကန်ဖို့လည်း ကျွန်ုပ် ဆန္ဒမရှိပါ” ဟု ပြောခဲ့သည်။ ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ချက်ချင်းပင် ဆက်ကပ်ရန် အသင့်ရှိပါ၏၊ ကိုယ်တော့်ကို ဆက်လက်၍ ဝမ်းနည်းစေဖို့ ကျွန်ုပ် ဆန္ဒမရှိပါ။ ဤသည်မှာ သူ ဆုတောင်းသည့်ပုံဖြစ်သော်လည်း ယေရှုက သူ့အထဲတွင် မည်သည့်အရာ စုံလင်စေမည်ကို ထိုအချိန်က သူ မသိခဲ့ပါ။ သူ၏ စစ်ဆေးခံရခြင်းနှင့်ဆိုင်သည့် မချိတင်ကဲဝေဒနာ အတော အတွင်းတွင်၊ ယေရှုသည် သူ့ထံ တစ်ဖန် ပေါ်လာခဲ့ပြီး၊ “ပေတရု၊ ငါ၏ စုံလင်ခြင်း ပုံဆောင်ခဲတစ်ခုဖြစ်သည့် အသီးအပွင့်တစ်ခုနှင့် ငါ မွေ့လျော်မည့်အရာ သင်ဖြစ်လာသည်အထိ ငါသည် သင့်ကို စုံလင်အောင် ပြုဖို့ ဆန္ဒရှိသည်။ ငါ့အတွက် သင် အမှန်တကယ် သက်သေခံနိုင်သလော။ သင်လုပ်ဆောင်ရန် ငါ စေခိုင်းသည့်အရာကို လုပ်ဆောင်ပြီးပြီလော။ ငါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင် ပြီးပြီလော။ တစ်ချိန်က သင် ငါ့ကို ချစ်ခဲ့သည်၊ သို့သော် သင်ငါ့ကို ချစ်ခဲ့သော်လည်း ငါ့ကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။ ငါ့အတွက် သင် မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်သည် ငါ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်သည်ကို သင်သတိပြုမိသော်လည်း ငါ့အတွက် သင် မည်သည့်အရာကို လုပ်ဆောင်ပြီးပြီနည်း” ဟု ဆိုခဲ့သည်။ ယေရှုအတွက် သူ ဘာမျှ မလုပ်ဆောင်ခဲ့သည်ကို ပေတရုမြင်ခဲ့ပြီး ဘုရားသခင်အား သူ၏ အသက်တာကို ပေးရန် သူ၏ယခင်ကျမ်းသစ္စာကို သူ သတိရခဲ့သည်။ ထို့ကြောင့်၊ သူသည် နောက်ထပ် မညည်းညူတော့သကဲ့သို့ ထိုအချိန်မှစ၍ သူ၏ ဆုတောင်းချက်များက များစွာ သာ၍ကောင်းမွန်လာခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် စွန့်ခွာခဲ့ပြီး ကိုယ်တော်ကလည်း ကျွန်ုပ်ကို စွန့်ခွာခဲ့ပါ၏။ ကျွန်ုပ်တို့သည် ခွဲခွာသည့်အချိန်နှင့် အဖော်ပြုလျက် အတူတကွ ရှိချိန်တို့ ရှိခဲ့ကြပါ၏။ သို့သော်လည်း အခြားအရာအားလုံးထက် ကိုယ်တော်သည် ကျွန်ုပ်ကို ပိုချစ်ပါ၏။ ကိုယ်တော့်ကို ကျွန်ုပ် အဖန်ဖန် ပုန်ကန်မိခဲ့ပြီး အဖန်ဖန် ဝမ်းနည်းကြေကွဲစေခဲ့ပါ၏။ ထိုသို့သော အရာများကို အကျွန်ုပ် အဘယ်သို့ မေ့လျော့နိုင်ပါမည်နည်း။ အကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုနှင့် ကျွန်ုပ်ကို ကိုယ်တော် အပ်နှံခဲ့သည့်အရာကို စိတ်ထဲတွင် အစဉ်မှတ်ထားလျက်နေပြီး ကျွန်ုပ် ဘယ်သောအခါမျှ မမေ့လျော့ပါ။ ကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုအတွက် ကျွန်ုပ်တတ်နိုင်သမျှ အရာရာကို ကျွန်ုပ် လုပ်ဆောင်ပြီးပါပြီ။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သိပြီး ထိုထက် မည်သည့် ကဏ္ဍ၌ ကျွန်ုပ် ပါ၀င်နိုင်သည်ကို ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများကို နာခံဖို့ ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ဆက်ကပ်ပါမည်။ ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သာ သိပါ၏။ စာတန်က ကျွန်ုပ်ကို အလွန် အရူးလုပ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်မိခဲ့သော်လည်း၊ ထိုအပြစ်များအတွက် ကျွန်ုပ်ကို ကိုယ်တော် အမှတ်ရသည် မဟုတ်ကြောင်းနှင့် ထိုအပြစ်များအပေါ် အခြေခံ၍ ကျွန်ုပ်ကို မဆက်ဆံကြောင်းကို ကျွန်ုပ် ယုံကြည်ပါ၏။ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်အား ဆက်ကပ်ဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ မည်သည့်အရာကိုမျှ ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အခြားသော မျှော်လင့်ချက်များ သို့မဟုတ် အစီအစဉ်များ ကျွန်ုပ်တွင် မရှိပါ။ ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူဖို့နှင့် ကိုယ်တော်၏ အလိုတော်ကို လုပ်ဆောင်ဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်၏ ခါးသောခွက်မှ ကျွန်ုပ်သောက်ပါမည်၊ ကျွန်ုပ်ကို စေခိုင်းဖို့ ကိုယ်တော်ပိုင်ပါ၏” ဟု ပြောရင်း ဆုတောင်းခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။