ဘုရားသခင် တစ်ပါးရှိသည်ကို ကျွန်ုပ် ယုံကြည်ပါသည်၊ သို့သော် ကျွန်ုပ် ငယ်ပါသေးသည်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ မိသားစုနှင့် ကျွန်ုပ်၏ အသက်မွေးအလုပ်အတွက် အလုပ်ကြိုးစားရမည်ဖြစ်ပြီး၊ ကျွန်ုပ် လုပ်ဆောင်လိုသည့်အရာများစွာ ရှိပါသေးသည်။ ကျွန်ုပ် အသက်အရွယ် အိုမင်းပြီး ဘုရားသခင်ကို ယုံကြည်ဖို့ အချိန်ရှိသည်အထိ စောင့်ဆိုင်ပါက၊ ကျွန်ုပ် ကယ်တင်ခံရလိမ့်မည်လား။

06.12.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန်အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိရန်နှင့် ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင့်ခွန်အား အားလုံးကို အသုံးပြုရန် ဖြစ်ဆဲဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ သို့မဟုတ် ဇာတိဆိုင်ရာ သက်သာမှုများ ရှာဖွေခြင်းကို ရပ်တန့်လော့။ ယင်းတို့သည် ငါ၏အလုပ်ကို နှောင့်နှေးစေမည့်အပြင် သင်၏ အံ့သြဖွယ် အနာဂတ်ကို နှောင့်နှေး စေမည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး၊ ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင့်ကိုယ်သင် လွတ်မြောက်စေရာ၌ အခက်တွေ့မည့် ဖြားယောင်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

စမ်းသပ်မှု၏ ဆင်းရဲဒုက္ခမှ ထွက်ပြေးရင်း ငါ့နှုတ်ကပတ်တော် ပြင်ပတွင် အသက်ရှင်ကြသူများ၊ ၎င်းတို့အားလုံးသည် လောကတွင် ဖြတ်သန်းလွင့်မျောနေကြသည် မဟုတ်လော။ ၎င်းတို့သည် ငါ၏ ဖြေသိမ့်ခြင်း နှုတ်ကပတ်တော်များ မဆိုထားနှင့်၊ အနားယူစရာ နေရာမရှိဘဲလျက်၊ ဟိုဟိုသည်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသည့် ဆောင်းဦးသစ်ရွက်ကြွေများနှင့် ဆင်တူကြလေသည်။ ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့နောက်သို့ မလိုက်သော်ငြားလည်း၊ ၎င်းတို့သည် ကောင်းကင် နိုင်ငံတော်၏ အပြင်ဘက် လမ်းမများ၌ ဟိုဟိုသည်သည် လှည့်လည်သွားလာလျက် တစ်နေရာပြီး တစ်နေရာ လွင့်မျောနေကြသည့် သူတောင်းစားများ ဖြစ်ကြသည် မဟုတ်လော။ ကမ္ဘာလောကသည် အမှန်တကယ် သင်၏နားခိုရာနေရာ ဟုတ်သလော။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းဖြင့် ကမ္ဘာလောကကြီးထံမှ အားရကျေနပ်ခြင်းနှင့်ဆိုင်သည့် အမှေးမှိန်ဆုံး အပြုံးတစ်ခု သင် အမှန်တကယ် ရရှိနိုင်သလော။ ဖုံးကွယ်၍ မရသည့် အနှစ်မဲ့ခြင်း၊ သင့်နှလုံးသားထဲက အနှစ်မဲ့ခြင်းကို ဖုံးကွယ်ထားဖို့ သင်၏တဒင်္ဂပျော်ရွှင်မှုကို အမှန်တကယ် အသုံးပြု၍ ရနိုင်သလော။ သင်သည် သင်၏ မိသားစုထဲမှ အယောက်တိုင်းကို လှည့်စား၍ရနိုင်သော်လည်း၊ ငါ့ကိုကား မည်သည့်အခါမျှ လှည့်စား၍ မရနိုင်။ သင်၏ယုံကြည်ခြင်းသည် အလွန် အားနည်းလှသောကြောင့်၊ သင်သည် ယနေ့အထိ အသက်ရှင်ခြင်းက ပေးရန်ရှိသော ဝမ်းမြောက်မှုများကို ရှာဖွေဖို့ရန် အစွမ်းမဲ့ဖြစ်နေဆဲ ဖြစ်သည်။ သင့်ကို ငါ တိုက်တွန်းသည်- လူတစ်ယောက် မခံနိုင်သော ဆင်းရဲဒုက္ခကို သင် ကြံ့ကြံ့ခံရင်း ဇာတိပကတိအတွက် အလုပ်ရှုပ်ကာ သာမညောင်ည အဆင့်တွင် သင့်တစ်ဘဝလုံးကို ကုန်ဆုံးစေမည့်အစား သင့်ဘဝ ထက်ဝက်ကို ငါ့အတွက် စစ်မှန်ရိုးသားစွာ ကုန်လွန်စေသင့်သည်။ သင့်ကိုယ်သင် အလွန်တန်ဖိုးထားပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးခြင်းသည် အဘယ်အကျိုးရှိသနည်း။ ထာဝရ အကျပ်အတည်းတစ်ခု၊ ထာဝရ ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရိတ်သိမ်းဖို့ရန်သာ ငါ၏ ခဏမျှသာဖြစ်သော ပြစ်တင်ဆုံးမခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ခြင်းသည် အဘယ် အကျိုးရှိသနည်း။ အမှန်တွင် မည်သူ့ကိုမျှ ငါ့အလိုကို လိုက်လျောအောင် အတင်းအဓမ္မ ငါမပြုပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ငါ၏ အစီအစဉ်များကို အမှန်တကယ် ကျိုးနွံနာခံရန် လိုလားနေပါက၊ ၎င်းတို့ကို ငါဆိုးရွားစွာ ဆက်ဆံမည် မဟုတ်။ သို့သော် ယောဘသည် ယေဟောဝါဖြစ်သော ငါ့ကို ယုံကြည်ခဲ့သကဲ့သို့ပင် လူအားလုံးသည် ငါ့ကို ယုံကြည်ကြရန် ငါ တောင်းဆိုသည်။ အကယ်၍ သင်တို့၏ ယုံကြည်ခြင်းသည် သောမ၏ ယုံကြည်ခြင်းထက် ပိုလွန်ပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် ငါ၏ ချီးကျူးခြင်းကို ရရှိလိမ့်မည်၊ သင်တို့၏ သစ္စာစောင့်သိမှုတွင် ငါ၏ ချမ်းမြေ့ပျော်ရွှင်မှုကို သင် ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ နေ့ရက်များတွင် ငါ၏ ဘုန်းအသရေကို ဧကန်မုချ သင်တို့ ရှာတွေ့ကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ

နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ အချိန်ကို ပြန်လည် မလွှတ်တမ်း အသုံးချဖို့ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံး ပါက၊ သင်တို့ ကြိုက်နှစ်သက်သလောက် အကြိမ်များစွာ လေ့လာပြီး ပြန်ဖြေနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာခြင်းကို သည်းခံလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ငါသည် သင်တို့ကို ဤကောင်းမြတ်သော နှုတ်ကပတ်တော်များဖြင့် တိုက်တွန်း၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟကာ ကြီးမားသော ဘေးဒုက္ခတို့သည် ရုတ်ခြည်းနီးကပ် လာကြ၏။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း- သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။ သံသယ မရှိလေတော့နှင့်၊ ပြီးလျှင် သေချာရေရာခြင်းကို မရှောင်ရှားနှင့်။

သနားဖွယ်ကောင်းလေစွ။ နုံချာလိုက်လေစွ။ ကျိုးကြောင်းမမြင်လေစွ။ လူသားမျိုးနွယ်သည် ရက်စက်လှပေသည်တကား။ ဧကန်အမှန်၊ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်ကို နားမထောင်ပေ- ငါသည် သင်တို့ကို အချည်းနှီး ပြောဆိုနေသည်လော။ သင်တို့သည် အလွန်ပင် ပေါ့လျော့နေဆဲဖြစ်သည်- အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ သင်တို့သည် ထိုသို့သော အတွေးတစ်ခု အမှန်တကယ် လုံးဝ မရှိဖူးကြသလော။ ငါသည် မည်သူ့အတွက် ဤအရာများကို ပြောဆိုသနည်း။ ငါ့ကို ယုံကြည်လော့။ ငါသည် သင်တို့၏ ကယ်တင်ရှင်ဖြစ်သည်။ ငါသည် သင်တို့၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဆက်စောင့်ကြည့်လော့။ ဆက်စောင့်ကြည့်လော့။ ဆုံးရှုံးသွားသောအချိန်သည် မည်သည့်အခါတွင်မျှ တစ်ဖန် လာလိမ့်မည် မဟုတ်- ဤသည်ကို အမှတ်ရကြလော့။ နောင်တကို ကုသပျောက်ကင်းစေသောဆေး လောကတွင် မရှိ။ ထို့ကြောင့်၊ ငါသည် သင်တို့ကို အဘယ်သို့ ပြောဆိုသင့်သနည်း။ ငါ၏နှုတ်ကပတ်တော်သည် သင်တို့၏ သတိရှိသည့်၊ အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းနှင့် မထိုက်တန်သလော။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်နှင့်ပတ်သက်၍ အလွန် အရေးမထားသကဲ့သို့၊ သင်တို့၏အသက်တာနှင့်ပတ်သက်၍ အလွန် တာဝန်မဲ့လေသည်။ ငါသည် ယင်းကို မည်သို့ သည်းခံနိုင်မည်နည်း။ ငါ မည်သို့ သည်းခံနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀)

လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်- ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏ စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။ အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။ သင်သည် သမ္မတတစ်ဦး၊ သိပ္ပံပညာရှင်တစ်ဦး၊ သင်းအုပ်တစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦး ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် သင်၏ရာထူး မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ သင်၏ တာဝန်များတွင် သင်၏ အသိပညာနှင့် အရည်အချင်းအပေါ် သင် အားထားပါက၊ ဘုရားသခင်သည် သင်လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ လက်မခံသကဲ့သို့၊ သင်၏တာဝန်က ဖြောင့်မတ်သောအရာတစ်ခုဟု လက်မခံသောကြောင့် သို့မဟုတ် သင်သည် လူသားမျိုးနွယ်၏ အကျိုးအတွက် အလုပ်လုပ်နေသည်ဟု သူလက်မခံသောကြောင့်၊ သင်သည် အမြဲကျရှုံးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့လိမ့်မည် ဖြစ်သည်။ သင် လုပ်ဆောင်သည့် အရာတိုင်းသည် ဘုရားသခင်၏ ကွယ်ကာမှုကို လူသားတို့ထံမှ ကန်ထုတ်ဖို့ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ဖို့ ယင်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူသားမျိုးနွယ်၏ အသိပညာနှင့် အစွမ်းအစကို အသုံးပြုဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူ ဆိုလိမ့်မည်။ သင်သည် လူသားမျိုးနွယ်ကို အမှောင်ထုဆီသို့၊ သေခြင်းတရားဆီသို့၊ ပြီးလျှင် လူသားက ဘုရားသခင်နှင့် သူ၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးသွားသည့် အကန့်အသတ်မဲ့ တည်ရှိမှုတစ်ခု၏ အစဆီသို့ ဦးဆောင်နေသည်ဟု သူ ဆိုလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် ထိုသို့သော လူသားမျိုးနွယ် ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး မည်သူကမျှ မစဉ်းစားခဲ့ဖူးကြပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်းပေ လုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များသည် တုံ့ပြန်မှုကို မခံရပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။