စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖောက်ပြန်ပျက်စီးစေနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကို အထင်အမြင်မှားစေခဲ့သည်။ အလွန်ယုတ်မာသည့် ပြစ်မှုများကို ကမ္ဘာတွင် ကျူးလွန်ခဲ့သည်။ လူသားကို နှိပ်စက်ခဲ့သည်။ အထင်အမြင်မှားစေခဲ့သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန် သွေးဆောင်ခဲ့သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို နှောင့်ယှက်ကာ ထိခိုက်စေသည့် ဆိုးယုတ်သည့် လုပ်ရပ်များကို ထပ်ခါတလဲလဲ သူကျူးလွန်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးနှင့် သက်ရှိသတ္တဝါတို့သည် ဘုရားသခင် ချမှတ်ထားသည့် စည်းမျဉ်းနှင့် နိယာမများကို ဆက်လက်လိုက်နာစောင့်ထိန်းကြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် နှိုင်းယှဉ်လိုက်လျှင် စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် ထကြွသောင်းကျန်းမှုတို့က အလွန်အကျည်းတန်သည်။ အလွန်ရွံစရာကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းသည်။ အလွန်သေးငယ်ပြီး အားနွဲ့သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးကြားတွင် စာတန်သည် လျှောက်လှမ်းသော်လည်း ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းခဲ့သည့် လူများ၊ အရာဝတ္ထုများ၊ ပစ္စည်းများတွင် ပြောင်းလဲမှု အနည်းငယ်ကိုပင် သူမပြဋ္ဌာန်းနိုင်ပေ။ နှစ်ထောင်ပေါင်းအချို့ ကုန်ဆုံးပြီးနောက် လူသားမျိုးနွယ်သည် ဘုရားသခင် ချပေးသနားခဲ့သည့် အလင်းနှင့် လေကို မွေ့လျော်ခံစားနေဆဲပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို အသက်ရှူဆဲပင် ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊ ငါးများနှင့် ပိုးမွှားများကို မွေ့လျော်ခံစားနေဆဲဖြစ်ပြီး ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို မွေ့လျော်ခံစားနေဆဲ ဖြစ်သည်။ နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ် အစားထိုးနေဆဲဖြစ်သည်။ ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် လှည့်ပတ်နေဆဲဖြစ်သည်။ ကောင်းကင်တွင်ပျံနေသည့် ငန်းများသည် ဤဆောင်းရာသီတွင် ထွက်ခွာကြပြီး နောက်နှစ်နွေဦးတွင် ပြန်လာဆဲဖြစ်သည်။ ရေထဲက ငါးများသည် သူတို့၏အိမ်ဖြစ်သည့် မြစ်များနှင့် အင်းအိုင်များကို မည်သည့်အခါမျှ မစွန့်ခွာပေ။ ပုစဉ်းရင်ကွဲများသည် နွေနေ့ရက်များတွင် ကမ္ဘာမြေပေါ်၌ ကျယ်လောင်စွာ သီချင်းဆိုကြသည်။ မြက်ထဲတွင်ရှိသည့် ပုရစ်များက ဆောင်းဦးရာသီတွင် တိုက်ခတ်သောလေနှင့်အတူ အချိန်မီ တီးတိုးသီဆိုနေကြသည်။ ငန်းများသည် ငန်းအုပ်အဖြစ် စုစည်းကြပြီး လင်းယုန်များက သီးသန့်နေထိုင်ကြသည်။ ခြင်္သေ့အုပ်များက အမဲလိုက်ခြင်းဖြင့် မိမိတို့ကိုယ်မိမိ အားဖြည့်သည်။ သမင်ကြီးများသည် မြက်နှင့် ပန်းပွင့်များမှ ခွဲထွက်မသွားပေ။...အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။ သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇအသိစိတ်များနှင့် ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ထောက်ပံ့မှုနှင့် အာဟာရ ဖြည့်ပေးမှုအောက်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ဗီဇအသိစိတ်များကို မည်သူမျှ မပြောင်းနိုင်ပေ။ မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ အရာအားလုံးကြားတွင် နေထိုင်သည့် လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံရသော်လည်း လူသားသည် ဘုရားသခင်ပြုလုပ်ထားသည့် ရေ၊ ဘုရားသခင်ပြုလုပ်ခဲ့သည့် လေနှင့် ဘုရားသခင်ပြုလုပ်ထားသည့် အရာအားလုံးကို စွန့်လွှတ်နိုင်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤနေရာတွင် နေထိုင်ပြီး ပွားများဆဲဖြစ်သည်။ လူသားမျိုးနွယ်၏ ဗီဇအသိစိတ်များက မပြောင်းလဲပေ။ လူသားသည် မြင်နိုင်ရန်အတွက် သူ၏မျက်လုံး၊ ကြားရန်အတွက် သူ၏နားများ၊ စဉ်းစားရန်အတွက် သူ၏ဦးနှောက်၊ နားလည်ရန်အတွက် သူ၏နှလုံးသား၊ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်နှင့် ခြေဖဝါး၊ အလုပ်လုပ်ရန်အတွက် သူ၏လက်များစသည့် ဤအရာများကို အားကိုးဆဲပင် ဖြစ်သည်။ ဘုရားသခင်၏ ထောက်ပံ့မှုများ မပြောင်းမလဲဘဲ ရှိနေမှုကို လက်ခံနိုင်စေရန် လူသားအပေါ် ဘုရားသခင်ချပေးသနားခဲ့သည့် ဗီဇအသိစိတ်များ၊ ဘုရားသခင်နှင့် လက်တွဲလုပ်ဆောင်ရန်အတွက် လူသားအသုံးပြုသည့် စွမ်းရည်များ မပြောင်းလဲပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းရန်အတွက် လူသားမျိုးနွယ်၏ စွမ်းရည်သည် မပြောင်းလဲသေးပေ။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များ မပြောင်းလဲပေ။ သူတို့၏ဇာစ်မြစ်များကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်၏ ဆန္ဒသည် မပြောင်းလဲပေ။ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လူသားတို့ တောင့်တခြင်းက မပြောင်းလဲပေ။ ဤအရာများသည် ဘုရားသခင်၏ သြဇာအာဏာအောက်တွင် နေထိုင်သည့်၊ စာတန်က ဖြစ်ပေါ်စေသည့် သွေးစွန်းသည့် ပျက်စီးမှုများကို ကြံ့ကြံ့ခံခဲ့ရသည့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေများဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ဖျက်ဆီးခြင်းကို များစွာ ခံရပြီးဖြစ်သော်လည်း ကနဦးတွင် ဖန်ဆင်းခံရသည့် အာဒံနှင့်ဧဝတို့ကဲ့သို့ မဟုတ်တော့ပေ။ ထိုအစား အသိပညာ၊ စိတ်ကူးများ၊ အယူအဆများ စသည့်တို့ကဲ့သို့သော ဘုရားသခင်ကို ရန်မူလိုသည့် အရာများနှင့် ပြည့်နေပြီး စာတန်ဆန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ပြည့်နေသည်။ ဘုရားသခင်၏ အမြင်တွင်မူ လူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ် ဖြစ်နေဆဲပင်ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားခြင်းတို့အောက်တွင် ရှိနေဆဲဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ထားသည့် လမ်းကြောင်းအတွင်းတွင် အသက်ရှင်နေထိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည့် လူသားမျိုးနွယ်သည် အုန်းအုန်းကျွတ်ကျွတ် ဆူညံနေသည့် အစာအိမ်နှင့်၊ အတန်ငယ်နှေးကွေးသည့် တုံ့ပြန်မှုများနှင့်၊ အတော်အတန် ယိုယွင်းခဲ့ပြီဖြစ်သော မှတ်ဉာဏ်များနှင့်၊ အနည်းငယ် အသက်ကြီးလာပြီး အညစ်အကြေးတို့နှင့် ဖုံးလွှမ်းနေခြင်းမျှသာ ဖြစ်သည်။ သို့သော်လည်း လူသား၏ အသုံးဝင်မှုနှင့် ဗီဇအသိစိတ်အားလုံးတို့မှာမူ လုံးဝ ထိခိုက်မှုမရှိပေ။ ဤသည်မှာ ဘုရားသခင်ကယ်တင်ရန် ရည်မှန်းသည့် လူသားမျိုးနွယ်ဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ခေါ်သံကို ကြားရန်၊ ဖန်ဆင်းရှင်၏ အသံတော်ကို ကြားရန်သာလိုပြီး ထိုအသံ၏ အရင်းအမြစ်ကိုရှာရန် သူသည် မတ်တပ်ရပ်ပြီး အပြေးအလွှား သွားနိုင်လိမ့်မည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို တွေ့ရန်သာလိုပြီး သူသည် သူ့ကိုယ်သူ ဘုရားသခင်ထံတွင် အသုံးခံရန်အတွက် အခြားအားလုံးကို ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် သူ၏ဘဝကိုပင် ချပေးလိမ့်မည်။ လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ စိတ်နှလုံးမှ အသံတော်ကို မိမိတို့၏ နှလုံးသားမှနေ၍ သဘောပေါက်နားလည်သည့်အခါတွင် ၎င်းတို့သည် စာတန်ကို စွန့်ပစ်ပြီး ဖန်ဆင်းရှင်၏ဘက်သို့ လာလိမ့်မည်။ လူသားမျိုးနွယ်သည် သူ၏ကိုယ်ခန္ဓာမှ အညစ်အကြေးများကို လုံးဝဆေးကြောပြီးသည့်အခါတွင် ဖန်ဆင်းရှင်၏ ထောက်ပံ့ခြင်းနှင့် အာဟာရဖြည့်ပေးခြင်းကို နောက်တစ်ကြိမ် ထပ်၍ရရှိသည့်အခါတွင် လူသားမျိုးနွယ်၏ မှတ်ဉာဏ်တို့သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ဤအချိန်တွင် လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်ကို အမှန်တကယ် ပြန်လာပြီးဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)