ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်၏

16.03.2019

စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော ရှုထောင့်များနှင့်စပ်ဆိုင်သည့် သူ၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို အလွန်စိတ်ဝင်စားစေခဲ့သည်။ စာတန်အနေဖြင့် နိမိတ်လက္ခဏာများကို ပြသနိုင်စွမ်းရှိပြီး လူသားတို့အတွက် မဖြစ်နိုင်သည့် အရာများကို လုပ်နိုင်စွမ်းရှိသောကြောင့် ဘုရားသခင်ကဲ့သို့ သြဇာအာဏာကို စာတန်ပိုင်ဆိုင်သည်ဟု ယုံကြည်သည့် မိုက်သောလူ အများအပြားပင်ရှိသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအပြင် မိမိတို့၏နှလုံးသားထဲတွင် စာတန်အတွက်လည်း နေရာတစ်နေရာ ချန်ထားကာ စာတန်ကို ဘုရားအနေနှင့်ပင် ကိုးကွယ်ကြသည်။ ဤလူများသည် သနားစရာကောင်းသကဲ့သို့ စက်ဆုပ်ရွံ့ရှာဖွယ်လည်း ကောင်း၏။ သူတို့၏ မသိနားမလည်မှုကြောင့် သနားစရာကောင်းပြီး သူတို့၏ မိစ္ဆာဒိဌိအယူနှင့် ပင်ကိုဆိုးယုတ်သည့်အနှစ်သာရကြောင့် စက်ဆုပ်ရွံ့ရှာဖွယ်သည်။ ဤနေရာတွင် သြဇာအာဏာက အဘယ်အရာဖြစ်သည်၊ မည်သည်အရာကို သင်္ကေတပြုသည်၊ အဘယ်အရာကို ကိုယ်စားပြုသည်ဆိုခြင်းအား သင်တို့ကို အသိပေးရန် လိုအပ်သည်ဟု ငါခံစားရသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဘုရားသခင်ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်ပြီး ဘုရားသခင်၏သြဇာအာဏာသည် သူ၏ကြီးစိုးမှုနှင့် အနှစ်သာရကို သင်္ကေတပြုသည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်။ ဤသို့ဖြစ်သောကြောင့် စာတန်အနေဖြင့် သူကိုယ်တိုင်က ဘုရားဖြစ်သည်ဟု ပြောရဲသလော။ အရာအားလုံးကို သူဖန်ဆင်းထားပြီး အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို သူကိုင်ဆောင်ထားသည်ဟု စာတန်ပြောရဲသလော။ မည်သို့လျှင် ပြောရဲမည်နည်း။ အကြောင်းမှာ သူသည် အရာအားလုံးကို ဖန်ဆင်းရန် မတတ်စွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယနေ့အထိ ဘုရားသခင်ဖန်ဆင်းခဲ့သည့်အရာ တစ်ခုကိုမျှ သူမပြုလုပ်ခဲ့ဖူးပေ။ အသက်ရှိသည့်အရာ တစ်ခုကိုမျှ တစ်ခါမျှ သူမဖန်ဆင်းဖူးပေ။ အကြောင်းမှာ သူ့ထံ၌ ဘုရားသခင်၏ သြဇာအာဏာ မရှိသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို မည်သည့်အခါမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤသည်ကို သူ၏အနှစ်သာရဖြင့် သတ်မှတ်ထားသည်။ သူသည် ဘုရားသခင်ကဲ့သို့ တန်ခိုးရှိသလော။ မည်သို့ရှိမည်နည်း။ စာတန်၏ လုပ်ရပ်များနှင့် စာတန်ဖော်ပြသည့် နိမိတ်လက္ခဏာများကို မည်သို့ခေါ်ကြသနည်း။ တန်ခိုးလော။ သြဇာအာဏာဟု ခေါ်၍ရနိုင်သလော။ မည်သို့ရနိုင်မည်နည်း။ စာတန်က မကောင်းမှုရေစီးကြောင်းကို ညွှန်ကြားပြီး ဘုရားသခင့်အမှု၏ ရှုထောင့်တိုင်းကို နှောင့်ယှက်ကာ ထိခိုက်စေပြီး ကြားဝင်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းအချို့တွင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်း၊ သေမင်းအရိပ်လွှမ်းမိုးသည့် ချိုင့်ဝှမ်းဆီကို လျှောက်သွားစေရန် လူသားကို စာရိတ္တပျက်ပြားအောင်၊ ဘုရားသခင်ကို ငြင်းပယ်အောင် မျှားခေါ်ခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့မှလွဲ၍ စာတန်သည် လူသား၏ အောက်မေ့မှု၊ ချီးကျူးမှု၊ သို့မဟုတ် ချစ်ခင်မြတ်နိုးမှုတို့နှင့် အနည်းငယ်မျှပင် ထိုက်တန်သည့် အရာတစ်ခုခု လုပ်ခဲ့ဖူးသလော။ စာတန်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများ၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်မည် မဟုတ်လော။ အကယ်၍ စာတန်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများ၏ အန္တရာယ်ပြုခြင်းကို ခံထားရပြီးဖြစ်မည် မဟုတ်လော။ အကယ်၍ စာတန်အနေဖြင့် တန်ခိုးနှင့် သြဇာအာဏာကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်က ဘုရားသခင်ကို စွန့်ပစ်ပြီး သေခြင်းကို အားထားကြပြီးဖြစ်မည် မဟုတ်လော။ စာတန်၌ သြဇာအာဏာ၊ သို့မဟုတ် တန်ခိုးမရှိသည့်အတွက် သူလုပ်သည့်အရာအားလုံး၏ အနှစ်သာရနှင့် ပတ်သက်၍ ငါတို့အနေဖြင့် မည်သို့ကောက်ချက်ချသင့်သနည်း။ စာတန်လုပ်ဆောင်သည့် အရာအားလုံးက လိမ်လည်လှည့်စားမှုသက်သက်သာ ဖြစ်သည်ဟု အနက်ဖွင့်သည့်သူများရှိသည်။ သို့ရာတွင် ဤကဲ့သို့သော အနက်ဖွင့်ချက်က သိပ်မသင့်တော်ဟု ငါမြင်သည်။ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေသည့် သူ၏ဆိုးယုတ်သည့် လုပ်ဆောင်ချက်များက လိမ်လည်လှည့်စားမှုသက်သက်ပင်လော။ စာတန်က ယောဘကို နှိပ်စက်သည့် ဆိုးယုတ်သော အင်အားနှင့် ယောဘကို နှိပ်စက်ပြီး ဝါးမျိုရန် သူ၏ခက်ထန်သောဆန္ဒတို့ကို လိမ်လည်လှည့်စားမှုသက်သက်ဖြင့် ရရှိနိုင်ခြေ မရှိပေ။ အတိတ်ကို ပြန်ကြည့်ပါက တောင်ကုန်းများ၊ တောင်များတွင် ပြန့်ကျဲနေသည့် ယောဘ၏ တိရစ္ဆာန်အုပ်များသည် ချက်ချင်းပင် ကွယ်ပျောက် သွားခဲ့ကြသည်။ ယောဘ၏ ကြီးမားသည့် စည်းစိမ်သည် တစ်မုဟုတ်ချင်းပင် ပျောက်ကွယ်သွားသည်။ ဤအရာတို့ကို လိမ်လည်လှည့်စားမှုသက်သက်နှင့် ရရှိနိုင်မည်လော။ စာတန်လုပ်သည့်အရာအားလုံး၏ သဘာဝသည် ထိခိုက်စေရန်၊ ကြားဝင်နှောင့်ယှက်ရန်၊ ဖျက်ဆီးရန်၊ အန္တရာယ်ပြုရန်၊ ဆိုးယုတ်ခြင်း၊ မလိုမုန်းထားတတ်ခြင်းနှင့် မှောင်မိုက်ခြင်းတို့ကဲ့သို့ အဖျက်သဘောဆောင်သည့် ဝေါဟာရများနှင့် ဆက်နွှယ်ပြီး ကိုက်ညီသည်။ ထို့ကြောင့် တရားမမျှတဘဲ ဆိုးယုတ်သည့် အရာအားလုံး ဖြစ်ပေါ်ခြင်းသည် စာတန်၏ လုပ်ရပ်များနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေပြီး စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရနှင့် ခွဲခြား၍မရပေ။ စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်အဖို့ အဖြည့်ခံဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။

စာတန်၏သရုပ်မှန်ကို အမှန်တကယ် နားလည်ပြီးနောက် လူအများအပြားက သြဇာအာဏာမှာ အဘယ်အရာဖြစ်သည်ကို နားမလည်သေးပေ။ ထို့ကြောင့် ငါပြောပြမည်။ သြဇာအာဏာကိုယ်၌ကို ဘုရားသခင်၏ တန်ခိုးအဖြစ် ရှင်းပြနိုင်သည်။ ပထမဦးဆုံး သြဇာအာဏာနှင့် တန်ခိုးတို့သည် အပြုသဘောဆောင်သည်ကို သေချာပေါက်ပြောနိုင်သည်။ အဖျက်သဘောဆောင်သည့် မည်သည့်အရာနှင့်မျှ ဆက်နွှယ်မှုမရှိပေ။ မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာတစ်ခုနှင့်မျှ ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်၏ တန်ခိုးက အသက်နှင့် ရှင်သန်တက်ကြွခြင်းရှိသည့် မည်သည့်ပုံစံကိုမဆို ဖန်ဆင်းနိုင်သည်။ ဤသည်ကို ဘုရားသခင်၏ အသက်နှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဘုရားသခင်သည် အသက်ဖြစ်၏။ ထို့ကြောင့် သူသည် သက်ရှိသတ္တဝါအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို သက်ရှိသတ္တဝါအားလုံး ကျိုးနွံနာခံရန် ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်တို့နှင့်အညီ သက်ရှိဖြစ်လာရန်နှင့် ဘုရားသခင်၏ ကွပ်ကဲအုပ်ချုပ်မှုအားဖြင့် အသက်ရှင်ပြီး မျိုးပွားကြရန် ပြုလုပ်နိုင်သည်။ ယင်းနောက်တွင် ဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံးကို အမိန့်ပေး၍ ကွပ်ကဲအုပ်ချုပ်ကာ ပြောင်းလဲယိမ်းယိုင်ခြင်းဆိုသည်မှာ ထာဝရ မရှိတော့ပေ။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထု၌မျှ ဤအရာများ မရှိပေ။ ဖန်ဆင်းရှင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်ပြီး ထိန်းသိမ်းသည်။ ထို့ကြောင့် ၎င်းကို သြဇာအာဏာဟုခေါ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းဖြစ်သည်။ ဤအတိုင်းပင်၊ “သြဇာအာဏာ” ဆိုသည့် စကားလုံးကိုယ်၌ဖြစ်စေ၊ သို့မဟုတ် ဤသြဇာအာဏာ၏ အနှစ်သာရဖြစ်စေ၊ တစ်ခုချင်းစီတိုင်းက ဖန်ဆင်းရှင်နှင့်သာ ဆက်စပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာနှင့် အနှစ်သာရ၏ သင်္ကေတဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ “သြဇာအာဏာ” ဟူသည့် စကားလုံးနှင့် ဆက်စပ်၍ မရပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ၏ အဓိပ္ပာယ်ကောက်ချက်ဖြစ်သည်။

စာတန်သည် ယောဘကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်နေသော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့် သူသည် ယောဘ၏ ကိုယ်ခန္ဓာမှ အမွေးတစ်မျှင်ကိုပင် မထိရဲပေ။ စာတန်သည် ပင်ကိုသဘောအားဖြင့် ဆိုးယုတ်ပြီး ရက်စက်သော်လည်း ဘုရားသခင်က သူ၏အမိန့်ကို ထုတ်ပြန်ပြီးနောက်တွင် စာတန်သည် ဘုရားသခင်၏အမိန့်ကို လက်ခံရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် စာတန်သည် ယောဘနှင့်ပတ်သက်ပါက သိုးများကြားထဲက ဝံပုလွေကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော်လည်း ဘုရားသခင်က သူ့အတွက် ပြင်ဆင်ထားသည့် အကန့်အသတ်များကို မမေ့ဝံ့ပေ။ ဘုရားသခင်၏ အမိန့်များကို သူမဖောက်ဖျက်ရဲပေ။ ထို့ပြင် သူလုပ်လေသမျှတွင် စာတန်သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ အခြေခံမူများနှင့် အကန့်အသတ်များမှ မယိမ်းယိုင်သွားရဲပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည် မဟုတ်လော။ ဤအချက်မှ စာတန်သည် ယေဟောဝါဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ကိုမဆို မချိုးဖောက်ဝံ့သည်ကို မြင်နိုင်သည်။ စာတန်အတွက် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တိုင်းက အမိန့်ဖြစ်ပြီး၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမနှင့် ဘုရားသခင့်သြဇာအာဏာ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင့်နှုတ်ကပတ်တော်တိုင်း၏ နောက်တွင် ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်သူများ၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို မနာခံဘဲ ဆန့်ကျင်သည့်သူများအတွက် ဘုရားသခင်၏ အပြစ်ဒဏ်ကို ညွှန်ပြနေသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်လျှင် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်ခြင်းနှင့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များအား လက်ခံရမည်ဆိုသည်ကို စာတန်က ရှင်းရှင်းလင်းလင်းသိသည်။ ဤအကျိုးဆက်များက မည်သည့်အရာများနည်း။ ပြောစရာမလိုပေ။ ဤအရာတို့သည် သူ့အတွက် ဘုရားသခင်၏ အပြစ်ဒဏ်ပင်ဖြစ်သည်။ ယောဘအပေါ် စာတန်၏ လုပ်ရပ်များသည် လူသားကို စာတန်ဖောက်ပြန်ပျက်စီးစေခြင်း၏ ပုံစံအသေးစားမျှသာဖြစ်သည်။ စာတန်က ဤလုပ်ရပ်များကို လုပ်ဆောင်နေသည့်အခါတွင် စာတန်အပေါ် ဘုရားသခင် ချမှတ်ထားသည့် အကန့်အသတ်များနှင့် သူထုတ်ထားသည့် အမိန့်များသည် စာတန်လုပ်သည့် အရာတိုင်း၏ နောက်ကွယ်မှ အခြေခံမူများ၏ ပုံစံအသေးစားမျှသာဖြစ်သည်။ ထို့အပြင် ဤကိစ္စတွင် စာတန်၏တာဝန်နှင့် အဆင့်နေရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်ထဲက သူ၏တာဝန်နှင့် အဆင့်နေရာ၏ ပုံစံအသေးစားမျှသာဖြစ်ပြီး ယောဘကို သွေးဆောင်ရာ၌ စာတန်၏ ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်းက ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်တွင် ဘုရားသခင်ကို စာတန်က နည်းနည်းမျှ မဆန့်ကျင်ရဲခြင်း၏ ပုံစံအသေးစားမျှသာဖြစ်သည်။ ဤပုံစံအသေးစားများက သင်တို့ကို မည်သည့်သတိပေးချက်များ ပေးသနည်း။ စာတန်အပါအဝင် အရာအားလုံးထဲတွင် ဖန်ဆင်းရှင်ချမှတ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို ကျော်လွန်နိုင်သည့် မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုမျှ မရှိပေ။ ထို့ပြင် ဤကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို ချိုးဖောက်ရဲသည့် မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုမျှ မရှိပေ။ အကြောင်းမှာ ဖန်ဆင်းရှင်က မနာခံသည့်သူများအပေါ် ချမှတ်သည့် ပြစ်ဒဏ်ကို မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ ပြောင်းလဲနိုင်ခြင်းသော်လည်းကောင်း၊ လွတ်မြောက်နိုင်ခြင်းသော်လည်းကောင်း မရှိသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်သာလျှင် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို တည်ထောင်နိုင်သည်။ ဖန်ဆင်းရှင်သာလျှင် ဤအရာတို့ကို အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်ရန် တန်ခိုးရှိသည်။ ဖန်ဆင်းရှင်၏ တန်ခိုးကိုသာ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ မကျော်လွန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာဖြစ်ပြီး ဤသြဇာအာဏာသည် အရာအားလုံးထက် သာလွန်သည်။ ထို့ကြောင့် “ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး စာတန်က နံပါတ်နှစ်ဖြစ်သည်” ဟု ပြောရန် မဖြစ်နိုင်ပေ။ အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်သည့် ဖန်ဆင်းရှင်မှလွဲပြီး အခြားဘုရားမရှိပေ။

ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သော အသိပညာအသစ်ကို ယခု သင်တို့ရရှိပြီလော။ ပထမဦးဆုံး ယခုပြောခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာနှင့် လူသား၏ အစွမ်းတို့ကြားတွင် ကွာခြားချက်ရှိသလော။ ကွာခြားချက်က အဘယ်နည်း။ အချို့လူများက ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိဟု ပြောကြသည်။ မှန်ပေသည်။ လူတို့က ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိဟု ဆိုသော်လည်း လူသား၏အတွေးနှင့် အယူအဆများတွင် လူသား၏အစွမ်းကို သြဇာအာဏာနှင့် မကြာခဏ ရောထွေးကြကာ ဤနှစ်ခုကို မကြာခဏ ဘေးချင်းယှဉ်လျက် နှိုင်းကြသည်။ ဤနေရာတွင် အဘယ်အရာဖြစ်နေသနည်း။ လူများက ဤနှစ်ခုကို တစ်ခုနှင့်တစ်ခု အမှုမဲ့အမှတ်မဲ့နှင့် မှားယွင်းပြီး အစားထိုးနေကြခြင်းဖြစ်သည် မဟုတ်လော။ ဤနှစ်ခုက ဆက်စပ်မှုမရှိပေ။ ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာ မရှိပေ။ သို့ရာတွင် လူများက မနေနိုင်ကြချေ။ ဤသည်ကို မည်သို့ဖြေရှင်းသင့်သနည်း။ သင်သည် ဖြေရှင်းချက်ကို ရှာတွေ့ရန် အမှန်တကယ် ဆန္ဒရှိပါက တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာကို သိကျွမ်းပြီး နားလည်ရန်သာဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိကျွမ်း၍ နားလည်ပြီးနောက်တွင် သင်သည် လူသား၏ အစွမ်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို တစ်တန်းတည်းထား၍ အတူတူပြောဆိုတော့မည် မဟုတ်ပေ။

လူသား၏အစွမ်းဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ရိုးရိုးပြောရလျှင် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၊ ဆန္ဒများနှင့် ရည်ရွယ်ချက်တို့ကို အကြီးမားဆုံး အတိုင်းအတာအထိ ကျယ်ပြန့်စေသည့်၊ သို့မဟုတ် ပြီးမြောက်စေသည့် စွမ်းရည်သော်လည်းကောင်း၊ တတ်ကျွမ်းမှုသော်လည်းကောင်းဖြစ်သည်။ ဤအရာကို သြဇာအာဏာဟု ပြော၍ရသလော။ လူသား၏ ရည်ရွယ်ချက်များနှင့် ဆန္ဒများမှာ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် မည်မျှပင်အကျိုးများပါစေ ဤလူသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု မဆိုနိုင်ပေ။ အလွန့်အလွန်ပြောရလျှင် ဤကြီးမားခြင်းနှင့် အောင်မြင်ခြင်းသည် လူသားကြားရှိ စာတန်၏ ရွှတ်နောက်နောက် အပြုအမူဆိုင်ရာ သာဓကတစ်ခုသာဖြစ်၏၊ အလွန့်အလွန်ပြောရလျှင် ယင်းသည် စာတန်သည် ဘုရားဖြစ်ရန်ဟူသည့် သူ၏ရည်ရွယ်ချက်ကို ပြီးမြောက်စေရန်အတွက် သူ၏ဘိုးဘေးကဲ့သို့ ပြုမူပြသည့် ဟာသဇာတ်တစ်ခုသာ ဖြစ်သည်။

ယခု သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အတိအကျအားဖြင့် မည်သို့မြင်သနည်း။ ယခု ဤနှုတ်ကပတ်တော်များကို မိတ်သဟာယပြုပြီးသည့်အတွက် ဘုရားသခင်၏ သြဇာအာဏာနှင့်ပတ်သက်သော အသိပညာအသစ်ကို သင်ရရှိသင့်ပေပြီ။ ထို့ကြောင့် သင်တို့ကို ငါမေးမည်။ ဘုရားသခင်၏ သြဇာအာဏာက အဘယ်အရာကို သင်္ကေတပြုသနည်း။ ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာကို သင်္ကေတပြုသလော။ ဘုရားသခင်ကိုယ်တော်တိုင်၏ တန်ခိုးကို သင်္ကေတပြုသလော။ ဘုရားသခင်ကိုယ်တော်တိုင်၏ အတုမရှိသည့် ဂုဏ်ဒြပ်ကို သင်္ကေတပြုသလော။ အရာအားလုံးထဲတွင် မည်သည့်အရာအထဲ၌ ဘုရားသခင်၏သြဇာအာဏာကို သင်မြင်ခဲ့သနည်း။ ယင်းကို မည်သို့မြင်ခဲ့သနည်း။ လူသားကြုံတွေ့သည့် ရာသီဥတုလေးခုအရဆိုပါက နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့ကြားထဲက ဖလှယ်ခြင်းနိယာမကို မည်သူပြောင်းနိုင်သနည်း။ နွေဦးရာသီတွင် သစ်ပင်များက ဖူးပွင့်သည်။ နွေရာသီတွင် သစ်ပင်တို့သည် အရွက်များနှင့် ဖုံးနေသည်။ ဆောင်းဦးရာသီတွင် အသီးသီးကြပြီး ဆောင်းရာသီတွင် အရွက်ကြွေလေသည်။ ဤနိယာမကို မည်သူပြောင်းလဲနိုင်သနည်း။ ဤအရာက ဘုရားသခင့်သြဇာအာဏာ၏ ရှုထောင့်တစ်ခုကို ထင်ဟပ်စေသလော။ ဘုရားသခင်က “အလင်းဖြစ်စေ” ဟုပြောသည်နှင့် အလင်းဖြစ်လာသည်။ ဤအလင်းက တည်ရှိနေဆဲဖြစ်သလော။ အလင်းက အဘယ်ကြောင့် တည်ရှိနေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ သြဇာအာဏာကြောင့် တည်ရှိနေခြင်းပင်တည်း။ ဘုရားသခင်ဖန်ဆင်းထားသည့် လေက တည်ရှိနေဆဲဖြစ်သလော။ လူသား ရှူသွင်းသည့်လေက ဘုရားသခင်ထံမှ လာသလော။ မည်သူတစ်ဦးတစ်ယောက်သည် ဘုရားသခင်ထံမှလာသည့် အရာများကို ယူဆောင်သွားနိုင်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ၎င်းတို့၏အနှစ်သာရနှင့် တာဝန်များကို ပြောင်းလဲနိုင်သလော။ ဘုရားသခင်ခွဲဝေသတ်မှတ်ထားခဲ့သည့် နေ့နှင့်ည၊ ဘုရားသခင်အမိန့်ပေးခဲ့သည့် နေ့နှင့်ည၏ နိယာမကို မည်သူက အစီအစဉ်ပျက်အောင် လုပ်နိုင်သနည်း။ စာတန်က ဤကဲ့သို့လုပ်နိုင်သလော။ သင်သည် ညတွင်မအိပ်ဘဲ ညကို နေ့ဟူ၍သတ်မှတ်လျှင်ပင် ညအချိန်က ညအချိန်ပဲဖြစ်နေမည် ဖြစ်သည်။ သင်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မည်။ သို့ရာတွင် သင်သည် ညနှင့်နေ့၏ ဖလှယ်ပုံနိယာမကို ပြောင်းရန် မတတ်စွမ်းပေ။ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သည့် အချက်ပင်ဖြစ်သည်၊ မဟုတ်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ခြင်္သေ့တစ်ကောင်ကို ကုန်းမြေပေါ်တွင် နွားကဲ့သို့လယ်ထွန်ခိုင်းရန် တတ်စွမ်းနိုင်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ဆင်တစ်ကောင်ကို မြည်းဖြစ်သွားအောင် ပြောင်းရန် တတ်နိုင်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ကြက်တစ်ကောင်ကို လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ပျံဝဲအောင်လုပ်ရန် တတ်နိုင်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်ကဲ့သို့ မြက်စားအောင် လုပ်နိုင်သလော။ (မလုပ်နိုင်ပါ။) မည်သူတစ်ဦးတစ်ယောက်သည် ရေထဲက ငါးတစ်ကောင်ကို ခြောက်သွေ့သည့် ကုန်းမြေပေါ်တွင် အသက်ရှင်အောင် လုပ်နိုင်သလော။ ထိုအရာကို လူသားတို့ မလုပ်နိုင်ကြပါ။ အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်က ငါးတို့ကို ရေထဲတွင် အသက်ရှင်ရန် အမိန့်ပေးထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ရေထဲတွင် အသက်ရှင်သည်။ ၎င်းတို့သည် ကုန်းမြေပေါ်တွင် အသက်ရှင်နိုင်မည် မဟုတ်ပေ။ သေသွားမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင့်အမိန့်၏ အကန့်အသတ်ကို မကျော်လွန်နိုင်ပေ။ အရာအားလုံး၏ ဖြစ်တည်မှုတွင် နိယာမနှင့် အကန့်အသတ်များရှိပြီး သူတို့အသီးသီးတွင် ကိုယ်ပိုင်ဗီဇအသိစိတ်များ ရှိကြသည်။ ဤအရာတို့ကို ဖန်ဆင်းရှင်က ချမှတ်ပေးထားခြင်းဖြစ်ပြီး မည်သည့်လူသားကမျှ ပြောင်းလဲ၍၊ ကျော်လွန်၍ မရနိုင်ပေ။ ဥပမာ၊ ခြင်္သေ့သည် လူ့အဖွဲ့အစည်းနှင့် အဝေးတစ်နေရာတွင်ရှိသည့် တောထဲတွင်သာ အမြဲနေထိုင်လိမ့်မည်။ လူနှင့်အတူနေထိုင်ပြီး လူသားအတွက် အလုပ်လုပ်ပေးသည့် နွားကဲ့သို့ မည်သည့်အခါမျှ ကျိုးနွံပြီး သစ္စာရှိမလာနိုင်ပေ။ ဆင်နှင့် မြည်းနှစ်မျိုးလုံးက တိရစ္ဆာန်များဖြစ်ကြပြီး နှစ်မျိုးလုံးက ခြေလေးချောင်းရှိကာ လေကို ရှူသွင်းကြသည့် သတ္တဝါများဖြစ်သော်လည်း သူတို့သည် မတူညီသည့် မျိုးစိတ်များဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်က သူတို့ကို မတူညီသည့် အမျိုးအစားများအဖြစ် ခွဲခြားထား၍ဖြစ်သည်။ သူတို့အသီးသီးတွင် ကိုယ်ပိုင်ဗီဇအသိစိတ်များ ရှိကြသည်။ ထို့ကြောင့် သူတို့ကို မည်သည့်အခါမျှ ဖလှယ်နိုင်မည်မဟုတ်ပေ။ ကြက်က လင်းယုန်ကဲ့သို့ ခြေနှစ်ချောင်းရှိပြီး အတောင်ပံများရှိသော်လည်း လေထဲတွင် မည်သည့်အခါမျှ ပျံနိုင်မည်မဟုတ်ပေ။ အလွန်ဆုံး သစ်ပင်ပေါ်လောက်သာ ပျံတက်နိုင်လိမ့်မည်။ ဤသည်မှာ သူ၏ဗီဇအသိစိတ်က ပိုင်းခြားသတ်မှတ်ထားခြင်းဖြစ်သည်။ ဤအရာ အားလုံးက ဘုရားသခင့်သြဇာအာဏာ၏ အမိန့်များကြောင့် ဖြစ်သည်ကို ပြောပြနေစရာမလိုပေ။

ယနေ့ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ သိပ္ပံသည် တိုးတက်လျက်ရှိသည်ဟု ဆိုနိုင်ပြီး လူသားတို့၏ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများသည် အထင်ကြီးစရာကောင်းသည်ဟု ဆိုနိုင်သည်။ လူသား၏ အရည်အချင်းသည် အမြဲတမ်း ကြီးမားသည်ထက် ကြီးမားလာနေသည်ဟု ပြောရမည်ဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်က မလုပ်နိုင်သေးသည့် သိပ္ပံဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုတစ်ခုရှိနေသည်။ လူသားမျိုးနွယ်သည် လေယာဉ်ပျံများ၊ လေယာဉ်တင် သင်္ဘောများ၊ အက်တမ်ဗုံးများကို ပြုလုပ်ခဲ့သည်။ လူသားမျိုးနွယ်သည် စကြဝဠာထဲကို ထွက်ခဲ့သည်။ လပေါ်တွင် လမ်းလျှောက်ခဲ့သည်။ အင်တာနက်ကို တီထွင်ခဲ့သည်။ နည်းပညာမြင့် ဘဝနေမှုပုံစံနှင့် နေထိုင်ခဲ့ကြသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် အသက်ရှိသည့်၊ အသက်ရှူသည့် သတ္တဝါကို ဖန်တီးရန် မတတ်နိုင်ပေ။ သက်ရှိသတ္တဝါတိုင်း၏ ဗီဇအသိစိတ်နှင့် သူတို့အသက်ရှင်နေထိုင်သည့် နိယာမများ၊ သက်ရှိအမျိုးအစားတိုင်း၏ သေခြင်းနှင့်ရှင်ခြင်း စက်ဝန်း- ဤအရာများအားလုံးသည် လူသားတို့၏ သိပ္ပံပညာစွမ်းအားထက် ကျော်လွန်ပြီး၊ ၎င်းတို့ကို သိပ္ပံပညာက မထိန်းချုပ်နိုင်ပေ။ လူသား၏ သိပ္ပံပညာနှင့် မည်မျှကြီးမားသည့် အမြင့်ကို ရယူပြီးဖြစ်ပါစေ ၎င်းတို့သည် ဖန်ဆင်းရှင်၏ မည်သည့်အတွေးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်း၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းဆိုင်ရာ ဆန်းကြယ်မှုနှင့် သူ့သြဇာအာဏာ၏ တန်ခိုးတို့ကို ခွဲခြမ်းနိုင်စွမ်း မရှိကြောင်း ဤနေရာတွင် ပြောရပေမည်။ ကမ္ဘာမြေကြီးပေါ်တွင် သမုဒ္ဒရာများ များစွာရှိသည်။ သို့ရာတွင် ၎င်းတို့သည် သူတို့၏နယ်နိမိတ်များကိုကျော်ပြီး ကုန်းမြေပေါ်ကို ၎င်းတို့စိတ်ကြိုက် တစ်ခါမျှမလာဖူးပေ။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့တစ်ခုချင်းစီ၏ နယ်နိမိတ်များကို သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်အမိန့်ပေးထားသည့် မည်သည့်နေရာတွင်မဆို ၎င်းတို့နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ၎င်းတို့သည် ကြိုက်သလို မလှုပ်ရှားနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ အချင်းချင်း စည်းမဖောက်နိုင်ကြပေ။ ဘုရားသခင်က ပြောမှသာလျှင် ၎င်းတို့လှုပ်ရှားနိုင်သည်။ ၎င်းတို့သွားသည့်နေရာနှင့် ၎င်းတို့နေသည့်နေရာကို ဘုရားသခင်၏ သြဇာအာဏာအားဖြင့် ပိုင်းခြားသတ်မှတ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် တစ်ခုခုကို မည်သို့လုပ်မည်ဆိုသည့်အပေါ်တွင် ဆုံးဖြတ်သတ်မှတ်ရန် အခွင့်အရေးရှိပြီး သူဆန္ဒရှိသည့် နည်းလမ်းအတိုင်း ပြီးမြောက်သည်။ အရာအားလုံး၏ နိယာမက ဘုရားသခင်အပေါ် မူတည်သည်၊ လူသားအပေါ်တွင် မူတည်ခြင်း မရှိသကဲ့သို့ လူသားက ပြောင်းလဲ၍လည်း မရပေ။ ထိုနိယာမကို လူသား၏ အလိုဆန္ဒနှင့် မရွှေ့ပြောင်းနိုင်ဘဲ ထိုအစား ဘုရားသခင်၏အတွေးများ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ ကြိုတင်ပြဌာန်းချက်တို့နှင့် ပြောင်းလဲနိုင်သည်။ ဤသည်မှာ မည်သည့်လူသားမျှ မငြင်းဆိုနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံး၊ စကြဝဠာ၊ ကြယ်များပြည့်နေသည့် ကောင်းကင်၊ နှစ်တစ်နှစ်၏ ရာသီဥတုလေးခု၊ လူသားက မြင်နိုင်သည့်အရာများနှင့် မမြင်နိုင်သည့်အရာများ စသည်တို့အားလုံးသည် အမှားအယွင်း စိုးစဉ်းမျှမပါဘဲ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဘုရားသခင်၏ ကြိုတင်ပြဌာန်းချက်များနှင့်အညီ၊ ဘုရားသခင်၏ ပညတ်ချက်များနှင့်အညီ၊ ဖန်ဆင်းခြင်းအစ၏ နိယာမတို့နှင့်အညီ တည်ရှိသည်၊ လည်ပတ်သည်၊ ပြောင်းလဲသည်။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ ၎င်းတို့၏နိယာမများကို မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် ၎င်းတို့လည်ပတ်လှုပ်ရှားသည့် ရှိရင်းစွဲလမ်းကြောင်းများကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကြောင့် ဖြစ်တည်လာကြပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ပျက်စီးကြသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။ ဤမျှလောက် ပြောပြီးဖြစ်သည့်အတွက် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်၏ သင်္ကေတဖြစ်သည်ကို သင်ခံစားနိုင်သလော။ ဘုရားသခင်၏ သြဇာအာဏာကို ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာများက ပိုင်ဆိုင်နိုင်သလော။ ဤအရာကို တုပနိုင်သလော။ ဟန်ဆောင်နိုင်သလော။ သို့မဟုတ် လူပုဂ္ဂိုလ်၊ အရာဝတ္ထု၊ သို့မဟုတ် ပစ္စည်းတို့နှင့် အစားထိုး၍ ရနိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စာတန်သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ဝံ့ပေ၊ ဤအတွက်ကြောင့် အရာအားလုံးသည် စနစ်တကျ အသက်ရှင်နေထိုင်ကြသည်

ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။ ဤသည်မှာ ယောဘဝတ္ထုမှ...

အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါအားလုံးအပေါ် ဖန်ဆင်းရှင်၏ ထိန်းချုပ်ခြင်းနှင့် အုပ်စိုးခြင်းအချက်က ဖန်ဆင်းရှင်၏ သြဇာအာဏာ ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုသည်

ထိုနည်းတူစွာ ယောဘနှင့်ဆိုင်သည့် ယေဟောဝါ၏ ကောင်းချီးမင်္ဂလာကို ယောဘဝတ္ထုတွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်က ယောဘကို အဘယ်အရာ...

ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များဆိုင်ရာ အတုမရှိသည့် သဘောနှင့် ပင်ကိုလက္ခဏာများသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် သြဇာအာဏာ၏ သင်္ကေတပင် ဖြစ်သည်

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို...

လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေထိုင်ဆဲရှိသည်

စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖောက်ပြန်ပျက်စီးစေနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။