ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်၏
စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော ရှုထောင့်များနှင့်စပ်ဆိုင်သည့် သူ၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။
ကမ္ဘာဦးကျမ်း ၁၈:၁၈-၁၉ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏နောက်မှဖြစ်သော သူ့သားသမီးများနှင့် အိမ်သူအိမ်သားများအား အာဏာနှင့်အမိန့်ပေးမည်ကို ငါသိရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ လမ်းခရီးကို လိုက်ကာ တရားမျှတစွာ စီရင်ဆုံးဖြတ်ကြလိမ့်မည်။ ယေဟောဝါသည် အာဗြဟံအပေါ် မိန့်တော်မူခဲ့သည့်အတိုင်း အာဗြဟံအပေါ်သို့ ပြုမည်ဟု မိန့်တော်မူ၏။
ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့် အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါ ကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါ တိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။
ယောဘ ၄၂:၁၂ ထိုသို့ ယေဟောဝါသည် ယောဘ၏ နောက်ပိုင်းအဆုံးသတ်ကို သူ၏အစပိုင်းထက်သာ၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်၊ နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့လေသည်။

ဘုရားသခင်၏ ကောင်းချီးများကို လူအများက ရှာဖွေရရှိချင်ကြသည်။ သို့ရာတွင် ဘုရားသခင်၌ သူ၏ကိုယ်ပိုင်အခြေခံမူများရှိပြီး သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် လူသားကို ကောင်းချီးပေးသည့်အတွက် ဤကောင်းချီးများကို လူတိုင်းမရနိုင်ပေ။ ဘုရားသခင် လူသားအပေါ်ထားသည့် ကတိတော်များနှင့် လူသားအပေါ် သူချပေးသည့် ကျေးဇူးတော်ပမာဏတို့သည် လူသား၏အတွေးနှင့် အပြုအမူတို့အပေါ်တွင် အခြေခံပြီး သတ်မှတ်ချပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ ကောင်းချီးမှ အဘယ်အရာကို ပြသနည်း။ ၎င်းတို့အထဲတွင် လူတို့က အဘယ်အရာကို တွေ့နိုင်သနည်း။ ဤနေရာတွင် မည်သည့်လူမျိုးကို ဘုရားသခင်ကောင်းချီးပေးပြီး လူသားအပေါ် ဘုရားသခင် ကောင်းချီးပေးခြင်း၏ အခြေခံမူများနှင့်ပတ်သက်သည့် ဆွေးနွေးချက်ကို ခဏဖယ်ထားကြစို့။ ထိုအစား ဘုရားသခင်၏ သြဇာအာဏာကိုသိရန် ရည်ရွယ်ချက်နှင့် ဘုရားသခင်၏ သြဇာအာဏာကို သိရန်ရှုထောင့်မှ လူသားအပေါ် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ကြည့်ကြစို့။
အထက်ပါ ကျမ်းပိုဒ် လေးပိုဒ်အားလုံးက လူသားအပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအကြောင်းကို မှတ်တမ်းတင်ထားခြင်းများဖြစ်သည်။ ဤကျမ်းပိုဒ်များသည် အာဗြဟံနှင့် ယောဘကဲ့သို့ ဘုရားသခင်၏ ကောင်းချီးတို့ကို လက်ခံရရှိသူများ၏ အသေးစိတ် သရုပ်ဖော်ချက်ကို ပေးပြီး ဘုရားသခင်က အဘယ်ကြောင့် သူ၏ကောင်းချီးများကို ပေးသနားသည်ဆိုသည့် အကြောင်းရင်းများနှင့် ဤကောင်းချီးများထဲတွင် အဘယ်အရာများ ပါဝင်သည်ဆိုသည်ကို ပြသထားသည်။ ဘုရားမိန့်မြွက်ချက်များ၏ လေသံနှင့် ဟန်ပန်၊ သူပြောဆိုသည့် ရှုထောင့်နှင့် အနေအထားတို့သည် ကောင်းချီးများကို ချပေးသည့်သူနှင့် ထိုကောင်းချီးတို့ကို လက်ခံရရှိသူများသည် ထင်ရှားသည့် ကွဲပြားသည့် ဝိသေသလက္ခဏာ၊ ဂုဏ်ဒြပ်နှင့် အနှစ်သာရတို့ ရှိသည်ဆိုသည့်အချက်ကို လူများအား နားလည်စေသည်။ ဤမိန့်မြွက်ချက်များ၏ ဟန်ပန်နှင့် သဘောထား၊ ယင်းတို့ကို ပြောဆိုသည့် အနေအထားတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သည့် ဘုရားသခင်အတွက် အတုမရှိပေ။ သူ၌ သြဇာအာဏာနှင့် တန်ခိုးရှိပြီး ဖန်ဆင်းရှင်၏ ဂုဏ်ဒြပ်နှင့် မည်သည့်လူသားမျှ သံသယမဖြစ်သည့် ဘုန်းအာနုဘော်တို့ ရှိသည်။
ကမ္ဘာဦးကျမ်း ၁၇:၄-၆ ကို ဦးစွာကြည့်ကြစို့။ “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။” ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်က အာဗြဟံနှင့် ပြုလုပ်ခဲ့သည့် ပဋိညာဉ်ဖြစ်ပြီး အာဗြဟံအပေါ် ဘုရားသခင်၏ ကောင်းချီးလည်း ဖြစ်သည်။ ဘုရားသခင်က အာဗြဟံကို လူမျိုးတို့၏ ဖခင်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး သူ့ကို အလွန်ပွားများစေကာ သူ့အားဖြင့် တိုင်းနိုင်ငံများဖြစ်ပေါ်စေပြီး၊ သူ့ထံမှ ရှင်ဘုရင်များ ဆင်းသက်လာစေလိမ့်မည်။ ဤနှုတ်ကပတ်တော်များတွင် ဘုရားသခင်၏ သြဇာအာဏာကို သင်မြင်သလော။ ဤကဲ့သို့သော သြဇာအာဏာမျိုးကို သင်မည်သို့မြင်သနည်း။ ဘုရားသခင့် သြဇာအာဏာနှင့်ဆိုင်သည့် အနှစ်သာရ၏ မည်သည့်ရှုထောင့်ကို သင်မြင်သနည်း။ ဤနှုတ်ကပတ်တော်များကို သေချာဖတ်ကြည့်ပါက ဘုရားသခင်၏ သြဇာအာဏာနှင့် ဝိသေသလက္ခဏာတို့သည် ဘုရားသခင့် မိန့်မြွက်ချက်များ၏ အသုံးအနှုန်းတွင် ရှင်းလင်းစွာ ဖွင့်ပြထားသည်ဆိုခြင်းကို တွေ့ရှိရန်မခက်ခဲပေ။ ဥပမာ ဘုရားသခင်က “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်...ဖြစ်လိမ့်မည်။ ငါသည် သင့်ကို...ခန့်ထားပြီ။ ငါသည် သင့်ကို...စေမည်” စသည့် “သင်သည်...ဖြစ်လိမ့်မည်” “ငါသည်...စေမည်” ဆိုသည့် အတည်ပြုသော အသုံးအနှုန်းများသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သြဇာအာဏာကို ဖော်ဆောင်သည့် နှုတ်ကပတ်တော်များဖြစ်ကာ တစ်ဖက်တွင် ဖန်ဆင်းရှင်၏ သစ္စာရှိမှုကို ပြသမှုတစ်ခုဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သော ဘုရားသခင် အသုံးပြုသည့် သမားရိုးကျ ဝေါဟာရများထဲတွင် ပါဝင်သည့် ထူးခြားလေးနက်သည့် နှုတ်ကပတ်တော်များဖြစ်သည်။ တစ်ယောက်ယောက်က အခြားလူတစ်ယောက်ကို အလွန်ပွားများမည့်အကြောင်း၊ လူမျိုးများသည် သူ့ထံမှ ဖြစ်လာမည့်အကြောင်း၊ ရှင်ဘုရင်များသည် သူ့ထံမှ ထွက်ပေါ်လာမည့်အကြောင်း မျှော်လင့်သည်ဟုပြောသည်ဆိုလျှင် ဤသည်မှာ မုချဆန္ဒပြုခြင်းတစ်မျိုးဖြစ်ပြီး ကတိ၊ သို့မဟုတ် ကောင်းကြီးတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လူများက “ငါသည် သင့်ကို ဤကဲ့သို့ဖြစ်စေမည်။ သင်သည် အကြင်မည်သော အရာဖြစ်မည်၊” ဆိုသည့်အရာမျိုး မပြောရဲကြပေ။ ထိုသို့သောတန်ခိုးကို သူတို့မပိုင်ဆိုင်ကြောင်း သိကြသည့်အတွက်ကြောင့် ဖြစ်သည်။ ဤသည်မှာ သူတို့အပေါ်တွင် မူတည်သည့်အရာ မဟုတ်ပေ။ ဤကဲ့သို့သောအရာမျိုးကို သူတို့ပြောသည်ဆိုလျှင်ပင် သူတို့၏စိတ်ဆန္ဒနှင့် ရည်မှန်းချက်ကြောင့် ဖြစ်ပေါ်လာခြင်းမျိုးဖြစ်ပြီး သူတို့၏ စကားလုံးများသည် အနှစ်မရှိ၊ အဓိပ္ပာယ်မရှိဖြစ်နေမည်ဖြစ်သည်။ သူတို့၏ဆန္ဒများကို သူတို့အကောင်အထည်မဖော်နိုင်ဟု ခံစားရလျှင် ဤကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် လေသံမျိုးနှင့် မည်သူက ပြောဝံ့မည်နည်း။ လူတိုင်းက သူတို့၏မျိုးဆက်များကို ကောင်းစေချင်ကြသည်၊ သူတို့ ကောင်းစားပြီး ကြီးကျယ်သည့် အောင်မြင်မှုများအား ခံစားရမည်ကို မျှော်လင့်ကြသည်။ “သူတို့ထဲမှ တစ်ယောက်သည် ဧကရာဇ်မင်းတစ်ပါးဖြစ်လာမည်ဆိုလျှင် မည်မျှကြီးကျယ်သည့် ကံဖြစ်မည်နည်း။ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာပါကလည်း ကောင်းပေလိမ့်မည်။ အရေးပါသည့်သူတစ်ယောက် ဖြစ်နေသရွေ့ ကောင်းပေလိမ့်မည်။” ဤအရာများအားလုံးက လူတို့၏ ဆန္ဒများဖြစ်သည်။ သို့ရာတွင် လူများက သူတို့၏မျိုးဆက်များအပေါ် ကောင်းချီးများသက်ရောက်ရန်သာ ဆန္ဒပြုနိုင်ကြပြီး သူတို့၏ကတိများ အမှန်တကယ် ဖြစ်လာရန် မလုပ်နိုင်ကြ၊ သို့မဟုတ် မဖြည့်ဆည်းနိုင်ကြ။ ဤကဲ့သို့သောအရာမျိုးကို ရနိုင်ရန် တန်ခိုးအစွမ်း သူတို့မပိုင်ဆိုင်ကြောင်းကို လူတိုင်းက သူတို့နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်းသိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့၏အရာအားလုံးက သူတို့ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသည့်အတွက်ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် အခြားလူများ၏ ကံကြမ္မာကို မည်သို့ချုပ်ကိုင်နိုင်မည်နည်း။ ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ဘုရားသခင်က ပြောနိုင်သည့် အကြောင်းရင်းမှာ ဘုရားသခင်က ဤကဲ့သို့သောသြဇာအာဏာကို ပိုင်ဆိုင်ပြီး သူသည် လူသားအပေါ်တွင် ပေးအပ်သည့် ကတိများအားလုံးကို ပြည့်စုံစေရန်၊ အမှန်တကယ်ဖြစ်လာစေရန်၊ လူသားတို့အပေါ်ကို သူချပေးသနားသည့် ကောင်းချီးများအားလုံးကို အမှန်တကယ်ဖြစ်လာစေရန် တတ်စွမ်းနိုင်သည့်အတွက်ဖြစ်သည်။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူတစ်ယောက်ကို လွန်စွာပွားများစေခြင်းငှာလုပ်ရန်မှာ ဘုရားသခင်အတွက်မူ ကလေးကစားစရာကဲ့သို့ဖြစ်သည်။ လူတစ်ယောက်၏မျိုးဆက်ကို ကောင်းစားအောင်လုပ်ရန်မှာ သူ့အတွက်မူ နှုတ်ကပတ်တော်တစ်လုံးသာ လိုသည်။ ဤကဲ့သို့သောအရာမျိုးအတွက် သူပင်ပင်ပန်းပန်းလုပ်ရန်၊ သို့မဟုတ် သူ့စိတ်ကို အားစိုက်ရန်၊ သို့မဟုတ် စိတ်ရှုပ်ခံရန်မလိုပေ။ ဤသည်မှာ ဘုရားသခင်၏ တန်ခိုးသက်သက်၊ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။
ကမ္ဘာဦးကျမ်း ၁၈:၁၈ တွင်ပါသည့် “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူသည်ကို ဖတ်ပြီးနောက်တွင် ဘုရားသခင်၏ သြဇာအာဏာကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်မှုကို သင်တို့အာရုံခံစားနိုင်သလော။ ဖန်ဆင်းရှင်၏ ကြီးစိုးမှုကို သင်တို့အာရုံခံစားနိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သေချာမှုရှိသည်။ ဘုရားသခင်က အောင်မြင်မှုအပေါ်တွင် သူ၏ယုံကြည်မှုကို ကိုယ်စားပြုပြီး၊ သို့မဟုတ် သူ၏ယုံကြည်မှုကြောင့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ပြောခြင်းမဟုတ်ပေ။ ထိုအစား ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ မိန့်မြွက်ချက်များဆိုင်ရာ သြဇာအာဏာ၏ သက်သေဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေသည့် ပညတ်ချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် သင်တို့ အာရုံစိုက်သင့်သည့် ဖော်ပြချက်နှစ်ခုရှိသည်။ “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုဘုရားသခင်က ပြောသည့်အခါ ဤနှုတ်ကပတ်တော်များထဲတွင် ရှုပ်ထွေးနက်နဲမှုသဘောများ ပါဝင်သလော။ စိုးရိမ်သည့် သဘောများ ပါဝင်သလော။ ကြောက်ရွံ့သည့် သဘောများ ပါဝင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် “အမှန်တကယ်ဖြစ်လိမ့်မည်”၊ “ဖြစ်လိမ့်မည်” ဟူသည့် စကားလုံးများကြောင့် လူသားများအတွက် သီးသန့်ဖြစ်ပြီး သူ့ထံ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ဤသဘောများက ဖန်ဆင်းရှင်နှင့် အဘယ်ဆက်စပ်မှုမျှ မရှိပေ။ အခြားလူများအပေါ် ကောင်းရန်အတွက် ဆန္ဒပြုသည့်အခါတွင် ဤကဲ့သို့သော စကားလုံးများကို မည်သူမျှ သုံးရဲကြမည် မဟုတ်ပေ။ ဤကဲ့သို့သောသေချာမှုမျိုးနှင့် အခြားလူတစ်ယောက်ကို ကြီးမြတ်ပြီး တန်ခိုးနှင့်ပြည့်စုံသည့် လူမျိုးအဖြစ် မည်သူမျှ ကောင်းချီးပေးရဲကြမည် မဟုတ်ပေ။ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်က လူမျိုးအားလုံးက သူ့အားဖြင့် ကောင်းချီးမင်္ဂလာရမည်ဟု မည်သူမျှ ကတိမပေးရဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပိုပြီး သေချာလေလေ၊ သူတို့သည် တစ်ခုခုကို သက်သေခံနေလေလေဖြစ်သည်— ထိုတစ်ခုခုဆိုသည်မှာ မည်သည့်အရာနည်း။ ဘုရားသခင်၌ ဤကဲ့သို့သော သြဇာအာဏာရှိသည့်အကြောင်း၊ ဤအရာများကို သူ၏သြဇာအာဏာနှင့် ပြီးမြောက်စေနိုင်သည့်အကြောင်း၊ ထို့ပြင် ၎င်းတို့၏ ပြီးမြောက်မှုကို ရှောင်လွှဲ၍မရနိုင်သည့်အကြောင်းကို သက်သေပြသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးသည့်အပေါ်တွင် နည်းနည်းမျှ တုံ့နှေးခြင်းမရှိဘဲ သူ့နှလုံးသားထဲတွင် သေချာခဲ့သည်။ ထို့အပြင် ဤအရာအားလုံးသည် သူ၏နှုတ်ကပတ်တော်အရ ပြီးမြောက်မည်ဖြစ်ပြီး ဤပြီးမြောက်မှုကို ပြောင်းလဲရန်၊ တားဆီးရန်၊ ထိခိုက်ရန်၊ သို့မဟုတ် နှောင့်ယှက်ရန် မည်သည့်သက်ရောက်မှုကမျှ မပြုလုပ်နိုင်ပေ။ မည်သည့်အရာပင် ဖြစ်ပျက်ခဲ့စေကာမူ ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ ပြည့်စုံမှုနှင့် ပြီးမြောက်မှုကို မည်သည့်အရာကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် လွှမ်းမိုးခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့် နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းသက်သက်ဖြစ်ပြီး လူသား၏ ငြင်းပယ်မှုကို ခွင့်ပြုမည်မဟုတ်သည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် သင်၌ သံသယရှိနေဆဲလော။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏နှုတ်က ပြောသည့် စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ထဲတွင် တန်ခိုးအစွမ်း၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာတို့ရှိသည်။ ဤကဲ့သို့သော တန်ခိုးစွမ်းအား၊ သြဇာအာဏာနှင့် အမှန်တရားကို မလွဲမုချ ပြီးမြောက်အောင်မြင်ခဲ့ခြင်းတို့ကို မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာများကမျှ မရရှိနိုင်ပေ။ ထို့ပြင် မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံ မဟုတ်သည့် အရာများကမျှ သာလွန်ခြင်း မရှိနိုင်ပေ။ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်နှင့် ဤကဲ့သို့သော လေသံ၊ လေယူလေသိမ်းနှင့် ပြောနိုင်ပြီး သူ၏ကတိများသည် အချည်းနှီး စကားလုံးသက်သက်၊ သို့မဟုတ် အလဟဿ ဝံ့ကြွားပြောဆိုခြင်းသက်သက် မဟုတ်ဘဲ မည်သည့်လူပုဂ္ဂိုလ်၊ ဖြစ်ရပ်၊ သို့မဟုတ် အရာဝတ္ထုကမျှ သာလွန်၍မရနိုင်သည့် အတုမရှိသြဇာအာဏာ၏ ဖော်ပြချက်ပင်ဖြစ်သည်။
ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များနှင့် လူသားပြောသည့် စကားလုံးတို့တွင် အဘယ်အရာက ကွာခြားသနည်း။ ဘုရားသခင်ပြောသည့် ဤနှုတ်ကပတ်တော်များကို သင်ဖတ်သည့်အခါတွင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းနှင့် ဘုရားသခင်၏ သြဇာအာဏာကို သင်အာရုံခံစားရသည်။ ထိုသို့သောစကားများကို လူများက ပြောသည့်အခါတွင် သင်မည်သို့ခံစားရသနည်း။ သူတို့သည် အလွန်အမင်း မာနထောင်လွှားကာ လေလုံးထွားပြီး သူတို့ကိုယ်သူတို့ ကြွားဝါနေသည်ဟု သင်ထင်သလော။ သူတို့၌ ဤတန်ခိုး မရှိသည့်အတွက်၊ ဤကဲ့သို့သော သြဇာအာဏာကို မပိုင်ဆိုင်သည့်အတွက် သူတို့သည် ဤကဲ့သို့သောအရာမျိုးကို ရရှိရန် လုံးဝမတတ်နိုင်ကြပေ။ သူတို့သည် သူတို့၏ ကတိများအပေါ် အလွန်သေချာနေခြင်းမှာ သူတို့မှတ်ချက်များ၏ ဂရုမစိုက်မှုကိုသာ ပြသည်။ တစ်ယောက်ယောက်က ဤကဲ့သို့သောစကားမျိုးကို ပြောသည်ဆိုလျှင် ထိုသူသည် သေချာပေါက်ပင် မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေလိမ့်မည်ဖြစ်ကာ ကောင်းကင်တမန်မင်း၏ စိတ်သဘောထားနှင့်ဆိုင်သည့် အကောင်းဆုံး ဥပမာအနေနှင့် သူ့ကိုယ်သူ ထုတ်ဖော်ပြနေမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏နှုတ်မှ လာ၏၊ ဤနှုတ်ကပတ်တော်များတွင် မာနထောင်လွှားသည့် သဘောမျိုးကို သင်ခံစားရသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဟာသသက်သက်ဖြစ်သည်ဟု သင်ခံစားရသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သြဇာအာဏာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အမှန်တရားဖြစ်သည်။ ထို့ပြင် သူ၏နှုတ်မှ နှုတ်ကပတ်တော်တို့ကို မမိန့်မြွက်မီတွင်၊ တစ်နည်းအားဖြင့် တစ်ခုခုကိုလုပ်ရန် သူဆုံးဖြတ်ချက်ချနေသည့်အခါတွင် ထိုအရာသည် ပြီးမြောက်နှင့်ပြီးဖြစ်သည်။ ဘုရားသခင်က အာဗြဟံကို ပြောသည့်အရာအားလုံးသည် အာဗြဟံနှင့် ဘုရားသခင်ပြုလုပ်ခဲ့သည့် ပဋိညာဉ်ဖြစ်ပြီး ဘုရားသခင်က အာဗြဟံအပေါ်ထားခဲ့သည့် ကတိတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ဤကတိသည် ထူထောင်ထားသည့် အချက်တစ်ခုဖြစ်ပြီး ပြီးမြောက်ခဲ့သည့် အချက်လည်းဖြစ်သည်။ ဤအချက်များသည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ အတွေးများထဲတွင် တဖြည်းဖြည်း ပြီးမြောက်ခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ဘုရားသခင်ပြောဆိုခြင်းက သူ၌ မာနထောင်လွှားသည့် သဘောထားရှိသည်ဟု မဆိုလိုပေ။ အကြောင်းမှာ ဘုရားသခင်သည် ဤကဲ့သို့သောအရာမျိုးကို လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ သူ့တွင် ဤကဲ့သို့သော တန်ခိုးနှင့် သြဇာအာဏာရှိပြီး ဤလုပ်ရပ်များကို ရရှိရန် အပြည့်အဝ တတ်စွမ်းနိုင်ကာ ဤအရာများ၏ ပြီးမြောက်မှုများသည် သူ၏လုပ်နိုင်စွမ်းအတွင်းတွင် လုံးဝတည်ရှိသည်။ ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့် ဖွင့်ပြခြင်းတို့ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် သြဇာအာဏာတို့၏ စုံလင်သည့်ထုတ်ဖော်ခြင်း၊ ထင်ရှားပြသခြင်းတို့ဖြစ်၏။ ထို့ပြင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာဆိုင်ရာ သက်သေအနေနှင့် ယင်းတို့ထက် ပိုပြီးသင့်လျော်သည့်၊ သင့်တော်သည့် အရာမရှိပေ။ ဤကဲ့သို့သော မိန့်မြွက်ချက်များ၏ သဘောထား၊ လေသံနှင့် အသုံးအနှုန်းတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာဆိုင်ရာ အမှတ်အသား အတိအကျဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာဆိုင်ရာ ဖော်ပြချက်နှင့် လုံးဝကိုက်ညီသည်။ ဤမိန့်မြွက်ချက်များထဲတွင် ဟန်ဆောင်ခြင်း၊ သို့မဟုတ် မသန့်စင်ခြင်းတို့ မပါဝင်ပေ။ ယင်းတို့မှာ ဖန်ဆင်းရှင်၏ အနှစ်သာရနှင့် သြဇာအာဏာများကို ပြည့်စုံစွာနှင့် ကုံလုံစွာ အကောင်းဆုံးဖော်ပြခြင်း ဖြစ်သည်။ ဖန်ဆင်းခံများကမူ ဘုရားသခင် ပေးအပ်သည့် တန်ခိုးကို ပိုင်ဆိုင်ရန် မဆိုထားနှင့် ဤသြဇာအာဏာကို မပိုင်ဆိုင်သကဲ့သို့ ဤအနှစ်သာရများကိုလည်း မပိုင်ဆိုင်ပေ။ လူသားသည် ဤကဲ့သို့သော အပြုအမူမျိုးကို ဖော်ပြပါက ယင်းသည် သေချာပေါက်ပင် သူ၏အကျင့်ပျက်စီးသည့် စိတ်သဘောထား ပေါ်ထွက်လာခြင်းဖြစ်ပြီး ဤအရာ၏ အရင်းအမြစ်သည် လူသား၏ မာနထောင်လွှားခြင်းနှင့် ရိုင်းစိုင်းသည့် ရည်မှန်းချက်တို့၏ ဝင်စွက်ဖက်တတ်သည့် အကျိုးသက်ရောက်မှု ဖြစ်လိမ့်မည်၊ ထို့ပြင် ဘုရားသခင်ကို သစ္စာဖောက်ရန်အတွက် လူများကို အထင်အမြင်မှားစေလိုသည့် နတ်ဆိုးများနှင့် စာတန်၏ အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက်များ ပေါ်ထွက်လာခြင်းသာ ဖြစ်လိမ့်မည်။ ဤကဲ့သို့သော ဘာသာစကားမျိုးနှင့် ထုတ်ဖော်ခံရခြင်းကို ဘုရားသခင်က မည်သို့ထင်မြင်မည်နည်း။ သင်သည် သူ့နေရာကို လုယူလိုပြီး သူ့ကိုအစားထိုးကာ သူအဖြစ် အယောင်ဆောင်လိုသည်ဟု ဘုရားသခင်က ဆိုလိမ့်မည်။ သင်သည် ဘုရားသခင့်မိန့်မြွက်ချက်များ၏ လေသံကို တုပပါက သင်၏ရည်ရွယ်ချက်က လူတို့၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို အစားဝင်ရန်၊ ဘုရားသခင် တရားဝင် ပိုင်ဆိုင်သည့် လူသားမျိုးနွယ်ကို အပိုင်စီးရန်ဖြစ်သည်။ ဤသည်မှာ စာတန်ပင်ဖြစ်၏။ ရှင်းလင်းရိုးရှင်းသည်။ ဤအရာတို့သည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူတို့၏ လုပ်ရပ်များသာဖြစ်သည်၊ ကောင်းကင်ဘုံမှ သည်းမခံနိုင်စရာဖြစ်သည်။ လူတစ်ဦး၏ စကားလုံးနှင့် အပြုအမူများ၌ ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့ပါဝင်သည့်အလား၊ ထိုလူ၏ အနှစ်သာရနှင့် ဝိသေသလက္ခဏာတို့သည် အတုမရှိသည့်အလား၊ ထိုလူ၏ စကားလေသံပင်လျှင် ဘုရားသခင်နှင့် ဆင်တူသည့်အလား ခံစားရစေရန် ပြုလုပ်လျက် လူများကို ဆုံးဖြတ်ချက်လွဲမှားစေရန်နှင့် အထင်အမြင်မှားစေရန် ရည်ရွယ်ချက်ဖြင့် စကားအချို့ကိုပြောပြီး နည်းလမ်းတစ်ခုနှင့် ဘုရားသခင်ကို တုပသည့်သူ သင်တို့ထဲတွင် ရှိသလော။ ဤကဲ့သို့သောအရာမျိုးကို သင်တို့လုပ်ဖူးသလော။ ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်ဟု ထင်ရသည့် လက်ဟန်ခြေဟန်အပြင် တန်ခိုးအစွမ်းနှင့် သြဇာအာဏာဟု သင်ယူဆသည့် အရာတို့နှင့် သင်တို့၏ ဟောပြောချက်များတွင် ဘုရားသခင်၏လေသံကို တုပဖူးသလော။ သင်တို့အများစုသည် ဤကဲ့သို့သောနည်းနှင့် မကြာခဏ ပြုမူကြသလော၊ သို့မဟုတ် ပြုမူရန် စီစဉ်ထားသလော။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို သင်တို့ အမှန်တကယ် မြင်တွေ့ကာ သတိပြုမိ၍ သိရှိလာပြီး သင်တို့ပြုလုပ်လေ့ရှိသည့်အရာနှင့် သင်တို့ကိုယ်သင်တို့ ဖွင့်ပြလေ့ရှိသည့်အရာတို့ကို ပြန်ကြည့်သည့်အခါတွင် ရွံရှာစက်ဆုပ်ခြင်းကို ခံစားကြရသလော။ သင်တို့၏ ယုတ်ညံ့မှုနှင့် အရှက်မဲ့မှုကို သိမြင်သလော။ ဤကဲ့သို့သောလူများ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ခွဲခြားစိတ်ဖြာကြည့်ပြီးနောက် သူတို့သည် ကျိန်စာမိထားသည့် ငရဲသားများဖြစ်သည်ဟု ဆိုနိုင်မည်လော။ ဤကဲ့သို့သောအရာများကို လုပ်သည့်လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်နေကြသည်ဟု ဆိုနိုင်မည်လော။ ဤသဘောတရား၏ လေးနက်မှုကို သင်တို့သိမြင်သလော။ မည်မျှလေးနက်သနည်း။ ဤကဲ့သို့သောနည်းနှင့် ပြုမူကြသည့် လူများ၏ ရည်ရွယ်ချက်က ဘုရားသခင်ကို တုပရန်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ဖြစ်ချင်ကြပြီး လူများအား သူတို့ကို ဘုရားသခင်အနေနှင့် ကိုးကွယ်စေချင်ကြသည်။ သူတို့သည် လူတို့ကို ထိန်းချုပ်ရန်၊ ဝါးမြိုရန်နှင့် သိမ်းပိုက်ရန်အလို့ငှာ လူတို့၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို ဖျက်သိမ်းပစ်ချင်ကြပြီး လူသားကြားတွင် အလုပ်လုပ်သည့် ဘုရားသခင်ကို ဖယ်ထုတ်ပစ်ချင်ကြသည်။ လူတိုင်း၏ မသိစိတ်၌ ဤကဲ့သို့သော ဆန္ဒများနှင့် ရည်ရွယ်ချက်များရှိကြပြီး လူတိုင်းက ဤကဲ့သို့သော အကျင့်ပျက်စီးသည့် စာတန်နှင့်ဆိုင်သည့် အနှစ်သာရအတိုင်း အသက်ရှင်ကြကာ ဘုရားသခင်နှင့် ရန်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ဖြစ်ချင်သည့် စာတန်နှင့်ဆိုင်သည့် သဘာဝအတိုင်း အသက်ရှင်ကြသည်။ ဘုရားသခင်၏ သြဇာအာဏာ ခေါင်းစဉ်အပေါ် ငါ၏မိတ်သဟာယပြုမှုကို ကြားနာပြီးနောက် ဘုရားသခင်အဖြစ် အယောင်ဆောင်ရန်၊ သို့မဟုတ် ဘုရားသခင်ကို တုပရန် ဆန္ဒရှိကြသလေးသလော၊ သို့မဟုတ် ရည်သန်ကြိုးပမ်းနေကြသေးသလော။ သင်တို့တွင် ဘုရားဖြစ်ချင်သည့်ဆန္ဒ ရှိသေးသလော။ သင်တို့ ဘုရားဖြစ်ချင်သေးသလော။ ဘုရားသခင်၏ သြဇာအာဏာကို လူသားက တုပ၍မရပေ။ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို လူသားက အယောင်ဆောင်၍မရပေ။ သင်သည် ဘုရားသခင်ပြောသည့် လေသံအတိုင်း တုပနိုင်စွမ်းရှိသော်လည်း ဘုရားသခင်၏ အနှစ်သာရကိုမူ မတုပနိုင်ပေ။ ဘုရားသခင်၏နေရာတွင်ရပ်ပြီး ဘုရားအဖြစ် အယောင်ဆောင်နိုင်သော်လည်း ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အရာများကို မည်သည့်အခါမျှ သင်လုပ်ဆောင်နိုင်မည်မဟုတ်ပေ၊ ထို့ပြင် သင့်အနေဖြင့် အရာအားလုံးကို မည်သည့်အခါမျှ အချုပ်အခြာအာဏာကိုင်စွဲပြီး အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏အမြင်တွင် သင်သည် သေးငယ်သည့် ဖန်ဆင်းခံတစ်ခုသာ ထာဝရဖြစ်နေမည်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုနှင့် အရည်အချင်းက မည်မျှကြီးမားပါစေ၊ သင့်တွင် ဆုကျေးဇူးများ မည်မျှပင်ရှိပါစေ၊ သင်၏ အရာအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင်ရှိသည်။ သင်သည် မထီတရီ စကားအချို့ကို ပြောနိုင်သော်လည်း ဤအချက်က သင့်တွင် ဖန်ဆင်းရှင်၏ အနှစ်သာရရှိသည်ဟု မပြနိုင်သကဲ့သို့ ဖန်ဆင်းရှင်၏ သြဇာအာဏာကို သင်ပိုင်ဆိုင်သည်ဟုလည်း မဖော်ပြပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရများဖြစ်သည်။ ဤအရာများသည် သင်ယူထားခြင်းမဟုတ်သကဲ့သို့ အပြင်မှ ထည့်သွင်းထားခြင်းလည်း မဟုတ်ပေ။ ထိုအစား ဘုရားသခင် ကိုယ်တော်တိုင်၏ ရှိရင်းစွဲ အနှစ်သာရများ ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများကြားတွင်ရှိသည့် ဆက်နွှယ်မှုကို မည်သည့်အခါမျှ ပြောင်းလဲ၍ မရနိုင်ပေ။ ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူတစ်ယောက်သည် သူ၏ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ကောင်းကောင်းမွန်မွန် ပြုမူပုံဖြင့် ကျင့်ကြံပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်သောသူတစ်ဦး၊ မဟာလူသားတစ်ဦး သို့မဟုတ် ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်မကြိုးစားနှင့်။ ပြီးလျှင် ဘုရားဖြစ်အောင်လည်း မကြိုးစားနှင့်။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ တန်ဖိုးရှိပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော ရှုထောင့်များနှင့်စပ်ဆိုင်သည့် သူ၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို...
ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။...
ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ဤသည်မှာ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်၊ ယင်းတွင် သူက...
ကျမ်းစာ၏ ဤအပိုင်းသုံးပိုင်းတွင် သင်တို့ အဘယ်အရာကို မြင်ရပြီနည်း။ ဘုရားသခင်က သူ၏သြဇာအာဏာကို အသုံးပြုသည့် အခြေခံသဘောတရားတစ်ခုရှိသည်ကို...