ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားနောက်လိုက်ခြင်းသည် အဘယ်နည်း

22.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

“ဘုရားသခင်နောက်သို့ အဆုံးတိုင် လိုက်သောသူသည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်။” ဟူသော နှုတ်ကပတ်တော်များတွင်၊ “နောက်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်မှာ ဒုက္ခဆင်းရဲ အလယ်တွင် မားမားမတ်မတ် ရပ်တည်ခြင်း ဖြစ်သည်။ ယနေ့တွင် လူများစွာတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းက လွယ်ကူသည်ဟု ထင်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ အမှု အဆုံးသတ်ခါနီးတွင်၊ “နောက်တော်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်အမှန်ကို သင်သိလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးနောက် ယနေ့ ဘုရားသခင်နောက်သို့ လိုက်နိုင်သေးရုံမျှဖြင့်၊ ဤအရာက သင်သည် စုံလင်အောင် ပြုလုပ်ခြင်းခံရမည့် လူအများထဲမှ တစ်ဦးဖြစ်သည်ဟု သက်သေမပြပေ။ စမ်းသပ်မှုများကို မခံနိုင်သည့် သူများ၊ ဒုက္ခဆင်းရဲ၏ အလယ်တွင် အောင်နိုင်ခြင်း မရှိသူများသည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်မနေနိုင်ဘဲ၊ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်နှင့်ဆိုင်သည့် စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည့် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကို သင်သိသလော။ ရူပါရုံများမရှိဘဲနှင့် မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်မည်နည်း။ ယနေ့၏အမှုတွင် သင်၌ ရူပါရုံများမရှိပါက၊ သင်သည် စုံလင်ခြင်းခံရဖို့ လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်သူ၌ သင်ယုံကြည်သနည်း။ သူ့ကို သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အဘယ်ကြောင့် သူ့နောက်သို့လိုက်သနည်း။ သင်သည် သင်၏ ယုံကြည်ခြင်းကို ကစားပွဲ တစ်မျိုးကဲ့သို့ မြင်သလော။ သင်၏ အသက်တာကို ကစားစရာ တစ်မျိုးကဲ့သို့ သင် ကိုင်တွယ်နေသလော။ ယနေ့၏ ဘုရားသခင်သည် အကြီးမြတ်ဆုံးသော ရူပါရုံဖြစ်သည်။ သူ့အကြောင်းကို သင်မည်မျှ သိသနည်း။ သူနှင့်ပတ်သက်၍ သင် မည်မျှ တွေ့မြင်ပြီးပြီနည်း။ ယနေ့၏ ဘုရားသခင်ကို တွေ့ပြီးဖြစ်သောကြောင့်၊ သင့်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်သည် ခိုင်မာသလော။ ဤမရေရာသော လမ်းတစ်လျှောက် သင်လိုက်လျှောက်သရွေ့ ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဟု သင်ထင်သလော။ ဗွက်ထူသောရေထဲတွင် ငါးဖမ်း၍ ရနိုင်သည်ဟု သင်ထင်သလော။ ယင်းသည် ဤမျှ ရိုးရှင်းသလော။ ဘုရားသခင် ယနေ့ မိန့်မြွက်သည့် နှုတ်ကပတ်တော်များနှင့် စပ်လျဉ်းသည့် အယူအဆများ မည်မျှကို သင် ဘေးဖယ်ထားပြီးပြီနည်း။ ယနေ့ ဘုရားသခင်၏ ရူပါရုံ သင်၌ရှိသလော။ ယနေ့၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ သိနားလည်မှုသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ သူ့နောက် လိုက်ရုံမျှဖြင့် သို့မဟုတ် သူ့ကို မြင်ရုံမျှဖြင့် သူ့အားက သင်ရရှိနိုင်ပြီး၊ သင့်ကို မည်သူမျှ ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ဟု သင် အမြဲယုံကြည်ထားသည်။ ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ လောကီ ပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင်၊ “ဘုရားသခင်” ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရမည်။ ဤသည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။

၎င်းတို့၌ ပြဿနာမရှိကြသည့်အချိန်တွင်၊ ၎င်းတို့အတွက် အရာရာချောမွေ့နေသည့်အချိန်တွင်၊ လူအများစုက ဘုရားသခင်သည် တန်ခိုးကြီးမားသည်၊ ဖြောင့်မတ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည်ဟု ခံစားကြရသည်။ ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးသည့်အခါ၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ ၎င်းတို့ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားဖို့၊ ဇာတိပကတိကို ကျောခိုင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့ကို သူတောင်းဆိုသည့်အခါ၊ ၎င်းတို့အပေါ် ဘုရားသခင်အမှုပြုပြီး ၎င်းတို့၏ ကံကြမ္မာများနှင့် ၎င်းတို့၏ အသက်တာများအပေါ် စီစဉ်ညွှန်ကြားချိန်ပြီး အုပ်ချုပ်သောအခါ၊ ၎င်းတို့သည် ပုန်ကန်တတ်လာကြပြီး မိမိတို့ကိုယ်ကိုနှင့် ဘုရားသခင်ကြားတွင် ခပ်တန်းတန်းဖြစ်မှုများကို ဖန်တီးကြလေသည်၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှုနှင့် ကွာဟချက်တစ်ခု ဖန်တီးကြလေသည်။ ထိုသို့သောအချိန်ကာလများတွင်၊ ၎င်းတို့၏ စိတ်နှလုံးများ၌၊ ဘုရားသခင်သည် အနည်းငယ်မျှ ချစ်ခင်ဖွယ် မဖြစ်ပေ။ သူလုပ်ဆောင်သည့်အရာက ၎င်းတို့၏ စိတ်ဆန္ဒကို မဖြည့်ဆည်းသည့်အတွက် သူသည် လုံးဝ တန်ခိုးမကြီးမားပေ။ ဘုရားသခင်က ၎င်းတို့ကို ဝမ်းနည်းစေသည်။ ၎င်းတို့ကို သူစိတ်ပျက်စေသည်။ သူသည် ၎င်းတို့ထံ နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို ဆောင်ကြဉ်းသည်။ သူသည် ၎င်းတို့ကို နေမထိထိုင်မထိ ဖြစ်စေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းမရှိကြပေ၊ ထိုအစား သူ့ကို ပုန်ကန်ကာ ရှောင်ရှားကြလေသည်။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနောက် လိုက်နေကြခြင်း ဖြစ်သလော။ ဘုရားသခင်နောက် ၎င်းတို့လိုက်ကြသလော။ မလိုက်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မည်မျှများပြားသည်ဖြစ်စေ၊ ပြီးလျှင် ယခင်က သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သင်မည်မျှပြုမူခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်ဖြစ်စေ၊ သမ္မာတရားကို သင်အမှန်တကယ် လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံပါက၊ သူစီစဉ်ညွှန်ကြားသည့် အရာတိုင်းတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ပါက၊ သူ၏အလိုတော်ကို ရှာဖွေနိုင်ပါက၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏အလိုတော်နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ကျိုးနွံနာခံဖို့ ကြိုးစားပြီး သင်၏ကိုယ်ပိုင်အလို၊ စိတ်ဆန္ဒများ၊ စဉ်းစားဆင်ခြင်ခြင်းများ၊ အရင်းခံအကြောင်းရင်းများနှင့် ဘုရားသခင်ကို မုန်းတီးမှုတို့အား ဘေးဖယ်ထားနိုင်ပါက- ထိုအခါမှသာ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း ဖြစ်၏။ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသော်လည်း၊ သင်လုပ်ဆောင်သမျှအားလုံးတွင် သင်၏ကိုယ်ပိုင်အလိုအတိုင်း သင်လုပ်ဆောင်သည်။ သင်လုပ်ဆောင်သမျှတိုင်းတွင်၊ သင်၌ သင်၏ကိုယ်ပိုင်ရည်မှန်းချက်များ၊ သင်၏ကိုယ်ပိုင်အစီအစဉ်များရှိသည်။ သင်သည် ယင်းကို ဘုရားသခင်အား လုပ်ဆောင်ခွင့်မပေးပေ။ သို့ဆိုလျှင် ဘုရားသခင်သည် သင်၏ဘုရားသခင် ဖြစ်နေဆဲလော။ ဘုရားသခင်က သင်၏ဘုရားသခင် မဟုတ်ပါက၊ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသည့်အခါ ဤသည်တို့မှာ အနှစ်မဲ့သော စကားများဖြစ်သည် မဟုတ်လော။ ထိုသို့သော စကားများသည် လူတို့ကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏လုပ်ရပ်များနှင့် အပြုအမူများ၊ ဘဝနှင့်ပတ်သက်သည့် သင်၏အမြင်၊ သင်၏တန်ဖိုးများ၊ သင်၏သဘောထားနှင့် ကိစ္စရပ်များကို သင်ချဉ်းကပ်‌ပြီး ကိုင်တွယ်သည့် အခြေခံမူအားလုံးတို့သည် စာတန်ထံမှ လာပေသည်- သင်သည် ဤအရာအားလုံးကို စာတန်၏ အခြေခံမူများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့နှင့်အညီ လုံးဝကိုင်တွယ်ပေသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်နောက် လိုက်သလော။

...ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကိုနာခံခြင်း၊ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မလက်ခံသကဲ့သို့ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင်လက်မခံပေ။ သင်သည် ဘုရားသခင်လုပ်ဆောင်သည့်အရာအပေါ် အယူအဆများ အမြဲရှိပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်အမြဲနားလည်မှုလွဲကာ ယင်းနှင့်ပတ်သက်၍ အမြဲစောဒကတက်ပါက၊ သင်သည် အမြဲမကျေမနပ်ဖြစ်ပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ အသုံးပြုရင်း အမြဲအကဲဖြတ်ကာ ချဉ်းကပ်ပါက၊ သင်၌ သင်၏ကိုယ်ပိုင်သိနားလည်မှုများ အမြဲရှိပါက- ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေခြင်း မဟုတ်သကဲ့သို့ သင်၌ သူ့နောက် အမှန်တကယ် လိုက်ရန် နည်းလမ်းမရှိပေ။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်း မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

အသင်းတော်တစ်ခုအတွင်းရှိ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဆင့်သည် မည်သို့ရှိပါစေ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ဖို့နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိဖို့အလို့ငှာ ၎င်းတို့ကို အစဉ်ကိုးကွယ်ပြီး ၎င်းတို့အပေါ် မှီခိုပါက ဤတွန်းအားသည် ယင်းကိုယ်နှိုက်က မှားယွင်းနေသည်။ ခေါင်းဆောင်များအကြားတွင် ၎င်းတို့၏ရာထူးအဆင့်က မည်သို့ရှိပါစေ ၎င်းတို့သည် သာမန်လူများ ဖြစ်ဆဲဖြစ်ပြီး သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက၊ သင့်ထက် ၎င်းတို့က မြင့်မားကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ ထူးကဲကြောင်း၊ သို့မဟုတ် သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက ယင်းမှာ မှားယွင်းသည်- ယင်းမှာ သင်၏ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို ဖြစ်စေသနည်း။ ဤထင်ယောင်ထင်မှားဖြစ်မှု၊ ချွတ်ယွင်းနေသော ဤနားလည်သဘောပေါက်မှုသည် သင့်ကို လက်တွေ့အရှိတရားနှင့်မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရားများ ဖြစ်လာကြသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်နှင့် ခံ့ညားဝင့်ထည်သောဟန်ဆိုသည်တို့၏၊ သို့မဟုတ် ၎င်းတို့၏ အရည်အချင်းများနှင့် ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ပါဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏ကိုးကယ်ခြင်းခံရသူ၊ သင်၏အတုယူစံထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။ ဘုရားသခင်နှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း သင်ထွက်သွားစဉ်တွင်ပင် သင်သည် ဘုရားသခင်နောက်ကို လိုက်နေကြောင်း၊ ဘုရားသခင်၏အိမ်တော်တွင် ရှိနေကြောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိနေကြောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ သို့သော် မသိလိုက်ဘဲနှင့် သင်သည် စာတန်၏ဖျက်ဆီးခြင်း၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ဖျက်ဆီးခြင်းကိုပင် ခံထားရသူ တစ်စုံတစ်ယောက်၏ ဆွဲယူသွားခြင်းကို ခံရပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းဖို့အလို့ငှာ သင်သည် အန္တိခရစ်များ၏ စိတ်သဘောထားအမျိုးမျိုးနှင့် ၎င်းတို့ဆောင်ရွက်စီမံသည့် နည်းလမ်းများအပြင် ၎င်းတို့လုပ်ဆောင်ချက်များ၊ ၎င်းတို့အသုံးပြုတတ်သည့် နည်းစနစ်များနှင့် လှည့်ကွက်များ၏ သဘာဝကိုလည်း တိကျမှန်ကန်စွာ နားလည်နိုင်ပြီး ပိုင်းခြားသိမြင်နိုင်ရမည်ဖြစ်သည်။ မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့်လည်း သင်အစပြုရမည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း လူကို ကိုးကွယ်ခြင်းသည် မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ အချို့က “ကျွန်ုပ်ကိုးကွယ်သည့် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်၌ အကြောင်းပြချက်များ ရှိသည်- ကျွန်ုပ်ကိုးကွယ်သည့် သူများသည် ကျွန်ုပ်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည်” ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဘယ့်ကြောင့် လူကို မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါ သင့်ကို ကယ်တင်မည့်သူမှာ မည်သူနည်း။ သင့်ကို အမှန်တကယ်ချစ်ပြီး ကွယ်ကာသူမှာ မည်သူနည်း- သင်အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်နောက်ကို လိုက်ပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြုမူကာ သမ္မာတရား အခြေခံသဘောတရားများနှင့် ကိုက်ညီပါက သမ္မာတရားကို နာခံခြင်းသည် သင့်အတွက် မလုံလောက်သလော။ သင်သည် အဘယ့်ကြောင့် အလွန်ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင်ရှာဖွေသည်- သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ လူတစ်ယောက်၌ အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိကို ဤအရာ၌ ကြည့်လော့။ လူအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ခွဲခြားသည့် သမ္မာတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်လျက်၊ ဖြစ်ရပ်အမျိုးအစားအသီးသီးနှင့် လူအမျိုးအစားအသီးသီးတို့ ထင်ရှားပြသည့် နည်းလမ်းများအားလုံးကို ပိုင်းခြားသိမြင်မှု ဖွံ့ဖြိုးတိုးပွားအောင် ပြုလုပ်လျက်၊ ကိစ္စများအားလုံးတွင် မည်သည့်သဘာဝနှင့် စိတ်သဘောထားတို့ကို ထုတ်ဖော်နေသည်ကို သိလျက် သင်သည် မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် စတင်သင့်သည်။ သင်သည် မည်သည့်လူစားမျိုးဖြစ်သည်၊ သင့်အနီးတစ်ဝိုက်ရှိ လူများသည် မည်သည့်လူစားမျိုးဖြစ်သည်နှင့် မည်သည့်လူစားမျိုးက သင့်ကို ဦးဆောင်နေသည်တို့ကိုလည်း သင်နားလည်ရမည်ဖြစ်သည်။ ၎င်းတို့ကို တိကျမှန်ကန်စွာ သဘောထားနိုင်ရမည်။ သင်သည် သမ္မာတရားကို ယူတင်ဝတ်ဆင်ပြီးသွားလျှင် ဤသို့သောဝိညာဉ်ရင့်ကျက်မှုဖြင့်ဆိုပါက အန္တိခရစ်များ၏ လှည့်ကွက်များကို အလွယ်တကူ ယုံစားမည် မဟုတ်သကဲ့သို့ ၎င်းတို့၏ လှည့်စားမှုများကို သင်ကြောက်လိမ့်မည်လည်း မဟုတ်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့က ခိုးကြောင်ခိုးဝှက် လုပ်ဆောင်သည်၊ တစ်ကိုယ်ကောင်းဆန်စွာ၊ အာဏာရှင်ဆန်စွာ ပြုမူသည်၊ လူတို့နှင့် မည်သည့်အခါမျှ မိတ်သဟာယမပြုဘဲ လူတို့ကို အဓမ္မနာခံစေသည်” မှ

အသင်းတော်တွင် လူမည်မျှသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပါစေ၊ ၎င်းတို့သည် နှစ်ယောက်ဖြစ်စေ၊ ဒါဇင်နှင့်ချီသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ၎င်းတို့ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံနေခြင်းမရှိဘဲ၊ ဘုရားအမှုတော်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ဘုရားအမှုတော်တွင် ပါဝင်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ဘာသာရေး အုပ်စုတစ်စု ဖြစ်လာသည်။ ဤလူများသည် အန္တရာယ်ကြီးစွာ ကြုံနေရသည် မဟုတ်လော။ ၎င်းတို့သည် ပြဿနာများဖြင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မပြုမူကြဘဲ၊ လူသားများ၏ စီစဉ်မှုများနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ခံကြရသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ မည်သည့်အခါမျှ ဆုမတောင်းသကဲ့သို့ သမ္မာတရား အခြေခံသဘောတရားများကို မရှာဖွေကြသည့်သူများစွာပင် ရှိသည်။ ၎င်းတို့သည် အခြားသူများကိုသာ မေးမြန်းပြီး အခြားသူများ အရိပ်ပြသည့်အပေါ် လိုက်ပြုမူလျက် အခြားသူများ ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ အခြားသူများက မည်သည့်နေရာကို ညွှန်ပြသည်ဖြစ်စေ ၎င်းတို့က ထိုနေရာသို့ သွားကြသည်။ ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားရှာဖွေခြင်းသည် မရေမရာနှင့် ဒုက္ခများတတ်ကြောင်း၊ အခြားသူများအပေါ်မှီခိုပြီး အခြားသူများ ပြောသည့်အရာကို လုပ်ဆောင်ခြင်းကမူ လွယ်ကူပြီး လက်တွေ့အကျဆုံး ဖြစ်ကြောင်း ခံစားရသောကြောင့်၊ အခြားသူများကို မေးမြန်းပြီး အရာရာတွင် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရင်း အရိုးစင်းဆုံးနှင့် ဒုက္ခမရောက်ဆုံး အရာကို ၎င်းတို့လုပ်ဆောင်ကြသည်။ အကျိုးဆက်အနေဖြင့် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေကာ ထို့နောက်တွင် သမ္မာတရားအား နားလည်ခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ ပြုမူကျင့်ကြံလျက် ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာကြခြင်းမျိုး တစ်ခါမျှပင် မရှိဖူးပေ— ၎င်းတို့၌ ထိုကဲ့သို့သော အတွေ့အကြုံတစ်ခု မည်သည့်အခါမျှ မရှိဖူးပေ။ ထိုသို့သော လူများသည် ဘုရားသခင်အား ယုံကြည်မှုကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသလော။ ငါတွေးမိသည်— တစ်စုံတစ်ဦးသည် အုပ်စုတစ်စုအဝင်ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ်မှ လူကို ယုံကြည်သူတစ်ဦးအဖြစ်၊ ပြီးလျှင် ဘုရားသခင်နောက် လိုက်သူတစ်ဦးအဖြစ်မှ လူနောက်သို့ လိုက်သူ တစ်ဦးအဖြစ် ပုံသဏ္ဌာန်အရ ချက်ချင်းပြောင်းလဲသွားရန် အဘယ့်ကြောင့် လွယ်ကူရသနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် အလွန်လျင်မြန်စွာ ပြောင်းလဲကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင်၊ ထိုနည်းလမ်းဖြင့် အဘယ့်ကြောင့် ပြုမူကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ဤနှစ်များတစ်လျှောက်လုံး ယုံကြည်ပြီးဖြစ်သော်လည်း၊ ထူးခြားစွာပင် ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါမျှ နေရာမရခဲ့ပေ။ ၎င်းတို့၌ ဘုရားသခင်နှင့် မည်သည့်ဆက်နွှယ်မှုမျှ လုံးဝမရှိဖူးပေ။ ၎င်းတို့၏ လုပ်ရပ်များ၊ စကားများ၊ ၎င်းတို့၏အသက်တာ၊ အရေးကိစ္စများကို ၎င်းတို့၏စီမံခြင်းနှင့် ကိုင်တွယ်ခြင်း၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အတွက် ၎င်းတို့၏အစေခံခြင်း၌ပင်လျှင်— ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံး၊ ၎င်းတို့ထုတ်ဖော်သမျှ အပြုအမူအားလုံး၊ ၎င်းတို့ဖော်ပြသည့် အရာအားလုံးနှင့် ၎င်းတို့၏ အတွေးအခေါ်တိုင်း၊ သို့မဟုတ် စိတ်ကူးတိုင်း၌ပင်လျှင်— ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာရှိသည့်အရာ ဘာတစ်ခုမျှမရှိပေ။ ထို့ကြောင့် ဤလူသည် စစ်မှန်သော ယုံကြည်သူများထဲမှ တစ်ဦးဖြစ်သလော။ တစ်စုံတစ်ဦး၏ယုံကြည်မှု နှစ်ကာလစုစုပေါင်းသည် ဘုရားသခင်ကို ၎င်းတို့ယုံကြည်ခြင်းအရာ၌ ၎င်းတို့၏ဝိညာဉ်ရင့်ကျက်မှုက မည်မျှကြီးမားသည်ကို ထုတ်ဖော်ပြသလော။ ယင်းက ၎င်းတို့၌ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေး ရှိမရှိ၏ သက်သေဖြစ်သလော။ လုံးဝ မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း မည်သူ့ကို သူတို့အမှန်တကယ် လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။ သင်၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးဖြစ်သည်ဆိုသည်မှာ သူ၏ ချီးမွမ်းခြင်းကို သင် ခံရခြင်း ရှိမရှိ ဆိုသည့်အရာအဖို့ အရေးကြီးသလော။ သင် လိုက်နာသည့် ဘာသာဓလေ့များနှင့် စည်းကမ်းများသည် အရေးကြီးသလော။ ဘုရားသခင်သည် လူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များကို ကြည့်သလော။ လူပေါင်း မည်မျှရှိသည်ကို သူ ကြည့်သလော။ သူသည် လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုကို ရွေးချယ်ပြီးဖြစ်၏။ ၎င်းတို့ ကယ်တင်ခံရနိုင်ပြီး ကယ်တင်ခံရသင့်သည်ကို သူ မည်သို့ တိုင်းတာသနည်း။ သူသည် ဤဆုံးဖြတ်ချက်ကို ဤလူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများအပေါ် အခြေပြု၏။ ကျေးဇူးတော်ခေတ်တွင်၊ လူတို့ကို ဘုရားသခင် ပြောပြခဲ့သည့် သမ္မာတရားများသည် ယနေ့ထက် လျော့နည်းပြီး ယနေ့လောက် မတိကျသော်လည်း၊ သူသည် ထိုအချိန်တွင် လူတို့ကို စုံလင်စေနိုင်ဆဲဖြစ်ကာ ကယ်တင်ခြင်းသည် ဖြစ်နိုင်ဆဲဖြစ်ခဲ့သည်။ ထို့ကြောင့် သမ္မာတရား မြောက်မြားစွာ ကြားဖူးပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီဖြစ်သော ဤမျက်မှောက်ခေတ်လူများအနေဖြင့်၊ သူတို့သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းမရှိသည့်အပြင် ကယ်တင်ခြင်းလမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏နောက်ဆုံးရလဒ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ ဆက်၍လိုက်နေပြီး အဆုံး၌ သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ဤလူများသည် စာစောင်များနှင့် သြဝါဒ အကြောင်းများကို များစွာပြောနိုင်ကြကာ၊ သမ္မာတရား မြောက်မြားစွာကို နားလည်လာကြပြီဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတစ်ခုအဖြစ်၊ လူတစ်စုသာသာအဖြစ်၊ လူအဖွဲ့တစ်ဖွဲ့အဖြစ်နှင့် စာတန်အတွက် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် ဘုရားသခင်သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် သုတ်သင်ပယ်ရှင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားသော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် သုတ်သင်ဖယ်ရှင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို သုတ်သင်ဖယ်ရှင်းခြင်းခံရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “သူ့အား” ဆိုသည့် စကားလုံး မပါဝင်ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးကို မည်သို့ ခွဲခြားနိုင်သနည်း၊ ပြီးလျှင် သူ၏ ဝိသေသလက္ခဏာများမှာ အဘယ်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊...

နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်း ရှိမရှိ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌...

သမ္မာတရားနှင့် သမ္မာတရားကို အမှန်တကယ် ဖော်ပြနိုင်သည့်သူတို့ကို သတိပြုမိနိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။