သခင်ယေရှုက လူ့ဇာတိဖြင့် ပြန်ကြွလာပြီးဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်။ သို့ဆိုလျှင် ယခု သခင် အဘယ်မှာနည်း။ သူ့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် မမြင်ရပြီနည်း။ မြင်ခြင်းသည် ယုံကြည်ခြင်းဖြစ်သည်၊ သို့ဖြစ်လျှင် သူ့ကို ကျွန်ုပ်တို့ မမြင်သည့်အချက်က သခင် ပြန်ကြွမလာသေးသည်ကို သက်သေပြပေသည်။ ကျွန်ုပ် မြင်သည့်အခါ ယုံပါမည်။

07.12.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။

ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆-၁၁)

“ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျှက်၊ ‘သင်တို့၌ငြိမ်သက်ခြင်း ရှိစေ သတည်းဟု မိန့်တော်မူ၏။’ ထိုအခါ သောမအား၊ ‘သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။’ သောမကလည်း၊ ‘အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။’ ယေရှုကလည်း၊ ‘သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။’” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၆-၂၉)

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

“သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” (ရောမသြဝါဒစာ ၁၀:၁၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောက်ဆုံးသော ကာလအတွင်းတွင် သမ္မာတရား၏ ဝိညာဉ်တော်ကို လူသားအပေါ် အပ်နှင်းလိမ့်မည်ဟု ယေရှုက ကြေညာခဲ့သည်။ နောက်ဆုံးသောကာလသည် ယခု ရောက်ပြီ ဖြစ်၏။ သမ္မာတရား၏ ဝိညာဉ်တော်သည် နှုတ်ကပတ်တော်များအား မည်သို့ဖော်ပြသည်ကို သင်နားလည်သလော။ သမ္မာတရား၏ ဝိညာဉ်တော်သည် မည်သည့်နေရာတွင် ပေါ်ထွန်းပြီး အမှုပြုသနည်း။ ပရောဖက် ဟေရှာယ၏ အနာဂတ္တိကျမ်းထဲတွင် ယေရှုဟုအမည်ရသည့် သူငယ်သည် ဓမ္မသစ်ကျမ်း ခေတ်ကာလတွင် မွေးဖွားလိမ့်မည်ဟု မည်သည့်အခါမျှ မဖော်ပြခဲ့ပေ။ ဧမာနွေလအမည်ရှိ သားယောက်ျား တစ်ဦး မွေးဖွားလိမ့်မည်ဟုမျှသာ ‌ရေးသားထားသည်။ အဘယ်ကြောင့် “ယေရှု” အမည်ကို ဖော်ပြမထားခဲ့သနည်း။ ဓမ္မဟောင်းကျမ်းတွင် မည်သည့်နေရာတွင်မျှ ဤအမည် မပေါ်လာပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်သည် ယေရှု၌ ယုံကြည်ဆဲဖြစ်သနည်း။ သင်၏ မျက်လုံးများဖြင့် သူ့ကို မြင်ပြီးနောက်တွင်သာ ယေရှုကို သင် ဧကန်မုချ စတင်ယုံကြည်ခဲ့ခြင်း မဟုတ်၊ ဟုတ်ပါသလော။ သို့မဟုတ် ဗျာဒိတ်တစ်ခုကို ရရှိသည်နှင့် သင်စတင်ယုံကြည်ခဲ့သလော။ ဘုရားသခင်သည် ထိုသို့သော ကျေးဇူးတော်ကို သင့်အား အမှန်တကယ် ပြမည်လော။ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာကို သင့်အား သူအပ်နှင်းမည်လော။ ယေရှု၌ သင်၏ ယုံကြည်မှု၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယနေ့တွင် ဘုရားသခင် လူ့ဇာတိခံယူပြီးဖြစ်သည်ကို သင်အဘယ်ကြောင့် မယုံကြည်သနည်း။ ဘုရားသခင်ထံမှ သင့်ထံသို့ ဗျာဒိတ် မရှိခြင်းသည် ဘုရားသခင် လူ့ဇာတိမခံယူရသေးသည်ကို သက်သေပြသည်ဟု သင်အဘယ်ကြောင့် ဆိုသနည်း။ ဘုရားသခင်သည် သူ၏အမှုကို စတင်မီ လူတို့ကို အသိပေးရမည်လော။ ၎င်းတို့၏ ထောက်ခံချက်ကို သူ ဦးစွာ ရရှိရမည်လော။ မွေးကင်းစ သားယောက်ျားလေးတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟုသာ ဟေရှာယက ကြွေးကြော်ခဲ့သည်။ မာရိအနေဖြင့် ယေရှုကို မွေးဖွားပေးလိမ့်မည်ဟု သူ မည်သည့်အခါတွင်မျှ ပရောဖက်မပြုခဲ့ပေ။ မာရိမှ မွေးဖွားသော ယေရှု၌ သင်၏ ယုံကြည်မှုကို မည်သည့်အရာတွင် သင် အတိအကျ အခြေပြုသနည်း။ သင်၏ယုံကြည်မှုသည် ဧကန်မုချ ရှုပ်ထွေးနေသည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

သခင်ယေရှု လက်ဝါးကပ်တိုင်၌ သံမှိုရိုက်နှက်မခံရမီတွင်၊ သောမက သူသည် ခရစ်တော် ဖြစ်ခဲ့သည်ဆိုသည်ကို အမြဲသံသယထားခဲ့ပြီး သူ့ကို ယုံကြည်နိုင်စွမ်း မရှိခဲ့ပေ။ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းသည် သူ့မျက်လုံးနှင့် သူမြင်နိုင်သည့်အရာအပေါ်၊ သူ၏ကိုယ်ပိုင်လက်နှင့် ထိတွေ့နိုင်သည့်အရာအပေါ်မှာသာ အခြေခံ၍ တည်ဆောက်ခဲ့သည်။ သခင်ယေရှုသည် ဤလူစားမျိုး၏ ယုံကြည်မှုအပေါ် ကောင်းကောင်း သိနားလည်မှုရှိခဲ့သည်။ ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး ဘုရားသခင် စေလွှတ် လိုက်သောသူ၊ သို့မဟုတ် လူ့ဇာတိခံယူသော ခရစ်တော်ကို လုံးဝမယုံကြည်ခဲ့ကြသကဲ့သို့ သူ့ကို လက်မခံခဲ့ကြပေ။ သောမအတွက် သခင်ယေရှု၏ တည်ရှိမှုနှင့် သူသည် အမှန်တကယ် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည် ဆိုသည်ကို သူအသိအမှတ်ပြုကာ ယုံကြည်ဖို့ရန်အလို့ငှာ၊ သူသည် သောမကို သူ၏လက်အား လှမ်းကာ သူ၏နံရိုးကို ထိခွင့်ပြုခဲ့သည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်မီနှင့် ရှင်ပြန်ထမြောက်ပြီးနောက်တွင် သောမ၏ သံသယဝင်ခြင်းသည် တစ်ခုတစ်လေ ကွဲပြားမှုရှိသလော။ သူသည် အမြဲတမ်း သံသယဝင်နေပြီး သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက သူ့ထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်လာခြင်းနှင့် သူ၏ကိုယ်ခန္ဓာပေါ်ရှိ သံရိုက်ရာတို့ကို သူ့အား ထိစေခြင်းကလွဲ၍၊ မည်သူကမျှ သူ၏သံသယများကို ဖြေရှင်းပေးကာ ၎င်းတို့ကို သူ့အား လက်လွှတ်စေနိုင်ဖို့ မဖြစ်နိုင်ခဲ့ကြချေ။ ထို့ကြောင့် သခင်ယေရှုက သူ၏နံရိုးကို သောမအား ထိခွင့်ပေးပြီး သူ့ကို သံရိုက်ရာတို့၏ တည်ရှိခြင်းက အမှန်တကယ် ခံစားစေခဲ့သောအချိန်ကစ၍ သောမ၏ သံသယတို့သည် ပျောက်ကွယ်သွားခဲ့ပြီး သခင်ယေရှု ရှင်ပြန်ထမြောက်ခဲ့ပြီး ဖြစ်သည်ကို သူ အမှန်တကယ် သိခဲ့ကာ၊ သခင်ယေရှုသည် စစ်မှန်သော ခရစ်တော်နှင့် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုကာ ယုံကြည်ခဲ့သည်။ ဤအချိန်တွင် သောမသည် သံသယမရှိတော့သော်လည်း၊ သူသည် ခရစ်တော်နှင့်တွေ့ဆုံရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ သူနှင့် အတူရှိရန်၊ သူ့နောက်ကိုလိုက်ရန်၊ သူ့ကိုသိရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ခရစ်တော်က သူ့ကို စုံလင်စေမည့် အခွင့်အရေးကို သူဆုံးရှုံးခဲ့ပြီးဖြစ်သည်။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် သံသယများနှင့် ပြည့်နေသော သူတို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့် အဆုံးသတ်တစ်ခုကို ထောက်ပံ့ပေးခဲ့သည်။ သံသယရှိသူတို့ကို ပြောပြရန်၊ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကို မယုံကြည်သောသူတို့ကို ပြောပြရန် သူသည် သူ၏ တကယ့် နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်တို့ကို အသုံးပြုခဲ့သည်- ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်မှုကို မချီးကျူးခဲ့သကဲ့သို့၊ သူ့ကို သံသယ ထားနေရင်း သူ့နောက် လိုက်ခြင်းအတွက်လည်း ၎င်းတို့ကို မချီးကျူးခဲ့ပေ။ ဘုရားသခင်နှင့် ခရစ်တော်ကို ၎င်းတို့ အပြည့်အဝ ယုံကြည်နိုင်သော နေ့သည် ဘုရားသခင်က သူ၏ ကြီးမြတ်သောအမှုတော်ကို ပြည့်စုံစေသောနေ့သာ ဖြစ်နိုင်ပေသည်။ ဟုတ်ပေ၏၊ ထိုနေ့သည် ၎င်းတို့၏ သံသယအပေါ် အဆုံးအဖြတ် ပြုလုပ်သော နေ့လည်း ဖြစ်ခဲ့ပေသည်။ ခရစ်တော်အပေါ်မှာထားသော ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ ကံကြမ္မာကို သတ်မှတ်ပြီး ၎င်းတို့၏ ခေါင်းမာသော သံသယများက ၎င်းတို့ယုံကြည်ခြင်းသည် အကျိုးမဖြစ်ထွန်းသည်ကို ဆိုလိုခဲ့ကာ၊ ၎င်းတို့၏ မာကျောခြင်းက ၎င်းတို့မျှော်လင့်ချက်များ အချည်းနှီး ဖြစ်သည်ကို ဆိုလိုခဲ့ပေသည်။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်ခြင်းက အတွေးမှားတို့ကို မှီကာ ရှင်သန်ကြီးထွားသကဲ့သို့၊ ခရစ်တော်အပေါ် ၎င်းတို့၏ သံသယသည် အမှန်တကယ် ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထား ဖြစ်သောကြောင့်၊ ၎င်းတို့သည် သခင်ယေရှု၏ ကိုယ်ခန္ဓာပေါ်က သံရိုက်ရာတို့ကို ထိတွေ့ခဲ့ရသော်လည်း၊ ၎င်းတို့၏ ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်ဆဲဖြစ်ကာ ၎င်းတို့၏ ရလဒ်တို့ကို ခြင်းကြားဖြင့် ရေသယ်ခြင်းအဖြစ်သာ ဖော်ပြနိုင်ပေသည်- အားလုံးအချည်းနှီး ဖြစ်သည်။ သခင်ယေရှုက သောမကို ပြောခဲ့သောအရာသည် လူတိုင်းကိုလည်း ရှင်းရှင်းလင်းလင်း သူပြောပြသည့် နည်းလမ်း ဖြစ်သည်။ ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှုသည် လူသားမျိုးနွယ်အလယ် အမှုတော်ကို ဆောင်ရွက်ရင်း သုံးဆယ့်သုံးနှစ်ခွဲ ကုန်ဆုံးခဲ့သော သခင်ယေရှုဖြစ်သည်။ သူသည် ကားတိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရပြီး သေမင်းအရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကို ကြုံတွေ့ခဲ့ရသော်လည်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သူ ကြုံတွေ့ခဲ့ရသော်လည်း၊ သူသည် မည်သည့် သွင်ပြင်လက္ခဏာတွင်မျှ ပြောင်းလဲမှု မကြုံခဲ့ရပေ။ ယခု သူသည် သူ၏ကိုယ်ခန္ဓာ၌ သံရိုက်ရာတို့ရှိသော်လည်း၊ သူသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီး အုတ်ဂူထဲမှ ထွက်ခဲ့ပြီး ဖြစ်သော်လည်း၊ သူ၏စိတ်သဘောထား၊ လူသားမျိုးနွယ်နှင့် ဆိုင်သည့် သူ၏သိနားလည်မှုနှင့် လူသားမျိုးနွယ် အပေါ် သူ၏ ရည်ရွယ်ချက်တို့သည် အနည်းငယ်မျှ မပြောင်းလဲခဲ့လေပြီ။ ထို့အပြင် သူသည် လက်ဝါးကပ်တိုင်မှ ဆင်းခဲ့ပြီးဖြစ်သည်၊ အပြစ်တရားကို အောင်နိုင်ခဲ့ပြီးဖြစ်သည်၊ အခက်အခဲတို့ကို အောင်နိုင်ခဲ့ပြီး ဖြစ်ကာ၊ သေခြင်းကို အောင်နိုင်ခဲ့ပြီး ဖြစ်သည်ကိုလည်း လူတို့ကို ပြောပြနေခဲ့သည်။ သံရိုက်ရာတို့က စာတန်အပေါ် သူ၏ အောင်နိုင်မှု သက်သေအထောက်အထား၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အောင်မြင်စွာ ရွေးနုတ်ရန် အပြစ်ဖြေရာယဇ် ဖြစ်ခြင်း၏ သက်သေအထောက်အထား ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ အပြစ်ကို ယူဆောင်နှင့်ပြီး ဖြစ်ကာ သူ၏ ရွေးနုတ်ခြင်းအမှုတော်ကို ပြည့်စုံစေခဲ့ပြီး ဖြစ်သည်ကို လူတို့အား ပြောပြနေခဲ့သည်။ သူ၏ တပည့်တော်တို့ကို တွေ့ရန် သူပြန်လာခဲ့ချိန်တွင်၊ သူ၏ ပေါ်ထွန်းခြင်းအားဖြင့် ဤသတင်းစကားကို ၎င်းတို့အား ပြောပြခဲ့သည်- “ငါသည် အသက်ရှင်ဆဲ၊ တည်ရှိဆဲဖြစ်သည်။ ယနေ့ သင်တို့သည် ငါ့ကို မြင်နိုင်ပြီး ထိတွေ့နိုင်ရန်အလို့ငှာ သင်တို့ရှေ့တွင် ငါအမှန်တကယ် ရပ်နေသည်။ ငါသည် သင်တို့နှင့်အတူ အမြဲရှိလိမ့်မည်။” သခင်ယေရှုသည် အနာဂတ် လူတို့အတွက် သတိပေးချက်အနေနှင့်လည်း သောမ၏ ကိစ္စရပ်ကို အသုံးပြုချင်ခဲ့သည်။ သင်သည် သခင်ယေရှုကို ယုံကြည်ခြင်း၌ သူ့ကို သင် မမြင်နိုင်သကဲ့သို့ မထိတွေ့နိုင်သော်လည်း၊ သင်၏ စစ်မှန်သော ယုံကြည်ခြင်းကြောင့် သင်သည် ကောင်းချီးမင်္ဂလာ ခံစားရသကဲ့သို့၊ သင်သည် သင်၏ စစ်မှန်သော ယုံကြည်ခြင်းကြောင့် သခင်ယေရှုကို မြင်နိုင်ကာ၊ ဤလူစားမျိုးသည် ကောင်းချီးခံစားရပေသည်။

သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် သခင်ယေရှုက သောမထံ ပေါ်လာသောအချိန်၌ ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များသည် ကျေးဇူးတော်ခေတ်၌ရှိသော လူအားလုံးအတွက် ကြီးမားသော အထောက်အကူဖြစ်သည်။ သောမထံ သူ၏ ပေါ်လာခြင်းနှင့် သောမကို ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် နောင်လာသည့် မျိုးဆက်တို့အပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ရှိခဲ့သည်။ ၎င်းတို့သည် ထာဝရတည်တံ့သည့် အဓိပ္ပာယ် ကိုင်စွဲထားလေသည်။ သောမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဘုရားသခင်ကို သံသယဝင်သော လူအမျိုးအစားကို ကိုယ်စားပြုသည်။ ၎င်းတို့သည် သံသယဝင်တတ်သော သဘာဝရှိကြသည်၊ အန္တရာယ်ပေးတတ်သော နှလုံးသားများ ရှိသည်၊ ဖောက်ပြန်တတ်ပြီး၊ ဘုရားသခင် ပြီးမြောက်စေနိုင်သော အရာတို့ကို မယုံကြည်ကြပေ။ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သူ၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ကိုလည်း မယုံကြည်ကြပေ။ သို့သော်လည်း သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ၎င်းတို့ရှိသည့် ဤလက္ခဏာများကို လုံးလုံး ဆန့်ကျင်ပြီး ယင်းက ၎င်းတို့အား မိမိတို့ကိုယ်တိုင်၏ သံသယတို့ကို ရှာဖွေတွေ့ရှိရန်၊ ၎င်းတို့ကိုယ်တိုင်၏ သံသယတို့ကို သတိပြုမိရန်နှင့် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်မှုကို အသိအမှတ်ပြုရန်ကိုလည်း ထောက်ပံ့ပေးသည်၊ ထိုသို့ဖြင့် သခင်ယေရှု၏ တည်ရှိခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းတို့ကို အမှန်တကယ် ယုံကြည် လာစေလေသည်။ သာ၍များသော လူတို့သည် သောမကဲ့သို့ သံသယရှိသူများ မဖြစ်ဖို့ရန်နှင့် ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် သံသယဖြင့် ပြည့်စေပါက၊ အမှောင်ထဲသို့ နှစ်မြှုပ်သွားကြမည်ဖြစ်သည်ကို မိမိတို့ကိုယ်ကိုယ် သတိပေးနိုင်ကြဖို့အလို့ငှာ၊ သောမထံ ဖြစ်ပျက်ခဲ့သည့်အရာသည် နောင်မျိုးဆက်တို့အတွက် သတိပေးချက်နှင့် သတိထားစရာ တစ်ခုဖြစ်ခဲ့သည်။ သင်သည် ဘုရားသခင်နောက်ကို လိုက်သော်လည်း၊ သောမကဲ့သို့ သခင်၏ နံရိုးကို အမြဲ ထိတွေ့လိုပြီး ဘုရားသခင် ရှိမရှိ အတည်ပြုရန်၊ စစ်ဆေးရန်၊ သုံးသပ်ရန် သူ၏ သံရိုက်ရာတို့ကို အမြဲ စမ်းကြည့်ချင်နေပါက၊ ဘုရားသခင်က သင့်ကို စွန့်ပစ်ပါလိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူတို့ကို သောမကဲ့သို့မဖြစ်ရန် တောင်းဆိုပေသည်၊ သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မြင်နိုင်သောအရာကိုသာ ယုံကြည်ခြင်း မဟုတ်ဘဲ၊ ဖြူစင် ရိုးသားသော လူများ ဖြစ်ရန်၊ ဘုရားသခင်အပေါ် သံသယများ မသိုထားဘဲ သူ့ကို ယုံကြည်ပြီး သူ့နောက်ကိုသာ လိုက်စေလိုသည်။ ဤကဲ့သို့သော လူများသည် ကောင်းကြီး ခံစားရပေ၏။ ဤသည်မှာ လူတို့အပေါ် သခင်ယေရှု ပြုသည့် အလွန်သေးငယ်သော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး သူ၏ နောက်လိုက်များအတွက် သတိပေးချက်တစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

ယောဘသည် ဘုရားသခင်အကြောင်းကို နားနှင့်ကြားရ၏

ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။

ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကို မမြင်ရ။

ယောဘ ၄၂:၂-၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတား နိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။

ဘုရားသခင်သည် သူ့ကိုယ်သူ ယောဘထံ ထုတ်ဖော်မပြခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်၏

ဤစကားများ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဤနေရာတွင် အမှန်တရားတစ်ခု ရှိသည်ကို သင်တို့ထဲမှ တစ်ဦးတစ်လေက သဘောပေါက်ပြီးပြီလော။ ပထမဦးစွာ ဘုရားသခင် တစ်ပါးရှိသည်ကို ယောဘ မည်ကဲ့သို့ သိရှိခဲ့သနည်း။ ထို့နောက် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဘုရားသခင် အုပ်စိုးသည်ကို သူ မည်သို့ သိရှိခဲ့သနည်း။ ဤမေးခွန်းနှစ်ခုကို အဖြေပေးသော ကျမ်းပိုဒ်တစ်ပိုဒ် ရှိသည်- “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။” (ယောဘ ၄၂:၅-၆) ယောဘသည် ဘုရားသခင်ကို သူ၏မျက်စိဖြင့် မြင်ဖူးခြင်းထက်၊ ဘုရားသခင်အကြောင်းကို ဒဏ္ဍာရီမှ လေ့လာသိရှိခဲ့သည်ကို ဤနှုတ်ကပတ်တော်များမှ ငါတို့သိရသည်။ ဘုရားသခင် နောက်လိုက်လျှောက်သော လမ်းကြောင်းကို သူစတင် လျှောက်လှမ်းခဲ့သည်မှာ ဤအခြေအနေများအောက်၌ ဖြစ်ခဲ့သည်၊ ယင်းနောက်တွင် သူသည် သူ၏အသက်တာထဲနှင့် အရာခပ်သိမ်း အလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူအတည်ပြုခဲ့သည်။ ဤနေရာ၌ မငြင်းနိုင်သော အမှန်တရား တစ်ခုရှိသည်- ထိုအမှန်တရား အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်နိုင်ခြင်းရှိသော်လည်း၊ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာ၌ သူသည် ယနေ့ခေတ် လူများနှင့် တူညီခဲ့သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ၊ ယင်း၏ ဆိုလိုချက်မှာ သူသည် ဘုရားသခင်အကြောင်းကို ကြားဖူးခဲ့သော်လည်း၊ ဘုရားသခင် မည်သည့်နေရာ၌ ရှိခဲ့သည် သို့မဟုတ် ဘုရားသခင် မည်ကဲ့သို့ရှိသည် သို့မဟုတ် ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေခဲ့သည်ကို သူမသိခဲ့ပေ။ ဤအရာအားလုံးသည် ဓမ္မဓိဌာန်မကျသော အကြောင်းရင်းများ ဖြစ်သည်။ ဓမ္မဓိဌာန်ကျကျ ပြောရလျှင်၊ သူသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ့ထံ မည်သည့်အခါမျှ ပေါ်ထွန်းခဲ့ခြင်းမရှိပေ သို့မဟုတ် သူ့ကို စကားပြောခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ယောဘကို စကားမပြောခဲ့ဖူးသော်လည်း သို့မဟုတ် ယောဘကို အမိန့်တစ်ခုတစ်လေ မပေးဖူးခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ခဲ့ပြီးဖြစ်ကာ အရာခပ်သိမ်း အလယ်နှင့် သူ၏နားဖြင့် ဘုရားသခင်အကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီထဲမှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုမြင်ခဲ့ရပြီး ဖြစ်သည်၊ ယင်းနောက်တွင် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အသက်တာကို စတင်ခဲ့လေသည်။ ယင်းမှာ ဘုရားသခင်နောက်သို့ ယောဘ လိုက်လျှောက်ခဲ့သည့် ဇာစ်မြစ်များနှင့် ဖြစ်စဉ်တို့ ဖြစ်ခဲ့ပေသည်။...

ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် ဘုရားသခင်က သူ့ထံမှ ကွယ်ဝှက်သည်ဟူသော အချက်အားဖြင့် တုန်လှုပ်ခြင်း မရှိပေ

သမ္မာကျမ်း၏ အောက်ပါကျမ်းပိုဒ်တွင်၊ ထိုအခါ ယောဘက၊ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။” (ယောဘ ၂၃:၈-၉) ဟု ဆိုလေသည်။ ဤဖြစ်စဉ်၌၊ ယောဘ၏ အတွေ့အကြုံများတွင် ဘုရားသခင်သည် တစ်လျှောက်လုံး သူ့အဖို့ ပုန်းကွယ်ခဲ့ပြီးဖြစ်သည်ကို ငါတို့သိရသည်။ ဘုရားသခင်သည် သူ့ထံ ပွင့်ပွင့်လင်းလင်း ပေါ်မလာခဲ့ဖူးသကဲ့သို့၊ သူ့အား စကားတစ်ခွန်းကိုမျှ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဖူးပေ၊ သို့သော် သူ၏ စိတ်နှလုံးထဲ၌ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့်သက်ဆိုင်၍ စိတ်ချယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ရှေ့၌ လျှောက်လှမ်းနေနိုင်သည်၊ သို့မဟုတ် သူ၏နံဘေး၌ အရေးယူဆောင်ရွက်နေနိုင်ပြီး၊ ဘုရားသခင်ကို သူမမြင်နိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူနှင့်ပတ်သက်သမျှ အရာရာတိုင်းကို အုပ်စိုးရင်း သူ၏ဘေး၌ ရှိခဲ့သည်ဟု အမြဲ ယုံကြည်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ သူ၏ ယုံကြည်ခြင်းအတိုင်း နေနိုင်ခဲ့သည်၊ ယင်းမှာ အခြားမည်သည့်လူမျှ မလုပ်ဆောင်နိုင်ခဲ့သည့် အရာ ဖြစ်သည်။ အဘယ်ကြောင့် ယင်းကို အခြားလူများ မလုပ်နိုင်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောဘထံ စကားမပြောခဲ့သောကြောင့် သို့မဟုတ် သူ့ထံ ပေါ်မလာခဲ့သောကြောင့် ဖြစ်ပြီး၊ အကယ်၍ သူသည် အမှန်တကယ် မယုံကြည်ခဲ့ဖူးပါက၊ သူရှေ့ဆက်သွားနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းထားနိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်မှာ မှန်သည် မဟုတ်လော။ ယောဘက ဤစကားများ ပြောနေသည်ကို သင်ဖတ်ရသည့်အခါ မည်ကဲ့သို့ ခံစားရသနည်း။ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ပြီးလျှင် ဘုရားသခင်ရှေ့၌ သူ၏ဖြောင့်မတ်ခြင်းတို့မှာ စစ်မှန်ပြီး ဘုရားသခင်ဘက်မှ ပုံကြီးချဲ့ပြောခြင်းတစ်ခု မဟုတ်သည်ကို သင် ခံစားရသလော။ ဘုရားသခင်သည် ယောဘအား အခြားလူများနည်းတူ ဆက်ဆံခဲ့ပြီး သူ့ထံ ပေါ်မလာခဲ့သော်လည်း သို့မဟုတ် စကားမပြောခဲ့သော်လည်း၊ ယောဘသည် သူ၏တည်ကြည်မှုကို ဆက်၍ မြဲမြံစွာ ထိန်းသိမ်းဆဲဖြစ်ခဲ့သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ဆဲဖြစ်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို ပြစ်မှားမိမည်ကို သူ၏ ကြောက်ရွံ့မှု အကျိုးဆက်အနေဖြင့် ဘုရားသခင်ရှေ့၌ မီးရှို့ရာယဇ်များကို မကြာခဏ ပူဇော်ဆက်ကပ်ကာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို မမြင်ရဘဲ ဘုရားသခင်အား ယောဘ၏ ကြောက်ရွံ့နိုင်စွမ်းတွင်၊ သူသည် အပြုသဘောဆောင်သော အရာများကို မည်မျှ ချစ်မြတ်နိုးသည်ဆိုသည်နှင့် သူ၏ယုံကြည်ခြင်းက မည်မျှ ခိုင်မာပြီး စစ်မှန်သည်ကို ငါတို့မြင်ကြရသည်။ ဘုရားသခင်သည် သူ့ထံမှ ပုန်းကွယ်ခဲ့သောကြောင့်၊ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းပယ်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသောကြောင့်၊ သူ၏ယုံကြည်ခြင်းကို မဆုံးရှုံးခဲ့သကဲ့သို့ ဘုရားသခင်ကို မစွန့်ပစ်ခဲ့ပေ။ ယင်းအစား အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကွယ်ဝှက်သော အမှုအလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူ နားလည်ခဲ့ပြီး ဖြစ်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် တန်ခိုးကို ခံစားခဲ့ရပြီး ဖြစ်သည်။ ဘုရားသခင် ပုန်းကွယ်ခဲ့သောကြောင့် ဖြောင့်မတ်ခြင်း အပေါ် သူလက်မလျှော့ခဲ့သာမက၊ ဘုရားသခင်သည် မည်သည့်အခါမျှ သူ့ထံ မပေါ်ထွန်းခဲ့သောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို သူမစွန့်ပယ်ခဲ့ပေ။ ယောဘသည် အရာခပ်သိမ်း၏အလယ်၌ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ရှုမြင်ခဲ့နှင့်ပြီးဖြစ်သကဲ့သို့ သူသည် အခြားသူများ မရခဲ့ဖူးသည့် ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကို ရရှိခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ခဲ့သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန် ဘုရားသခင်အား သူ့ထံ ပွင့်လင်းစွာ ပေါ်ထွန်းလာဖို့ မည်သည့်အခါမျှ သူ မတောင်းဆိုခဲ့ပေ။ ဘုရားသခင်သည် ယောဘထံမှ ကွယ်ဝှက်မြဲကွယ်ဝှက် နေခဲ့သော်လည်း၊ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် မည်သည့်အခါမျှ မတုန်လှုပ်ခဲ့ပေ။ ထို့ကြောင့် သူသည် အခြားသူများ မရိတ်သိမ်းခဲ့ဖူးသည့် ဘုရားသခင်၏ လက်ခံခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းခဲ့ရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို နှလုံးမသွင်းခဲ့ကြသောအချက် အတိအကျကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။