အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါအားလုံးအပေါ် ဖန်ဆင်းရှင်၏ ထိန်းချုပ်ခြင်းနှင့် အုပ်စိုးခြင်းအချက်က ဖန်ဆင်းရှင်၏ သြဇာအာဏာ ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုသည်

16.03.2019

ထိုနည်းတူစွာ ယောဘနှင့်ဆိုင်သည့် ယေဟောဝါ၏ ကောင်းချီးမင်္ဂလာကို ယောဘဝတ္ထုတွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်က ယောဘကို အဘယ်အရာ ချပေးသနားခဲ့သနည်း။ “ထိုသို့ ယေဟောဝါသည် ယောဘ၏ နောက်ပိုင်းအဆုံးသတ်ကို သူ၏အစပိုင်းထက်သာ၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်၊ နွားရှဉ်း တစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့လေသည်။” (ယောဘ ၄၂:၁၂) လူသား၏ အမြင်ရှုထောင့်မှ၊ ယောဘကို ပေးခဲ့သည့် ဤအရာများသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် လူသား၏ ဥစ္စာပစ္စည်များ ဖြစ်ခဲ့သလော။ ဤဥစ္စာပစ္စည်းများဖြင့်၊ ယောဘသည် ထိုခေတ်တွင် အလွန်ချမ်းသာကြွယ်ဝခဲ့မည် မဟုတ်လော။ သို့ဆိုလျှင် ထိုသို့သော ဥစ္စာပစ္စည်းများကို သူ မည်သို့ရရှိခဲ့သနည်း။ သူ၏ ကြွယ်ဝချမ်းသာမှုကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကြောင့် ထိုအရာများကို ယောဘပိုင်ဆိုင်လာခဲ့သည်မှာ သိသာထင်ရှား ပေသည်။ ယောဘက ဤဥစ္စာပစ္စည်းများကို မည်သို့မြင်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သူမည်သို့ သဘောထားခဲ့သည် ဆိုသည်မှာ ဤတွင် ငါတို့ ဆွေးနွေးမည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့်ပတ်သက်လာသည့်အခါ၊ လူအားလုံးသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရရန် နေ့ရောညပါ တမ်းတကြသော်လည်း၊ လူသားသည် သူ၏ တစ်သက်တာအတွင်းတွင် ပစ္စည်းဥစ္စာမည်မျှ ရရှိနိုင်သည် ဆိုသည့်အပေါ် သို့မဟုတ် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများ သူ ရရှိနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် ထိန်းချုပ်မှု မရှိပေ— ဤသည်မှာ ငြင်းပယ်၍မရသည့် အချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားအပေါ် မည်သည့် ဥစ္စာပစ္စည်းကိုမဆို အပ်နှင်းရန်၊ မည်သည့် ကောင်းချီးပေးခြင်းကိုမဆို လူသားအား ရရှိခွင့်ပေးရန် တန်ခိုးနှင့် သြဇာအာဏာတို့ရှိသော်လည်း၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအဖို့ အခြေခံသဘောတရားတစ်ခု ရှိလေသည်။ ဘုရားသခင်သည် မည်သည့်လူစားမျိုးကို ကောင်းချီးပေးသနည်း။ ဟုတ်ပေ၏၊ သူနှစ်သက်သည့် လူများကို သူ ကောင်းချီးပေး၏။ အာဗြဟံနှင့် ယောဘတို့ နှစ်ဦးလုံးသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံခဲ့ကြရသည်၊ သို့ရာတွင် ၎င်းတို့ရရှိခဲ့သည့် ကောင်းချီးမင်္ဂလားများက မတူညီခဲ့ပေ။ ဘုရားသခင်က အာဗြဟံကို သဲများနှင့် ကြယ်များကဲ့သို့များပြားသည့် သားစဉ်မြေးဆက်များနှင့် ကောင်းချီးပေးခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ကောင်းချီး ပေးခဲ့ချိန်တွင်၊ လူတစ်ဦး၏ သားစဉ်မြေးဆက်များနှင့် လူမျိုးတစ်မျိုးကို အင်အားကြီးမားပြီး ကြွယ်ဝလာစေခဲ့သည်။ ဤတွင် အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါများထဲတွင် ဘုရားသခင်၏ ဇီဝအသက်ကို ရှူသွင်းခဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ သြဇာအာဏာက အုပ်စိုးခဲ့သည်။ ဘုရားသခင်၏ သြဇာအာဏာ၏ အချုပ်အခြာအာဏာအောက်တွင် ဤလူသားမျိုးနွယ်သည် ဘုရားသခင် ဆုံးဖြတ်ထားသည့် အမြန်နှုန်းနှင့် ဘုရားသခင် သတ်မှတ်ထားသည့် နယ်ပယ်အတွင်းတွင် မျိုးပွားပြီး တည်ရှိခဲ့ကြသည်။ အထူးသဖြင့် ဤလူမျိုး၏ အလားအလာ ကောင်းခြင်း၊ တိုးချဲ့သည့်နှုန်းနှင့် သက်တမ်းအားလုံးသည် ဘုရားသခင်၏ စီစဉ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး ဤအရာအားလုံး၏ အခြေခံ သဘောတရားမှာ ဘုရားသခင်က အာဗြဟံထံ ပြုခဲ့သည့် ကတိအပေါ်တွင် လုံးလုံးလျားလျား အခြေခံထားသည်။ ဆိုလိုသည်မှာ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ ကတိများသည် ဘုရားသခင်၏ သြဇာအာဏာ၏ စောင်မမှုအောက်တွင် အတားအဆီးမရှိဘဲ ရှေ့ဆက်ကာ အမှန်တကယ်ဖြစ်ပေါ်လာမည် ဖြစ်သည်။ အာဗြဟံကို ဘုရားသခင်ပြုခဲ့သည့် ကတိတွင် ကမ္ဘာလောက၏ ကသောင်းကနင်း ဖြစ်မှုများကို ပဓာနမထားဘဲ၊ ခေတ်ကို ပဓာနမထားဘဲ၊ လူသားမျိုးနွယ်က ကြံ့ကြံ့ခံခဲ့ရသည့် ကပ်ဘေးများကို ပဓာန မထားဘဲ၊ အာဗြဟံ၏ သားစဉ်မြေးဆက်များသည် ပျက်သုဉ်းမှု အန္တရာယ်ကို ရင်ဆိုင်ရမည်မဟုတ်သကဲ့သို့၊ ၎င်းတို့၏ လူမျိုးသည် မျိုးတုံးသွားမည် မဟုတ်ပေ။ သို့ရာတွင် ယောဘနှင့်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် သူ့ကို အလွန့်အလွန် ချမ်းသာကြွယ်ဝစေခဲ့သည်။ ဘုရားသခင် သူ့ကို ပေးခဲ့သည့်အရာမှာ သက်ရှိများ၊ အသက်ရှူနေကြသည့် သတ္တဝါများဖြစ်ကာ- ၎င်းတို့၏ အရေအတွက်၊ ၎င်းတို့၏ မျိုးပွားမှုနှုန်း၊ ရှင်သန်ရပ်တည်နိုင်သည့် နှုန်း၊ ၎င်းတို့ကိုယ်ခန္ဓာပေါ်ရှိ အဆီပမာဏ၊ စသည့် အချက်အလက်တို့ကိုလည်း- ဘုရားသခင် ထိန်းချုပ်ခဲ့လေသည်။ ဤသက်ရှိ သတ္တဝါများသည် စကားပြောနိုင်စွမ်း မပိုင်ဆိုင်ကြ သော်လည်း၊ ၎င်းတို့သည်လည်း ဖန်ဆင်းရှင်၏ စီစဉ်မှုများနှင့် သက်ဆိုင်ပြီး၊ ၎င်းတို့အတွက် ဘုရားသခင်၏ အစီအစဉ်များ နောက်ကွယ်မှ အခြေခံသဘောတရားကို ယောဘထံ ဘုရားသခင် ကတိပေးခဲ့သည့် ကောင်းချီးမင်္ဂလာများအရ ပြုလုပ်ထားပေသည်။ အာဗြဟံနှင့် ယောဘကို ဘုရားသခင်ပေးခဲ့သည့် ကောင်းချီးမင်္ဂလာများထဲတွင် ကတိပေးခဲ့သည့်အရာများက မတူညီသော်လည်း၊ အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါများကို ဖန်ဆင်းရှင် အုပ်စိုးသည့် သြဇာအာဏာက တူညီပေသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ အသေးစိတ်တိုင်းသည် အာဗြဟံနှင့်ယောဘထံ ပေးခဲ့သည့် သူ၏ မတူညီသည့် ကတိများနှင့် ကောင်းချီးမင်္ဂလာများတွင် ဖော်ပြထားပြီး၊ ဘုရားသခင်၏ သြဇာအာဏာသည် လူသား၏ စိတ်ကူးနိုင်စွမ်းအား အလွန်ကျော်လွန်သည်ကို လူသားမျိုးနွယ်ကို နောက်တစ်ဖန် ပြသလေသည်။ ဤအသေးစိတ် အချက်အလက်များက လူသားအနေဖြင့် ဘုရားသခင်၏ သြဇာအာဏာကို သိရှိလိုပါက၊ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ပြီးလျှင် ဘုရားသခင်၏ အမှုကို တွေ့ကြုံခြင်းမှတစ်ဆင့်သာ စွမ်းဆောင်ရရှိနိုင်သည်ကို လူသားမျိုးနွယ်အား နောက်တစ်ကြိမ် ပြောပြပေသည်။

အရာခပ်သိမ်းအပေါ် အချုပ်အခြာနှင့်ဆိုင်သည့် ဘုရားသခင်၏ သြဇာအာဏာသည် လူသားတို့ကို အချက်တစ်ချက်အား မြင်ခွင့်ပေးသည်- “တဖန်ဘုရားသခင်က အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ မိုဃ်းမျက်နှာကြက်ဖြစ်စေဟု အမိန့်တော်ရှိ၍ မိုဃ်းမျက်နှာကြက်ဖြစ်စေ၏။ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ကုန်းပေါ်လာလေ၏။” ဟူသည့် နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ သြဇာအာဏာ သရုပ်ထင်သည်သာမက၊ ထို့အပြင် အလင်းကို ဆက်လက်ဖြစ်ပေါ်ရန် သူပြုလုပ်ခဲ့ပုံ၊ မိုးမျက်နှာကြက်ကို ပျောက်ကွယ်မသွားအောင် သူတားဆီးကာကွယ်ခဲ့ပုံနှင့် ကုန်းမြေကို ရေနှင့် ထာဝရကွဲနေအောင် ထိန်းသိမ်းခဲ့ပုံအပြင်၊ သူဖန်ဆင်းခဲ့သည့် အရာများဖြစ်သည့် အလင်း၊ မိုးမျက်နှာကြက်၊ ကုန်းမြေတို့ကို သူအုပ်စိုးပြီး စီမံခန့်ခွဲပုံ အသေးစိတ်တို့တွင်လည်း ဘုရားသခင်၏ ဩဇာအာဏာ သရုပ်ထင်နေပေသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာတွင် အခြားမည်သည့်အရာကို သင်တို့ မြင်သနည်း။ သိသာထင်ရှားစွာပင်၊ ဘုရားသခင်သည် အာဗြဟံနှင့်ယောဘတို့ကို ကောင်းချီးပေးပြီးနောက်၊ သူ၏ သြဇာအာဏာကို အသုံးချရန် စတင်ရုံသာရှိသေး သည့်အတွက်၊ ဘုရားသခင်၏ ခြေလှမ်းများ မရပ်တန့်ခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်တစ်လုံးစီတိုင်းကို လက်တွေ့အရှိတရား ဖြစ်စေရန်နှင့် သူပြောခဲ့သမျှ အသေးစိတ်တစ်လုံးချင်းစီတိုင်းကို အမှန်တကယ်ဖြစ်လာစေရန် သူရည်ရွယ်ခဲ့သည်၊ ထို့ကြောင့် လာမည့်နှစ်များတွင်၊ သူသည် သူရည်ရွယ်ထားသည့် အရာတိုင်းကို ဆက်လက် လုပ်ဆောင်နေခဲ့ပေသည်။ ဘုရားသခင်သည် သြဇာအာဏာ ရှိသောကြောင့်၊ လူသားအဖို့ ဘုရားသခင်က စကားပြောရန်သာလိုအပ်ပြီး၊ အားစိုက်မထုတ်ရဘဲ ကိစ္စရပ်များနှင့် အမှုအရာများအားလုံး ပြီးမြောက်သည်ဟု ထင်ရကောင်း ထင်ရနိုင်ပေသည်။ ထိုသို့သော စိတ်ကူးမှုများသည် အတော်အတန် အဓိပ္ပာယ်မရှိပေ။ နှုတ်ကပတ်တော်အသုံးပြုလျက် လူသားနှင့် ဘုရားသခင်၏ ပဋိညာဉ်ကို ထူထောင်ခြင်းနှင့် နှုတ်ကပတ်တော်များကို အသုံးပြုလျက် အရာရာတိုင်းကို ဘုရားသခင်၏ ပြီးမြောက်စေခြင်းတို့၏ တစ်ဖက်သတ်အမြင်ကိုသာ သင်သည် ယူပြီး၊ ဘုရားသခင်၏ သြဇာအာဏာက အရာခပ်သိမ်း၏ တည်ရှိခြင်းအပေါ် အုပ်စိုးမှု စွဲကိုင်ထားသည်ဟူသော သင်္ကေတနှင့် အချက်အလက် အမျိုးမျိုးတို့ကို မြင်နိုင်စွမ်းမရှိပါက၊ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် သင်၏သိနားလည်မှုသည် အလွန် ပေါ့ပြက်ပြီး အဓိပ္ပာယ် မရှိပေ။ အကယ်၍ လူသားသည် ဘုရားသခင်ကို ထိုသို့ စိတ်ကူးပါက၊ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏ အသိသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေ့သို့ တွန်းပို့ခံရပြီးဖြစ်ကာ လမ်းဆုံးကို ရောက်ရှိပြီးဖြစ်သည်ဟု ပြောရပေမည်၊ အကြောင်းမှာ လူသား စိတ်ကူးသည့် ဘုရားသခင်သည် သြဇာအာဏာပိုင်ဆိုင်သည့် ဘုရားသခင်မဟုတ်၊ အမိန့်များကို ထုတ်ပြန်သည့် စက်တစ်ခုသာဖြစ်သောကြောင့် ဖြစ်သည်။ အာဗြဟံနှင့် ယောဘ၏ ပုံသက်သေများမှ သင်မည်သည့်အရာကို မြင်ပြီးပြီနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်သည့်ဘက်ကို သင်မြင်ပြီးပြီလော။ အာဗြဟံနှင့် ယောဘကို ဘုရားသခင် ကောင်းချီးပေးပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူရှိခဲ့ သည့်နေရာတွင် မနေခဲ့သကဲ့သို့၊ ရလဒ်က မည်သည့်အရာ ဖြစ်မည်ကို မြင်တွေ့ရန် စောင့်ဆိုင်းစဉ် သူ၏ စေတမန်များကို အလုပ် မလုပ်စေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီးလျှင်ပြီးချင်း၊ ဘုရားသခင်၏ သြဇာအာဏာ၏ လမ်းပြမှုအောက်တွင် အရာအားလုံးသည် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို စတင်လိုက်နာကြပြီး၊ ဘုရားသခင်လိုအပ်သည့် ပြင်ဆင်ထားသည့် လူများ၊ အမှုအရာများနှင့် အရာဝတ္ထုများ ရှိခဲ့လေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များ မိန့်မြွက်ခဲ့သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ သြဇာအာဏာကို မြေတစ်ပြင်လုံးအနှံ့ စတင်အသုံးပြုခဲ့ပြီး၊ သူ ဆောင်ရွက်ရန် စီစဉ်ထားသည့် ခြေလှမ်းတိုင်းနှင့် အဓိကအဆင့်အသီးသီးအဖ လိုအပ်သည့်အရာ အားလုံးအတွက် သင့်တော်သည့် အစီအစဉ်နှင့် ပြင်ဆင်မှုများကို ပြုလုပ်နေစဉ်တွင်လည်း၊ အာဗြဟံနှင့် ယောဘထံ သူပြုခဲ့သည့် ကတိများကို ပြီးမြောက်ကာ ပြည့်စုံစေရန် လမ်းကြောင်းတစ်ခုကို သူပြင်ဆင်ခဲ့သည်။ ဤအချိန် အတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ စေတမန်များကို စေခိုင်းခဲ့ရုံသာမက၊ သူဖန်ဆင်းခဲ့သည့် အရာအားလုံးကိုပါ စေခိုင်းခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခဲ့သည့် နယ်ပယ် အတွင်းတွင် စေတမန်များသာ ပါဝင်သည်မဟုတ်ဘဲ၊ သူ ပြီးမြောက်ရန် ရည်ရွယ်ထားသည့် အမှုကို လိုက်နာရန်အလို့ငှာ စေခိုင်းခြင်းခံခဲ့ရသည့် ဖန်ဆင်းခြင်းထဲက အရာအားလုံးပါ ပါဝင်ခဲ့သည်။ ဤအရာတို့သည် ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခဲ့သည့် အတိအကျပုံစံများဖြစ်သည်။ သင်တို့၏ စိတ်ကူးများတွင်၊ အချို့က ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် အောက်ပါသိနားလည်မှု ရှိကောင်း ရှိနိုင်သည်- ဘုရားသခင်က သြဇာအာဏာရှိပြီး၊ ဘုရားသခင်က တန်ခိုးရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် တတိယ ကောင်းကင်တွင် သို့မဟုတ် သတ်မှတ်ထားသည့် နေရာတွင် ရှိနေရန်သာ လိုအပ်ပြီး၊ မည်သည့် သီးသန့်အမှုမျှ လုပ်ဆောင်ဖို့မလိုအပ်သကဲ့သို့၊ ဘုရားသခင်၏ အမှုအလုံးစုံသည် သူ၏အတွေးများထဲ၌ ပြီးပြည့်စုံပေသည်။ အချို့ကလည်း ဘုရားသခင်က အာဗြဟံကို ကောင်းချီး ပေးခဲ့သော်လည်း၊ ဘုရားသခင်က မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ခဲ့သကဲ့သို့၊ သူ၏နှုတ်ကပတ်တော်များကို ပြောရုံမျှသည် သူ့အတွက် လုံလောက်သည်ဟုလည်း ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ပါသလော။ လုံးဝကို မဟုတ်ပေ။ ဘုရားသခင်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူ၏သြဇာအာဏာသည် အနှစ်မမဲ့ဘဲ၊ မှန်ကန်ပြီး စစ်မှန်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်မှုနှင့် လက်တွေ့အရှိတရားသည် သူ၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း၊ အရာခပ်သိမ်းကို သူ၏ ထိန်းချုပ်ခြင်းနှင့် လူသားမျိုးနွယ်ကို သူဦးဆောင်ပြီး စီမံခန့်ခွဲသည့်ဖြစ်စဉ်တွင် တဖြည်းဖြည်း ထုတ်ဖော်ပြပြီး သရုပ်ထင်လေသည်။ လူသားမျိုးနွယ်နှင့် အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ နည်းလမ်းတိုင်း၊ ရှုထောင့်တိုင်း၊ အသေးစိတ်အချက်အလက်တိုင်းနှင့် သူပြီးမြောက်ပြီးဖြစ်သည့် အမှုအားလုံးအပြင်၊ အရာအားလုံးအပေါ် သူ၏သိနားလည်ခြင်း- ဤအရာများအားလုံးသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အနှစ်မဲ့သည့် စကားလုံးများ မဟုတ်သည်ကို အကယ်ပင် သက်သေပြပေသည်။ သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် ပြသခြင်းခံရပြီး စဉ်ဆက်မပြတ် ထုတ်ဖော်ပြထားကာ အရာခပ်သိမ်းတွင် ရှိလေသည်။ သူသည် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ရန်၊ အရာအားလုံးကို အမိန့်ပေးရန်နှင့် အချိန်တိုင်းတွင် အရာအားလုံးကို အုပ်စိုးရန်၊ သူ၏ သြဇာအာဏာနှင့် တန်ခိုးကို အသုံးပြုနေသည့်အတွက်၊ ဤသရုပ်သကန်များနှင့် ဖွင့်ပြခြင်းများသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုလေသည်။ သူ၏တန်ခိုးနှင့် သြဇာအာဏာတို့ကို ကောင်းကင်တမန်များက အစားထိုး၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စေတမန်များကလည်း အစားထိုး၍ မရနိုင်ပေ။ အာဗြဟံနှင့် ယောဘတို့အပေါ် မည်သည့်ကောင်းချီးမင်္ဂလာများ သူ အပ်နှင်းမည်ကို ဘုရားသခင်ဆုံးဖြတ်ခဲ့သည်- ယင်းမှာ ဘုရားသခင် ဆုံးဖြတ်ရမည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ စေတမန်များသည် အာဗြဟံနှင့် ယောဘထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ကြသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ပညတ်ချက်များပေါ် အခြေခံခဲ့ပြီး၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ ထိုနည်းတူ စေတမန်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိခဲ့ကြပေသည်။ ဘုရားသခင်၏ စေတမန်များက အာဗြဟံထံသို့ လည်ပတ်ကြသည်ကို လူက မြင်ရပြီး၊ သမ္မာကျမ်းစာ၏ မှတ်တမ်းများတွင် ယေဟောဝါ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ တစ်ခုတစ်လေ လုပ်ဆောင်ခဲ့သည်ကို မျက်မြင်မကြုံတွေ့ ရသော်လည်း၊ အမှန်တွင်၊ တန်ခိုးနှင့် သြဇာအာဏာကို အမှန်တကယ် အသုံးပြုသူမှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး ဤအရာကို မည်သည့်လူကမျှ သံသယထားခွင့်မရှိပေ။ သင်သည် ကောင်းကင်တမန်များနှင့် စေတမန်များက ကြီးမားသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများကို ပြုဖူးသည်ကို သို့မဟုတ် ဘုရားသခင် တာဝန်ပေးစေခိုင်းသည့် အရာတစ်ချို့ ၎င်းတို့ လုပ်ဆောင်ဖူးသည်ကို သင်မြင်ဖူးသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေရန်အတွက်မျှ ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပြသခြင်း လုံးဝ မဟုတ်ပေ- အကြောင်းမှာ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကိုအုပ်စိုးရန် ဖန်ဆင်းရှင်၏ သြဇာအာဏာ မရှိသည့်အတွက် သို့မဟုတ် မပိုင်ဆိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုကမျှ ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးမပြုနိုင်ပေ သို့မဟုတ် ဖော်ထုတ်ပြသခြင်း မပြုနိုင်ပေ။

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မပြောင်းလဲနိုင်သကဲ့သို့ ပုန်ကန်ပြစ်မှား၍မရနိုင်ပေ

ကျမ်းစာ၏ ဤအပိုင်းသုံးပိုင်းတွင် သင်တို့ အဘယ်အရာကို မြင်ရပြီနည်း။ ဘုရားသခင်က သူ၏သြဇာအာဏာကို အသုံးပြုသည့် အခြေခံသဘောတရားတစ်ခုရှိသည်ကို သင်တို့မြင်ပြီလော။ ဥပမာအားဖြင့်၊ ဘုရားသခင်သည် လူသားနှင့်အတူ ပဋိညာဉ်တစ်ခု ထူထောင်ရန် သက်တံတစ်ခုကို အသုံးပြုခဲ့သည်- ကမ္ဘာလောကကိုဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို မည်သည့်အခါမျှ တစ်ဖန် သူ အသုံးပြုတော့မည် မဟုတ်သည်ကို လူသားအား ပြောပြရန် တိမ်ထဲတွင် သက်တံကို သူ ထားရှိခဲ့သည်။ ယနေ့ လူတို့ မြင်ရသည့် သက်တံသည် ဘုရားသခင်၏နှုတ်မှ ပြောခဲ့သည့် သက်တံနှင့် တူညီဆဲဖြစ်ပါသလော။ ယင်းသက်တံ၏ သဘောဝနှင့် အဓိပ္ပာယ်သည် ပြောင်းလဲပြီးပြီလော။ ပြောင်းလဲမသွားသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်သည် ဤလုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် သူ၏သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားနှင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်သည် ယနေ့အထိ ဆက်လက်တည်ရှိနေပြီး ဤပဋိညာဉ်ပြောင်းလဲမည့်အချိန်က ဘုရားသခင် ဆုံးဖြတ်ချက် ်အတိုင်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်က “ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။” ဟုဆိုပြီးနောက်တွင်၊ ဘုရားသခင်သည် ယနေ့ထက်ထိ ဤပဋိညာဉ်ကို အမြဲ လိုက်နာခဲ့သည်။ ဤအရာတွင် အဘယ်အရာကို သင်တွေ့မြင်သနည်း။ ဘုရားသခင်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူသည် သူ၏လုပ်ဆောင်မှုများ၌ အလွန် တင်းကျပ်ပြီး စည်းကမ်းရှိကာ သူ၏ကတိကို တည်လေသည်။ သူ၏ တင်းကျပ်မှုနှင့် သူ၏ လုပ်ဆောင်ချက်များ၏ အခြေခံသဘောတရားများက ဖန်ဆင်းရှင်၏ ပုန်ကန်ပြစ်မှား၍ မရခြင်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ကျော်လွန်၍မရခြင်းကို ပြသသည်။ သူသည် အထွတ်အထိပ် သြဇာအာဏာကို ပိုင်ဆိုင်ထားပြီး အရာအားလုံးသည် သူ၏အုပ်စိုးမှုအောက်တွင်ရှိသော်လည်း၊ ပြီးလျှင် သူသည် အရာအားလုံးကို အုပ်စိုးရန် တန်ခိုးရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်အခါတွင်မျှ သူကိုယ်တိုင်၏ အစီအစဉ်ကို ထိခိုက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုဖူးသကဲ့သို့၊ သူ၏သြဇာအာဏာကို အသုံးပြုသည့် အချိန်တိုင်းတွင်၊ ယင်းသည် သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများနှင့် အတိအကျ ကိုက်ညီပြီး သူ့နှုတ်မှ ပြောဆိုထားခဲ့သည့်အရာနောက် အတိအကျ လိုက်ကာ သူ၏ အစီအစဉ်နှင့်သက်ဆိုင်သည့် အဆင့်များနှင့် ရည်မှန်းချက်များနောက် လိုက်လေသည်။ ဘုရားသခင်အုပ်စိုးသည့် အရာခပ်သိမ်းသည်လည်း ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံသဘောတရားများကို လိုက်နာကြပြီး မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သူ၏ သြဇာအာဏာ၏ အစီအစဉ်များမှ မလွတ်ကင်းသကဲ့သို့၊ သူ၏သြဇာအာဏာ အသုံးပြုထားသည့် အခြေခံသဘောတရားများကို ၎င်းတို့ မပြောင်းလဲနိုင်သည်ကို ပြောစရာမလိုပေ။ ဘုရားသခင်၏ အမြင်တွင်၊ ကောင်းချီးခံစားရသည့်သူများသည် သူ၏ သြဇာအာဏာက ဖြစ်ပေါ်စေသည့် ကောင်းမွန်သည့် အခွင့်အလမ်းများကို ရရှိကြပြီး ကျိန်ဆဲခံရသူများမှာ ဘုရားသခင်၏ သြဇာအာဏာကြောင့် ၎င်းတို့၏ အပြစ်ပေးခြင်းကို ရရှိကြပေသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အချုပ်အခြာအာဏာ အောက်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှသည် သူ၏သြဇာအာဏာ အသုံးပြုခြင်းမှ မကင်းလွတ်သကဲ့သို့၊ သူ့သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံ သဘောတရားများကိုလည်း မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အကြောင်းရင်းတစ်ခုတစ်လေ၌ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ၊ အလားတူစွာ၊ သူ၏ သြဇာအာဏာကို အသုံးပြုသည့် အခြေခံသဘောတရားများသည် မည်သည့်အကြောင်းရင်းအတွက်မျှ မပြောင်းလဲပေ။ မိုးကောင်းကင်နှင့် မြေကြီးသည် ကြီးစွာသော ကသောင်းကနင်း ဖြစ်မှုများကို ကြုံရနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ အရာအားလုံး ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်။ ဤသည်မှာ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သကဲ့သို့ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် သြဇာအာဏာ၏ အနှစ်သာရဖြစ်ပြီး ဖန်ဆင်းရှင်၏ တကယ့် အတုမရှိခြင်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို...

ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။...

လူသားမျိုးနွယ်သည် အကျင့်ပျက်စီးပြီးဖြစ်သော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေထိုင်ဆဲရှိသည်

စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖျက်ဆီးနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။...

စာတန်အတွက် ဘုရားသခင်၏အမိန့်

ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။ စာတန်သည် ဖန်ဆင်းရှင်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။