သောဒုံမြို့သည် ဘုရားသခင်၏ အမျက်တော်ကို ထိပါးသည့်အတွက် လုံးလုံးလျားလျား ချေမှုန်းခံရသည်
သောဒုံမြို့သားများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါ သူတို့ရောက်လာခြင်း၏ အကြောင်းရင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏အလိုတော်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဘုရားသခင်၏ မိန့်ကြားချက်၊ အတွေးများနှင့် လုပ်ဆောင်ချက်များ၏ ဤဥပမာများကို နားလည်ခြင်းအားဖြင့် လူသား၏ထိပါးစော်ကားခြင်းကို သည်းခံမည်မဟုတ်သော စိတ်သဘောထားဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်နားလည်နိုင်သလော။ အတိုချုပ်ဆိုရလျှင် လူသားအနေဖြင့် မည်မျှပင်နားလည်နိုင်သည်ဖြစ်စေ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားဆိုင်ရာ ရှုထောင့်တစ်ခုဖြစ်ပြီး ယင်းက အတုမရှိပေ။ ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်၏သည်းမခံခြင်းသည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသသည် သူ၏အတုမရှိသော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်၏ဘုန်းအာနုဘော်သည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ဒေါသနောက်ကွယ်ရှိ စည်းမျဉ်းသည် သူသာလျှင်ပိုင်ဆိုင်သည့် သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့၏ ကိုယ်စားပြုချက်ဖြစ်သည်။ ဤနိယာမသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရဆိုင်ရာ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင်ရှိရင်းစွဲအနှစ်သာရဖြစ်ပြီး ယင်းသည် အချိန်ကုန်လွန်သည်နှင့် လိုက်ပြောင်းလဲခြင်းလုံးဝမရှိသကဲ့သို့ တည်နေရာ အပြောင်းအလဲများကိုလိုက်၍လည်း မပြောင်းလဲပေ။ သူ၏ရှိရင်းစွဲစိတ်သဘောထားသည် သူ၏ပင်ကိုအနှစ်သာရဖြစ်သည်။ သူ၏အမှုကို မည်သူ့အပေါ်၌ သူပြုသည်ဖြစ်စေ သူ၏အနှစ်သာရသည် မပြောင်းလဲသကဲ့သို့ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားသည်လည်း မပြောင်းလဲချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါ ဘုရားသခင်ထုတ်လွှတ်သည့်အရာသည် သူ၏ရှိရင်းစွဲစိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ သူ့ဒေါသနောက်ကွယ်မှ အခြေခံမူက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရက ပြောင်းလဲသောကြောင့်၊ သို့မဟုတ် သူ၏စိတ်သဘောထားမှ မတူညီသည့် သဘောတရားများ ထွက်ပေါ်လာသောကြောင့် သူဒေါသထွက်လာခြင်း မဟုတ်ဘဲ သူ့အပေါ် လူသား၏ ဆန့်ကျင်မှုသည် သူ၏စိတ်သဘောထားကို ထိပါးစော်ကားသောကြောင့်ဖြစ်၏။ ဘုရားသခင်ကို လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို စုံစမ်းသွေးဆောင်နေခြင်းဖြစ်သည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် စုံစမ်းသွေးဆောင်သည့်အခါ ဤကဲ့သို့သောအချိန်မျိုးမှာ အပြစ်တရားထကြွသောင်းကျန်းသည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် အလိုအလျောက် ထုတ်ဖော်ပြီး ထွက်ပေါ်လာလိမ့်မည်။ ထို့ကြောင့် သူ၏အမျက်ဒေါသကို ဘုရားသခင်၏ဖော်ပြချက်က ကောက်ကျစ်ဆိုးယုတ်သော စွမ်းအားခပ်သိမ်းသည် မတည်ရှိတော့မည့် သင်္ကေတတစ်ခုဖြစ်ပြီး ရန်လိုသည့် စွမ်းအားခပ်သိမ်းသည် ဖျက်ဆီးခံရမည့် သင်္ကေတတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိမှုနှင့် ဘုရားသခင့်အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းခြင်းတို့ စိန်ခေါ်ခံရသည့်အခါ၊ လူသားက တရားမျှတမှု၏ စွမ်းအားများကို ပိတ်ဆို့ထားပြီး ၎င်းတို့ကို မမြင်သည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်လိမ့်မည်။ ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် စွမ်းအားခပ်သိမ်းသည် ဘုရားသခင်၏ အနှစ်သာရကြောင့် ကောက်ကျစ်ဆိုးယုတ်ကာ ဖောက်ပြန်ပျက်စီးပြီး မတရားကြပေ။ ၎င်းတို့သည် စာတန်ထံမှလာပြီး စာတန်နှင့်သက်ဆိုင်၏။ ဘုရားသခင်သည် တရားမျှတပြီး အလင်းဖြစ်သည့်အပြင် အပြစ်အနာအဆာကင်းမဲ့စွာ သန့်စင်မွန်မြတ်သောကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်လိုက်သောအခါ ကောက်ကျစ်ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးပြီး စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
ဘုရားသခင်၏ အမျက်ဒေါသကို သွန်ချခြင်းက သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ဖော်ပြချက်၏ ရှုထောင့်တစ်ခုဖြစ်သော်လည်း ဘုရားသခင်၏ဒေါသသည် ၎င်း၏ပစ်မှတ်အပေါ် မဆင်မခြင်လုပ်ခြင်း လုံးဝမရှိသကဲ့သို့၊ အခြေခံမူမပါဘဲ လုပ်ခြင်းလည်း လုံးဝမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က အမျက်ထွက်ရာ၌ လျင်မြန်ခြင်း လုံးဝမရှိသကဲ့သို့ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကို ပေါ့ပေါ့တန်တန် ထုတ်ဖော်ခြင်းလည်း မပြုပေ။ ထို့အပြင် ဘုရားသခင်၏ အမျက်ဒေါသသည် အတော်ပင် ထိန်းထိန်းချုပ်ချုပ်ရှိပြီး ချင့်ချင့်ချိန်ချိန် ရှိသည်။ လူသား၏ ထောင်းခနဲ ဒေါသူပုံထတတ်ပုံမျိုး၊ သို့မဟုတ် ဒေါသအိုး ပေါက်ကွဲပုံမျိုးနှင့် လုံးဝနှိုင်းယှဉ်၍မရပေ။ လူသားနှင့် ဘုရားသခင်တို့၏ စကားစမြည်ပြောဆိုမှုများစွာကို သမ္မာကျမ်းစာထဲ၌ မှတ်တမ်းတင်ထားသည်။ ထိုစကားစမြည်ပြောဆိုမှုများထဲတွင် ပါဝင်သော လူပုဂ္ဂိုလ်အချို့၏ စကားလုံးများက ပေါ့တန်ကာ ပညာမဲ့ပြီး ကလေးကလားဆန်သည်။ သို့သော်လည်း ဘုရားသခင်က သူတို့ကို ရိုက်မချသကဲ့သို့ သူတို့ကို ရှုတ်လည်း မရှုတ်ချခဲ့ပေ။ အထူးသဖြင့် ယောဘစမ်းသပ်ခံရသည့်ကာလအတောအတွင်း၌ ယောဘ၏ မိတ်ဆွေသုံးယောက်နှင့် အခြားလူများက ယောဘကို ပြောခဲ့သည့် စကားများကို ယေဟောဝါဘုရားသခင်က ကြားပြီးနောက်တွင် ထိုသူတို့ကို သူမည်သို့ဆက်ဆံခဲ့သနည်း။ သူတို့ကို သူရှုတ်ချခဲ့သလော။ သူတို့အပေါ် ဒေါသူပုန်ထခဲ့သလော။ ထိုသို့ ဘာတစ်ခုမျှ သူမလုပ်ခဲ့ပေ။ ထိုအစား သူတို့ကိုယ်စား အသနားခံတောင်းလျှောက်ဖို့၊ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို ဘုရားသခင်ပြောခဲ့ပြီး သူကိုယ်တော်တိုင်ကမူ သူတို့အမှားများကို ဗွေမယူခဲ့ပေ။ ဤဖြစ်ရပ်များအားလုံးသည် လက်ရှိအခြေအနေအတိုင်း ဖောက်ပြန်ပျက်စီး၍ ပညာမဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က ဆက်ဆံသည့် အဓိကသဘောထားကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ့စိတ်နေစိတ်ထား၏ ဖော်ပြချက် လုံးဝမဟုတ်သကဲ့သို့၊ သူ၏ခံစားချက်များကို ဖွင့်ချခြင်းလည်း လုံးဝမဟုတ်ပေ။ ဘုရားသခင်၏ အမျက်ဒေါသက လူသားနားလည်သကဲ့သို့ လုံးလုံး ဒေါသပေါက်ကွဲခြင်း မဟုတ်ပေ။ ဘုရားသခင်က သူ၏ကိုယ်ပိုင်စိတ်နေစိတ်ထားကို မထိန်းချုပ်နိုင်၍၊ သို့မဟုတ် သူ၏ဒေါသက ရေဆူမှတ်ကိုရောက်သွားပြီး ဖွင့်ချမှရတော့မည်ဖြစ်၍ သူ၏အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏အမျက်ဒေါသသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ပြသချက်ဖြစ်ပြီး စစ်မှန်သည့် ဖော်ပြချက်ဖြစ်သည်။ ထို့ပြင် ဤသည်မှာ သူ၏သန့်ရှင်းသည့် အနှစ်သာရနှင့် သက်ဆိုင်သည့် ပုံဆောင်ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါသဖြစ်၏။ ထို့ပြင် သူသည် ထိပါးစော်ကားမှုကို သည်းမခံပေ။ ဤသည်မှာ ဘုရားသခင်၏ဒေါသသည် အကြောင်းတရားများကို ခွဲခြားမှုမရှိဟုလည်းကောင်း၊ အခြေခံမူမရှိဟုလည်းကောင်း မဆိုလိုပေ။ အကြောင်းတရားများကို မခွဲခြားသော ဒေါသပေါက်ကွဲခြင်းမျိုးဖြစ်သည့် အခြေခံမူမရှိဘဲ ကြုံသလို ဒေါသအိုးပေါက်ကွဲခြင်းမျိုးကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က အထူးသီးသန့် မူပိုင်ခွင့်ယူထား၏။ လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ၎င်းတို့သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ဖြင့် ပြည့်လျှံနေပြီး အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။ တရားမျှတမှုသည် ဆိုးသွမ်းမှုနှင့် ထိပ်တိုက်တွေ့သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ကာကွယ်ရန်သော်လည်းကောင်း၊ ထိန်းသိမ်းရန်သော်လည်းကောင်း ဒေါသူပုန်ထလိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားတို့ ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရပြီး တိုက်ခိုက်ခံရသည့်အခါ လူသား၏သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ကောက်ကျစ်ဆိုးယုတ်မှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ လူသား၏သဘောထားသည် လိုက်လျောခြင်း၊ မျက်နှာချိုသွေးခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် ကောက်ကျစ်ဆိုးယုတ်သည့် စွမ်းအားတို့အတွက် လွတ်လမ်းတစ်လမ်းဖြစ်ပြီး ဇာတိပကတိလူသားတို့၏ ထကြွသောင်းကျန်းနေပြီး တားဆီး၍မရသော ကောက်ကျစ်ဆိုးယုတ်သည့်အပြုအမူဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။ သို့သော်လည်း ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ ကောက်ကျစ်ဆိုးယုတ်သည့် စွမ်းအားခပ်သိမ်းသည် ရပ်သွားလိမ့်မည်။ လူသားကို အန္တရာယ်ပြုသည့် အပြစ်တရားအားလုံးသည် ရပ်တန့်သွားလိမ့်မည်။ ဘုရားသခင်၏အမှုကို ပိတ်ပင်တားဆီးသည့် ရန်လိုသောစွမ်းအားခပ်သိမ်းသည် ထုတ်ဖော်ခံရမည်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမည်။ ထို့ပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ ကြံရာပါအားလုံးသည် အပြစ်ဒဏ်ခတ်ခံရမည်ဖြစ်ပြီး အမြစ်ပါမကျန် ဖယ်ရှားခံရမည်ဖြစ်သည်။ သူတို့၏နေရာတွင် ဘုရားသခင်၏အမှုသည် ပိတ်ပင်တားဆီးမှုတို့ မရှိဘဲ ရှေ့ဆက်လိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် စီစဉ်ထားချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသည့် လူများသည် စာတန်၏ အနှောင့်အယှက်ပေးခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့ကို ခံရတော့မည် မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏နောက်ကို လိုက်သူများသည် ငြိမ်သက် အေးချမ်းသည့် ပတ်ဝန်းကျင်ထဲတွင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အထောက်အပံ့ကို မွေ့လျော်ကြရလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ကောက်ကျစ်ဆိုးယုတ်သည့်စွမ်းအားတို့ ထပ်ဆင့်ပွားများခြင်းနှင့် ထကြွသောင်းကျန်းခြင်းတို့ မရှိစေရန် တားဆီးပေးသည့် အကာအကွယ်တစ်ခုဖြစ်သည်။ ထို့ပြင် ၎င်းသည် တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများအားလုံး၏ ဖြစ်တည်မှုနှင့် ပြန့်ပွားခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနှင့် ဖျက်လိုဖျက်ဆီး လုပ်ခံရခြင်းတို့ မခံရအောင် ထိုအရာများကို ထာဝရစောင့်ကြပ်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်သည်။
သောဒုံမြို့ကို ဘုရားသခင်ဖျက်ဆီးခြင်း၌ ဘုရားသခင့်အမျက်ဒေါသ၏ အဖြစ်အနေကို သင်တို့မြင်နိုင်သလော။ သူ၏ဒေါသအတွင်း၌ အခြားအရာ ရောစပ်နေသလော။ ဘုရားသခင်၏ဒေါသက သန့်စင်သလော။ လူသား၏စကားကို အသုံးပြုရလျှင် ဘုရားသခင်၏ အမျက်ဒေါသသည် အရောအနှောကင်းသလော။ သူ့အမျက်ဒေါသ၏ နောက်ကွယ်တွင် ပရိယာယ်တစ်ခုခု ရှိသလော။ လျှို့ဝှက်ကြံစည်ခြင်းတစ်ခုခု ရှိသလော။ ပြောပြ၍မရသည့် လျှို့ဝှက်ချက်များ ရှိသလော။ သင်တို့ကို လေးလေးနက်နက် တည်တည်ကြည်ကြည်နှင့် ငါပြောပြနိုင်သည်။ ဘုရားသခင်၏အမျက်ဒေါသ၌ သံသယဖြစ်စေနိုင်သည့်အပိုင်း မရှိပေ။ သူ့ဒေါသက အခြားရည်ရွယ်ချက်၊ သို့တည်းမဟုတ် ပန်းတိုင်တို့ကိန်းအောင်းမနေသော အရောအနှောကင်းသည့် ဒေါသသက်သက်ဖြစ်၏။ သူ၏ဒေါသနောက်ကွယ်မှ အကြောင်းပြချက်များက သန့်စင်ကာ ခြောက်ပြစ်ကင်းပြီး ဝေဖန်၍ မရနိုင်ပေ။ ၎င်းသည် သူ၏သန့်ရှင်းသည့် အနှစ်သာရကို သဘာဝအလျောက် ထုတ်ဖော်ခြင်းနှင့် ပြသခြင်းဖြစ်သည်။ ယင်းမှာ ဖန်ဆင်းခံများထဲမှ တစ်ဦးမျှ မပိုင်ဆိုင်သည့်အရာတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သော စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဖန်ဆင်းရှင်နှင့် သူ၏ဖန်ဆင်းခံများ၏ သက်ဆိုင်ရာ အနှစ်သာရများကြားရှိ သိသာထင်ရှားသော ကွာခြားမှုလည်း ဖြစ်သည်။
လူတစ်ယောက်အနေဖြင့် အခြားလူများရှေ့မှာ စိတ်ဆိုးသည်ဖြစ်စေ၊ သူတို့နောက်ကွယ်မှာ စိတ်ဆိုးသည်ဖြစ်စေ လူတိုင်း၌ သူတို့စိတ်ဆိုးရခြင်းနှင့် ပတ်သက်၍ မတူညီသည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များရှိသည်။ သူတို့အနေဖြင့် သူတို့၏သိက္ခာကို တည်ဆောက်နေခြင်း ဖြစ်ချင်ဖြစ်မည်၊ သူတို့၏ပုံရိပ်ကို ထိန်းသိမ်းရင်း၊ သို့မဟုတ် မျက်နှာမပျက်အောင်နေရင်း သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်နေခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ အချို့လူတို့က သူတို့၏ဒေါသကို ထိန်းချုပ်ကြပြီး အခြားလူတို့မှာမူ ကမူးရှူးထိုးပိုလုပ်တတ်ကာ စိုးစဉ်းမျှပင် မထိန်းချုပ်ဘဲ သူတို့ဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို ထောင်းခနဲ ဒေါသူပုန်ထကြသည်။ အတိုချုပ်ပြောရလျှင် လူသား၏ဒေါသသည် သူ၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမှ ဆင်းသက်လာသည်။ ရည်ရွယ်ချက်က မည်သည့်အရာပင် ဖြစ်နေပါစေ ယင်းသည် ဇာတိနှင့်ဆိုင်ပြီး ဗီဇနှင့်ဆိုင်သည်။ လူသား၏သဘာဝ အနှစ်သာရထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိသောကြောင့် သူ၏ဒေါသသည် တရားမျှတခြင်း၊ သို့မဟုတ် တရားမမျှတခြင်းတို့နှင့် ဘာမျှမသက်ဆိုင်ပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်နှင့် ဘုရားသခင်၏ အမျက်ဒေါသကို တစ်တန်းတည်းထား၍ အတူတူမပြောဆိုသင့်ပေ။ ခြွင်းချက်မရှိဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကိုခံရသည့် လူသား၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးခြင်းကို ကာကွယ်လိုသည့်ဆန္ဒနှင့် စတင်ပြီး ဖောက်ပြန်ပျက်စီးမှု၌ ဧကန်အမှန် အခြေခံထားသည်။ ထို့ကြောင့် လူသား၏ဒေါသသည် သဘောတရားအရ မည်မျှပင်သင့်တော်သည့်ပုံ ပေါက်နေပါစေ လူသား၏ဒေါသကို ဘုရားသခင်၏ အမျက်ဒေါသနှင့် တစ်တန်းတည်းထားပြီး အတူတူပြော၍မရနိုင်ပေ။ ဘုရားသခင်က သူ၏ဒေါသကို စေလွှတ်လိုက်သည့်အခါ ကောက်ကျစ်ဆိုးယုတ်သည့် စွမ်းအားများသည် ဟန့်တားခံရပြီး ကောက်ကျစ်ဆိုးယုတ်သည့်အရာများသည် ဖျက်ဆီးခံရကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများက ဘုရားသခင်၏ ဂရုစိုက်မှုနှင့် အကာအကွယ်တို့ကို ရရှိခံစားပြီး ရှေ့ဆက်ခွင့်ရလေသည်။ တရားမမျှတကာ အပျက်သဘောဆောင်ပြီး ကောက်ကျစ်ဆိုးယုတ်သည့်အရာများသည် တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများ၏ ပုံမှန်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းတို့ ပြုလုပ်သောကြောင့် ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည်။ ဘုရားသခင့်ဒေါသ၏ပန်းတိုင်သည် သူ၏ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို ကာကွယ်ရန်မဟုတ်ဘဲ တရားမျှတ၍ အပြုသဘောဆောင်ကာ လှပပြီး ကောင်းမွန်သည့်အရာများ၏ ဖြစ်တည်မှုကို ကာကွယ်ရန်၊ လူသားမျိုးနွယ်၏ ပုံမှန်ရှင်သန်ရပ်တည်ရေး နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ အကြောင်းခံဇာစ်မြစ်ဖြစ်သည်။ ဘုရားသခင်၏ ဒေါသသည် သူ့စိတ်သဘောထား၏ အလွန်သင့်လျော်ပြီး သဘာဝကျကာ မှန်ကန်သည့် ထုတ်ဖော်ချက်ဖြစ်သည်။ သူ၏ဒေါသထဲ၌ ဆန္ဒရမ္မက်များ၊ ကောက်ကျစ်ခြင်း၊ အန္တရာယ်ပေးခြင်း၊ အကြမ်းဖက်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ရှိသည့် အခြားသော လက္ခဏာများ ပါဝင်နေရန်မဆိုထားနှင့်၊ တစ်ဖက်လှည့် ရည်ရွယ်ချက်များပင် မရှိသကဲ့သို့ လှည့်စားခြင်း၊ သို့မဟုတ် အကွက်ချစီစဉ်ခြင်းတို့လည်း မရှိပေ။ ဘုရားသခင်က သူ၏ဒေါသကို မထုတ်လွှတ်မီတွင် အကြောင်းအရာတိုင်း၏ အနှစ်သာရကို လုံးဝရှင်းလင်းစွာနှင့် ပြည့်စုံစွာသိမြင်ထားပြီးဖြစ်သည့်အပြင် တိကျပြီး ရှင်းလင်းသည့် အနက်ဖွင့်ချက်များနှင့် သုံးသပ်ချက်များကိုလည်း ဖော်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြုလေသမျှ အရာရာတိုင်း၌ သူ၏ရည်ရွယ်ချက်သည် သူ၏သဘောထားကဲ့သို့ပင် ရှင်းလင်းပြတ်သား၏။ သူသည် ယောင်ချာချာဖြစ်ခြင်း၊ မျက်ကန်းခြင်း၊ စိတ်လိုက်မာန်ပါပြုခြင်း၊ သို့မဟုတ် ဂရုမစိုက်ခြင်းတို့ မရှိသည့်အပြင် အခြေခံမူမရှိသည့်သူလည်း လုံးဝမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က ၎င်း၏ပုံမှန်ဖြစ်တည်မှုကို ရရှိထားခြင်းမှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ဤရှုထောင့်ကြောင့်ဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက လူသားမျိုးနွယ်သည် ပုံမှန်မဟုတ်သည့် လူနေမှုအခြေအနေများထဲသို့ ကျဆင်းသွားမည်ဖြစ်ပြီး တရားမျှတကာ လှပကောင်းမွန်သည့် အရာအားလုံးသည် ဖျက်ဆီးခံရကာ တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက ဖန်ဆင်းခံသတ္တဝါတို့အတွက် ဖြစ်တည်မှုနိယာမများနှင့် စည်းမျဉ်းများသည် ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ် လုံးလုံးလျားလျား ဖြိုဖျက်ခံရလိမ့်မည်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် တည်တံ့စေရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားထဲ၌ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ ပါဝင်သောကြောင့် ကောက်ကျစ်ဆိုးယုတ်သည့်လူများအားလုံး၊ အရာဝတ္ထုနှင့် ပစ္စည်းအားလုံးတို့အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်သည့် အရာအားလုံးသည် သူ၏အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရပြီး ထိန်းချုပ်ခံရကာ ဖျက်ဆီးခံကြရသည်။ လွန်ခဲ့သည့် ထောင်စုနှစ်အချို့တစ်လျှောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် သူ၏အမှု၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အပြင် စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများကဲ့သို့ ပြုမူသည့် ညစ်ညမ်းပြီး ဆိုးယုတ်သော ဝိညာဉ်အားလုံးကို ရိုက်ချ၍ ဖျက်ဆီးဖို့ရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းအမှုသည် သူ၏အစီအစဉ်အတိုင်း အမြဲတမ်း ရှေ့ဆက်သွားနေခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ တည်ရှိမှုကြောင့် လူသားမျိုးနွယ်၏ အလယ်ရှိ တရားအမျှတဆုံးသော အကြောင်းတရားများသည် တစ်ခါမျှ မဖျက်ဆီးခံရပေ။
ဘုရားသခင့်အမျက်ဒေါသ၏ အနှစ်သာရကို ယခု သင်တို့နားလည်သွားကြပြီဖြစ်သောကြောင့် စာတန်၏ကောက်ကျစ်ဆိုးယုတ်မှုအား မည်သို့ခွဲခြားရမည်ဆိုသည်ကို သင်တို့အနေဖြင့် သာ၍ကောင်းမွန်စွာပင် ဧကန်မုချ နားလည်ထားရပေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
သောဒုံမြို့သားများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါ သူတို့ရောက်လာခြင်း၏ အကြောင်းရင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏အလိုတော်ကို...
လူသားမျိုးနွယ်သည် မိုက်မဲပြီး ပညာမဲ့သော်လည်း လူသားမျိုးနွယ်တစ်ခုလုံးကို ဘုရားသခင်၏ ဆက်ဆံမှုက သနားကရုဏာနှင့် သည်းခံမှုအပေါ်၌...
ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ...
စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ တရားမျှတခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့်...