သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားကို နားလည်ခြင်းက သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်း ဟုတ်မဟုတ်

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူများစွာတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ရန် တစ်နေ့တခြား စွဲကိုင်ကြသည်မှာ ထိုနှုတ်ကပတ်တော်များထဲမှ ဂန္တဝင်မြောက် ကျမ်းပိုဒ်များအားလုံးကို ၎င်းတို့၏ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုတစ်ခုအလား မှတ်ဉာဏ်ထဲ သေချာစွာ မှတ်သားထားကြသည်အထိ၊ ထို့ပြင် အခြားသူများအား ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေရာအနှံ့ ဟောကြသည်အထိပင် ဖြစ်၏။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို သက်သေခံခြင်းဖြစ်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို သက်သေခံခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က တွေးကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ တကယ့်အသက်တာများထဲသို့ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလျှင် ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့လက်ခံရရှိမည်ဖြစ်ပြီး ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းကို ခံရမည်ဖြစ်ကြောင်း ၎င်းတို့တွေးထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဟောကြားနေစဉ်တွင်ပင် ၎င်းတို့သည် လက်တွေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မလိုက်နာသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့်အရာနှင့် တိုက်ဆိုင် နှိုင်းယှဉ်စစ်ဆေးဖို့ မကြိုးစားနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် လိမ်လည်လှည့်စားမှုအားဖြင့် အခြားသူများ၏ ကြည်ညိုမှုနှင့် ယုံကြည်မှုတို့ကို ရရှိရန်၊ မိမိတို့ဘာသာ စီမံခန့်ခွဲရန်နှင့် ဘုရားသခင်၏ ဘုန်းအသရေကို အလွဲသုံးစားလုပ်ပြီး ခိုးယူရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချကြလေသည်။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် သူ၏ချီးကျူးခြင်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းအားဖြင့် ရလာသည့် အခွင့်အလမ်းကို အမြတ်ထုတ်ဖို့ အချည်းနှီးမျှော်လင့်ကြ၏။ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့သော်လည်း ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ဘုရားသခင်၏ ချီးကျူးခြင်းကို ရရှိနိုင်စွမ်း မရှိရုံသာမက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံစဉ်တွင် ၎င်းတို့လိုက်လျှောက်သင့်သည့် လမ်းခရီးကို ရှာဖွေနိုင်စွမ်း မရှိရုံသာမက၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးစဉ်တွင် မိမိတို့ကိုယ်ကို ထောက်ပံ့နိုင်စွမ်းသော်လည်းကောင်း၊ ပံ့ပိုးနိုင်စွမ်းသော်လည်းကောင်း မရှိရုံသာမက၊ ဤအရာအားလုံးကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်ကို သိကျွမ်းနိုင်စွမ်းသော်လည်းကောင်း၊ မိမိတို့အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သော ရိုသေလေးမြတ်မှု နိုးကြားလာအောင် လုပ်နိုင်စွမ်းသော်လည်းကောင်း မရှိသည်သာမကသေးဘဲ၊ ဆန့်ကျင်ဖက်အားဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများသည်လည်း တိုး၍တိုး၍ နက်ရှိုင်းလာသည်၊ သူ့အပေါ် ၎င်းတို့၏ အယုံအကြည် ကင်းမဲ့မှုများသည်လည်း ပို၍ပို၍ ဆိုးရွားလာသည်၊ ထို့ပြင် သူနှင့်ပတ်သက်သည့် ၎င်းတို့၏စိတ်ကူးများသည်လည်း ပို၍ပို၍ ချဲ့ကားလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများအားဖြင့် ထောက်ပံ့ပြီး လမ်းညွှန်ခံရလျက်၊ ၎င်းတို့သည် ၎င်းတို့နှင့် လုံးဝအံကိုက်ဖြစ်သည့် အနေအထား၌ ရောက်နေသည့်အလား ထင်ရသည်၊ ၎င်းတို့၏ကျွမ်းကျင်မှုများကို အားမစိုက်ရဘဲ သက်သောင့်သက်သာ အသုံးပြုနေကြသည့်အလား၊ အသက်တာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ ဘဝပေးတာဝန်ကို ရှာတွေ့ထားပြီဖြစ်သည့်အလား ထင်ရသည်၊ ထို့ပြင် ၎င်းတို့သည် အသက်တာအသစ်တစ်ခုကို ကြိုးပမ်းရရှိပြီး ကယ်တင်ခံထားရပြီးသည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ရွတ်ဆိုရာတွင် ထိုနှုတ်ကပတ်တော်များက ၎င်းတို့၏နှုတ်လျှာမှ ကျစ်လျစ်ပြည့်စုံစွာ လှိမ့်ဆင်းလာ၍ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည့်အလား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးဖြစ်သည့်အလား၊ ထို့ပြင် ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည့်အလား ထင်ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ၎င်းတို့သည် ဘုရားသခင်နှင့် မကြာခဏ မျက်နှာချင်းဆိုင်တွေ့ရပြီးဖြစ်သည့်အလား ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မကြာခဏ ငိုပွဲများဆင်နွှဲကြသည်ထိ “တို့ထိ” ခံကြရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် “ဘုရားသခင်” ၏ မကြာခဏ ဦးဆောင်လမ်းပြခြင်းကို ခံကြရသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလွန်စိတ်ထက်သန်သော ဂရုဓမ္မပြုမှုနှင့် ကြင်နာသော ရည်ရွယ်ချက်တို့ကို မရပ်မနား နားလည်သဘောပေါက်နေသည်ဟု ထင်ရပြီး၊ တစ်ချိန်တည်းမှာပင် လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏စီမံခန့်ခွဲမှုတို့ကို နားလည်သဘောပေါက်ထားပြီး သူ၏အနှစ်သာရကို သိကျွမ်းထားသည့်အပြင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ထားသည်ဟု ထင်ရသည်။ ဤအခြေခံအုတ်မြစ်ပေါ် အခြေပြု၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ပို၍ပင် ခိုင်မာစွာ ယုံကြည်နေကြပုံရကာ၊ သူ၏ချီးမြှောက်ခံရသည့် အခြေအနေကို ပို၍သတိပြုမိကြပြီး၊ သူ၏ကြီးကျယ်ခမ်းနားခြင်းနှင့် ထူးကဲသာလွန်ခြင်းတို့ကို ပို၍ပင် နက်နက်ရှိုင်းရှိုင်း ခံစားနေကြပုံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အပေါ်ယံမျှသာ သိသည့်အသိတွင် စုံးစုံးမြုပ်နေ၍ ၎င်းတို့၏ ယုံကြည်မှုသည် ကြီးထွားလာသည့်ပုံ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံမည့် ၎င်းတို့၏ သန္နိဌာန်က အားကောင်းလာသည့်ပုံ ထင်ရသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏သိခြင်းက ပို၍နက်ရှိုင်းလာသည့်ပုံ ထင်ရပေလိမ့်မည်။ ၎င်းတို့လုံးဝ မသိသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အမှန်တကယ် တွေ့ကြုံခံစားခြင်း မရှိသေးခင်အထိ ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာများနှင့် ထင်မြင်ချက်များအားလုံးသည် ၎င်းတို့ဖြစ်စေချင်သော စိတ်ကူးများနှင့် မှန်းဆချက်များမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်မှုသည် ဘုရားသခင်ထံမှလာသည့် မည်သည့်စမ်းသပ်မှုမျိုးကိုမျှ ခံနိုင်မည် မဟုတ်ပေ၊ ၎င်းတို့၏ ဝိညာဉ်ရေးနှင့် ဝိညာဉ်ရင့်ကျက်မှုဟု ဆိုသောအရာတို့သည် ဘုရားသခင်၏ စမ်းသပ်မှုကိုဖြစ်စေ၊ စစ်ဆေးမှုကိုဖြစ်စေ အကယ်ပင် ခံနိုင်မည် မဟုတ်ချေ၊ ၎င်းတို့၏ သန္နိဌာန်သည် သဲပေါ်တွင်ဆောက်ထားသည့် ရဲတိုက်တစ်ခုမျှသာ ဖြစ်၏၊ ထို့ပြင် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာဟုဆိုသောအရာမှာလည်း ၎င်းတို့၏ စိတ်ကူးအထင်သက်သက်သာ ဖြစ်တော့သည်။ စင်စစ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး လုံ့လများစွာ စိုက်ထည့်ထားသည့် ဤလူများသည် စစ်မှန်သော ယုံကြည်မှု၊ စစ်မှန်သော နာခံခြင်း၊ စစ်မှန်သော အရေးစိုက်မှု၊ သို့မဟုတ် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့သည် မည်သည့်အရာ ဖြစ်သည်ကို လုံးဝနားမလည်ကြဘိသည့်အလားပင် ဖြစ်ပေသည်။ ၎င်းတို့သည် အယူအဆ၊ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ ဆုကျေးဇူး၊ ရိုးရာဓလေ့၊ အယူသီးကြီးခြင်းတို့အပြင် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကိုပင် ယူကြကာ ထိုအရာတို့ကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သူ့နောက်လိုက်ခြင်းတို့အတွက် “အရင်းအနှီး” နှင့် “လက်နက်အမျိုးမျိုး” အဖြစ် ပြုလုပ်ကြသည်သာမကဘဲ ဘုရားသခင်အား ၎င်းတို့ယုံကြည်ခြင်းနှင့် သူ့နောက် ၎င်းတို့လိုက်ခြင်းတို့အတွက် အခြေခံအုတ်မြစ်များအဖြစ်ပင် ပြုလုပ်ကြလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ စစ်ဆေးခြင်းများ၊ စမ်းသပ်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ဤအရင်းအနှီးနှင့် လက်နက်အမျိုးမျိုးတို့ကို ယူကာ ဘုရားသခင်ကို သိကျွမ်းဖို့ အသုံးပြုသည့် မှော်အဆောင်လက်ဖွဲ့များအဖြစ် ပြုလုပ်ကြသည်။ အဆုံး၌ ၎င်းတို့ရှာမှီးသည့်အရာတွင် ဘုရားသခင်အကြောင်း ကောက်ချက်များဖြစ်သည့် ဘာသာရေးဂယက်အနက်တွင်လည်းကောင်း၊ ခေတ်နောက်ကျနေသည့် အယူသီးမှုတွင်လည်းကောင်း၊ စိတ်ကူးယဉ်ဆန်ကာ သဘာဝမကျသကဲ့သို့ ပဟေဠိဆန်သောအရာအားလုံးထဲတွင်လည်းကောင်း စုံးစုံးမြုပ်နေသည့် ကောက်ချက်များသာ ပါဝင်နေသည်။ ဘုရားသခင်ကို ၎င်းတို့သိကျွမ်းပြီး အဓိပ္ပာယ်ဖွင့်သည့်ပုံမှာ အထက်ကောင်းကင်ဘုံကိုသာ ယုံကြည်သော၊ သို့မဟုတ် မိုးကောင်းကင်ရှိ အဘိုးအိုကိုသာ ယုံကြည်ကြသော လူများနှင့် တစ်ထေရာတည်းပင်ဖြစ်သည်၊ သို့သော်လည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဆက်နွှယ်လျက်ရှိသော အရာအားလုံးဖြစ်သည့် ဘုရားသခင်၏ စစ်မှန်မှု၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းစသည်တို့မှာမူ ၎င်းတို့၏ အသိပညာက နားလည်နိုင်ခြင်းမရှိသည့် အရာများဖြစ်နေသည်၊ ထိုအရာများသည် ၎င်းတို့၏ အသိပညာနှင့် လုံးလုံးကင်းကွာပြီး၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတမျှပင် ဝေးကွာလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော အဓိကသရုပ်သကန်မှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ကျမ်းစာကိုသာ လေ့လာခဲ့ကြပြီး သမ္မာတရားကို မရှာဖွေခဲ့ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရှုသည့်အခါ၊ ၎င်းတို့ဆုမတောင်းခဲ့ကြ၊ သို့မဟုတ် မရှာဖွေခဲ့ကြပေ။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခဲ့ကြသည်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်သည့် အရာများကို လေ့လာခဲ့ကြပြီး၊ ထိုသို့လျှင် သူ၏နှုတ်ကပတ်တော်များကို သီအိုရီအမျိုးအစားတစ်ခုအဖြစ်သို့၊ အခြားသူများကို ၎င်းတို့သွန်သင်ခဲ့ကြသည့် အယူဝါဒတစ်ခုအဖြစ်သို့ ပြောင်းခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခြင်းဟု ဆိုသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့အဘယ်ကြောင့် ထိုသို့လုပ်ခဲ့ကြသနည်း။ ၎င်းတို့လေ့လာခဲ့ကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ အမြင်တွင်၊ ဤသည်တို့မှာ သမ္မာတရားဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမဟုတ်၊ ဘုရားသခင်၏ ဖော်ပြချက်များ မဟုတ်ဘဲ၊ ထိုအစား သိကျွမ်းတတ်မြောက်မှုပုံစံတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ထိုသို့သော သိကျွမ်းတတ်မြောက်မှုကို လက်ဆင့်ကမ်းသင့်သည်၊ ယင်းကို ပျံ့နှံ့စေသင့်ပြီး၊ ဤအရာသည်သာ ဘုရားသခင်၏ လမ်းခရီးနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ဖြစ်လေမည်ဖြစ်သည်။ ဤသည်မှာ “တရားဟောခြင်း” ဟု ၎င်းတို့ခေါ်ဆိုသည့်အရာဖြစ်ပြီး၊ ၎င်းတို့ဟောသည့် တရားဒေသနာသည် ဓမ္မပညာဖြစ်သည်။

...ဖာရိရှဲများသည့် ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် ဓမ္မပညာနှင့် သီအိုရီတို့ကို အသိပညာအမျိုးအစားတစ်ခုကဲ့သို့၊ လူတို့ကို ရှုတ်ချခြင်းနှင့် ၎င်းတို့ မှားသည်၊ မှန်သည်ကို တိုင်းတာခြင်းအတွက် တန်ဆာပလာတစ်ခုကဲ့သို့ သဘောထားခဲ့ကြသည်။ ၎င်းတို့သည် ယင်းကို သခင်ယေရှုအပေါ်တွင်ပင် အသုံးပြုခဲ့ကြသည်- ယင်းမှာ သခင်ယေရှု ရှုတ်ချခံခဲ့ရပုံ ဖြစ်သည်။ ၎င်းတို့၏ လူတို့ကို အကဲဖြတ်ချက်နှင့် ထိုလူတို့ကို ၎င်းတို့ဆက်ဆံခဲ့ကြသည့် နည်းလမ်းသည် ထိုလူတို့စကားများ၏ အရင်းအမြစ်၊ သို့မဟုတ် ဇာစ်မြစ်အပေါ် မဆိုထားနှင့်၊ ထိုလူတို့၏ အနှစ်သာရအပေါ်၊ သို့မဟုတ် ထိုလူတို့ပြောသည့်အရာ မှားသည်၊ မှန်သည်ဆိုသည့်အရာအပေါ်တွင် မည်သည့်အခါတွင်မျှ အခြေမခံခဲ့ပေ။ ၎င်းတို့သည် လူတို့အား ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အလျှော့မပေးသော စကားများနှင့် အယူဝါဒများအပေါ်တွင် အခြေခံ၍သာ ရှုတ်ချကာ အကဲဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဤဖာရိရှဲတို့က သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာမှာ အပြစ်တစ်ခု မဟုတ်သကဲ့သို့ ပညတ်တရားကို ဆန့်ကျင်ခြင်းမရှိခဲ့သည်ကို သိခဲ့ကြသော်လည်း၊ သခင်ယေရှုပြောခဲ့သည့်အရာမှာ ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အသိပညာနှင့် သိကျွမ်းတတ်မြောက်မှု၊ ၎င်းတို့အသေးစိတ်ရှင်းပြခဲ့ကြသည့် ဓမ္မပညာဆိုင်ရာ သီအိုရီနှင့် သဘောကွဲလွဲပုံရသောကြောင့်၊ သူ့ကို ၎င်းတို့ရှုတ်ချဆဲဖြစ်ခဲ့သည်။ ပြီးလျှင် ဖာရိရှဲတို့သည် ဤစကားများနှင့် စကားရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်သဘောပေါက်မှုကို အလျှော့ပေးကြမည်မဟုတ်၊ ၎င်းတို့သည် ဤအသိပညာကို ဖက်တွယ်ထားပြီး လက်လွှတ်ကြမည် မဟုတ်ပေ။ အဆုံးတွင် ဖြစ်နိုင်ဖွယ်ရှိသည့် တစ်ခုတည်းသော ရလဒ်မှာ အဘယ်နည်း။ သခင်ယေရှု ပြောခဲ့သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို ၎င်းတို့အသိအမှတ်ပြုရန် မဆိုထားနှင့်၊ သခင်ယေရှုသည် ကြွလာမည့် မေရှိယဖြစ်ကြောင်း၊ သို့မဟုတ် သခင်ယေရှုလုပ်ဆောင်ခဲ့သည့် အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကိုပင် ၎င်းတို့အသိအမှတ်ပြုမည် မဟုတ်ပေ။ သခင်ယေရှုကို ရှုတ်ချဖို့ အထောက်အထားမခိုင်လုံသော စွဲချက်အချို့ကို ၎င်းတို့ရှာတွေ့ခဲ့ကြသည်- သို့သော်၊ စင်စစ်အားဖြင့် သူ့ကို ၎င်းတို့ရှုတ်ချခဲ့ကြသည့် အပြစ်များက ခိုင်လုံသည်၊ မခိုင်လုံသည်ကို ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သိခဲ့ကြသလော။ သိခဲ့ကြ၏။ သို့ဆိုလျှင် သူ့ကို ၎င်းတို့က အဘယ်ကြောင့် ထိုသို့ရှုတ်ချဆဲ ဖြစ်ခဲ့သနည်း။ (၎င်းတို့၏စိတ်ထဲမှ မြင့်မားပြီး တန်ခိုးကြီးမားသော ဘုရားသခင်မှာ သခင်ယေရှု၊ ဤသာမန်လူသားတော်တစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်နိုင်လေသည်ကို ၎င်းတို့မယုံကြည်ချင်ခဲ့ကြပါ။) ဤအမှန်တရားကို ၎င်းတို့ လက်မခံချင်ခဲ့ကြပေ။ ဤအရာကို လက်မခံဘဲ ၎င်းတို့ငြင်းပယ်ရခြင်း၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ဤအရာတွင် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့်ပြောဖို့ ကြိုးစားခြင်းနှင့်ဆိုင်သည့် တစ်စုံတစ်ရာ မရှိခဲ့သလော။ ၎င်းတို့ဆိုလိုခဲ့သည်မှာ၊ “ဘုရားသခင်သည် ယင်းကို လုပ်ဆောင်နိုင်မည်လား။ ဘုရားသခင် လူ့ဇာတိခံယူခဲ့ပါက၊ သူသည် ကျော်ကြားသောမျိုးရိုးမှ ဧကန်မုချ မွေးဖွားရမည်။ ထို့အပြင်၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ သင်ပြမှုကို သူလက်ခံရမည်၊ ဤအသိပညာကို သင်ယူရမည်ဖြစ်ပြီး ကျမ်းစာကို များစွာဖတ်ရှုရမည်ဖြစ်သည်။ ဤအသိပညာကို သူပိုင်ဆိုင်သည့်နောက်တွင်သာ ‘လူ့ဇာတိခံယူခြင်း’ ဟူသည့် အမည်နာမကို သူခံယူနိုင်သည်” ဟူ၍ ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့က သင်သည် ထိုသို့အရည်အချင်း မပြည့်မီသောကြောင့်၊ သင်သည် ဘုရားသခင်မဟုတ်။ ဒုတိယအနေဖြင့်၊ ဤအသိပညာမရှိဘဲနှင့် ကိုယ်တော်သည် ဘုရားသခင် ဖြစ်နိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုကို ကိုယ်တော်မလုပ်ဆောင်နိုင်။ တတိယအနေဖြင့်၊ ကိုယ်တော်သည် ဗိမာန်တော်ပြင်ပတွင် အမှုမပြုနိုင်- ယခု ကိုယ်တော်သည် ဗိမာန်တော်ထဲတွင် မဟုတ်၊ ကိုယ်တော်သည် အပြစ်သားများအလယ်တွင် အမြဲရှိသည်၊ ထို့ကြောင့် ကိုယ်တော်ပြုသည့်အမှုသည် ဘုရားသခင်၏အမှုနယ်ပယ် အလွန်တွင် ရှိသည်ဟူ၍ ယုံကြည်ကြလေသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ ၎င်းတို့ရှာဖွေခဲ့ကြသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဖို့နှင့် သူမှန်သည်၊ မှားသည်ကို ဆုံးဖြတ်ဖို့ရန် ဤအရာများကို အသုံးပြုဖို့ ကြိုးစားခဲ့ကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ရှုတ်ချခဲ့ကြပြီး သူ့ကို ကားတိုင်တွင် သံမှိုဆွဲရိုက်ခဲ့ကြသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၃)” မှ

သခင့်ကို ယုံကြည်သည့် ဘာသာတရားမှလူများသည် “ခရစ်ယာန်ဘာသာ” အဖြစ် မည်ကဲ့သို့ ယုတ်လျော့သွားကြရသနည်း။ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်၏အိမ်တော်၊ ဘုရားသခင်၏အသင်းတော်၊ ဘုရားသခင့်အမှု၏ အပြုခံအဖြစ်ထက် ဘာသာရေးအုပ်စုအဖြစ် အမျိုးအစားသတ်မှတ်ထားသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့၌ တရားသေလက်ခံထားသော ဝါဒရှိသည်၊ ၎င်းတို့သည် ဘုရားသခင်လုပ်ဆောင်သည့်အမှုနှင့် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များကို စာအုပ်တစ်အုပ်ထဲသို့၊ သင်ကြားရေး စာရွက်စာတမ်းများထဲသို့ စုစည်းပြုစုပြီး ထို့နောက်တွင် ဓမ္မပညာလေ့လာသူမျိုးစုံကို ဝင်ရောက်ခွင့်ပြုဖို့နှင့် လေ့ကျင့်ပေးဖို့ ကျောင်းများဖွင့်ကြသည်။ ဤဓမ္မပညာလေ့လာသူများသည် သမ္မာတရားကို လေ့လာနေကြခြင်း ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လေ့လာနေကြခြင်း ဖြစ်သနည်း။ ဘုရားသခင်၏အမှုတော်နှင့်ဖြစ်စေ၊ ဘုရားသခင်ပြောကြေားသည့် သမ္မာတရားများနှင့်ဖြစ်စေ မည်သို့မျှ မသက်ဆိုင်သည့် ဓမ္မပညာဆိုင်ရာ အသိပညာကို လေ့လာနေကြခြင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် ခရစ်ယာန်ဘာသာသို့ ယုတ်လျော့သွားအောင် မိမိတို့ကိုယ်ကို ပြုနေကြခြင်း ဖြစ်သည်။ ခရစ်ယာန်ဘာသာသည် မည်သည့်အရာကို ထောက်ခံသနည်း။ အသင်းတော်တစ်ပါးသို့ သင်သွားလျှင် ဘုရားသခင်ကို သင်ယုံကြည်လာသည်မှာ မည်မျှကြာပြီနည်းဟု လူများက သင့်ကို မေးကြလိမ့်မည်ဖြစ်ပြီး သင်သည် စရုံသာရှိသေးကြောင်း ပြောသည့်အခါ ၎င်းတို့က သင့်ကို လျစ်လျူရှုလိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာကျမ်းစာကို ဆုပ်ကိုင်ပြီး ဝင်သွားကာ “ကျွန်ုပ်သည် အကြင်မည်သော ဓမ္မပညာသင်ကျောင်းမှ ပူပူနွေးနွေး ဘွဲ့ရထားသည်” ဟု ပြောလျှင် ၎င်းတို့က သင့်ကို ဂုဏ်သရေရှိလူကြီးမင်းများထိုင်ရာ၌ ထိုင်ခိုင်းကြလိမ့်မည်။ ဤသည်မှာ ခရစ်ယာန်ဘာသာ ဖြစ်သည်။ တရားဟောစင်မြင့်တွင် မတ်တပ်ရပ်သည့် ထိုအရေးပါအရာရောက်သူများ အားလုံးတို့သည် ဓမ္မပညာကို လေ့လာထားပြီးဖြစ်ကာ ဓမ္မကျောင်းတွင် လေ့ကျင့်သင်ကြားထားပြီး ၎င်းတို့၌ ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားတို့ ရှိကြသည်- ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန်ဘာသာ၏အဓိကမဏ္ဍိုင် ဖြစ်သည်။ တရားဟောစင်မြင့်ပေါ်တွင် တရားဟောကြားဖို့၊ လှည့်ပတ်သွားလာ၍ ဧဝံဂေလိတရားဟောကြားပြီး အလုပ်လုပ်ဖို့ ထိုသို့သောလူများကို ခရစ်ယာန်ဘာသာက လေ့ကျင့်ပေးထားသည်။ ခရစ်ယာန်ဘာသာ၏ တန်ဖိုးသည် ဒေဿနာများကို ဟောကြားသည့် ဤဓမ္မပညာကျောင်းသားများ၊ ဤသင်းအုပ်ဆရာများနှင့် ဓမ္မပညာရှင်များကဲ့သို့ အင်မတန် တတ်နိုင်စွမ်းသည့်လူများ၌ တည်ရှိသည်ဟု တွေးထင်ကြသည်၊ ၎င်းတို့သည် သူတို့၏ အရင်းအနှီးဖြစ်လေသည်။ အသင်းတော်တစ်ပါး၏ သင်းအုပ်ဆရာသည် ဓမ္မကျောင်းတစ်ခုမှ ဘွဲ့ရခဲ့ကာ သမ္မာကျမ်းစာကို အသေးစိတ်ရှင်းပြရာ၌ ကျွမ်းကျင်ပြီး ဝိညာဉ်ရေးရာ စာအုပ်အချို့ကို ဖတ်ရှုပြီးဖြစ်၍ အသိပညာအနည်းငယ်ရှိကာ စကားအရာ၌ ကျွမ်းကျင်ပါက ထိုအသင်းတော်သည် စည်ပင်ဖွံ့ဖြိုးပြီး အခြားအသင်းတော်များထက် သာလွန်ကောင်းမွန်သည့် ဂုဏ်သတင်းရှိသည်။ ခရစ်ယာန်ဘာသာရှိ ဤလူများသည် မည်သည့်အရာကို ထောက်ခံအားပေးသနည်း။ အသိပညာပင်တည်း။ ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ယင်းကို ရှေးကာလများကတည်းက လက်ဆင့်ကမ်းပေးလာခဲ့ကြခြင်းဖြစ်သည်။ ရှေးကာလများတွင် သမ္မာကျမ်းစာရှိခဲ့ပြီး ယင်းကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြကာ မျိုးဆက်တစ်ခုချင်းစီက ယင်းကို ဖတ်ရှုပြီး သင်ယူကြသည်မှာ ယနေ့ခေတ်အထိ ဖြစ်သည်။ လူတို့သည် လူများ လေ့လာပြီး သင်ယူနိုင်ဖို့ သမ္မာကျမ်းစာကို အပိုင်းအမျိုးမျိုးခွဲပြီး ထုတ်ဝေမှုမျိုးစုံ ဖန်တီးခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့သင်ယူသည့်အရာမှာ သမ္မာတရားကို မည်သို့နားလည်ဖိုနှင့် ဘုရားသခင်ကို မည်သို့သိကျွမ်းဖို့ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏အလိုတော်ကို မည်သို့နားလည်ဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းတို့ ကြိုးပမ်းရရှိဖို့ မဟုတ်ပေ။ ထိုအစား ယင်းတို့အတွင်း၌ ရှိသည့် အသိပညာကို ၎င်းတို့က လေ့လာကြသည်။ အလွန်ဆုံးဆိုလျှင် ၎င်းတို့သည် အတွင်း၌ ပါဝင်သည့် နက်နဲရာများကို စုံစမ်းစစ်ဆေးသည်၊ အချို့သောကာလအပိုင်းအခြား၌ ဗျာဒိတ်ကျမ်း၏ မည်သည့်ပရောဖက်ပြုခြင်းများက ပြည့်စုံခဲ့သည်၊ ကြီးစွာသော ဘေးဒုက္ခများက မည်သည့်အချိန်တွင် ကျရောက်မည်၊ ထောင်စုနှစ်သည် မည်သည့်အချိန်တွင် ကျရောက်မည်တို့ကို ၎င်းတို့ရှာကြည့်ကြသည်— ဤသည်တို့မှာ ၎င်းတို့လေ့လာသည့် အရာများဖြစ်သည်။ ၎င်းတို့လေ့လာသည့်အရာသည် သမ္မာတရားနှင့် ဆက်နွှယ်နေသလော။ မဆက်နွှယ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ဆက်နွှယ်မှုမရှိသည့် အရာများကို အဘယ့်ကြောင့် လေ့လာသနည်း။ ၎င်းတို့သည် ယင်းတို့ကို သာ၍လေ့လာလေ၊ ၎င်းတို့နားလည်သည်ဟု သာ၍တွေးထင်လေဖြစ်ပြီး မိမိတို့ကိုယ်ကို ကျမ်းဟောင်းတရားများနှင့် အယူဝါဒတို့ဖြင့် သာ၍ ပြင်ဆင်လေဖြစ်သည်။ ၎င်းတို့၏အရင်းအနှီးလည်း ကြီးထွားလာသည်။ ၎င်းတို့၏အရည်အချင်းများ သာ၍ မြင့်မားလေ၊ ၎င်းတို့သည် သာ၍ စွမ်းဆောင်နိုင်သည်ဟု တွေးထင်လေဖြစ်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် သာ၍ ဖြစ်မြောက်သည်ဟု ထင်မြင်ယူဆလေဖြစ်ကာ ၎င်းတို့သည် ကယ်တင်ခြင်းခံရဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ သာ၍ ဖြစ်နိုင်ချေရှိသည်ဟု တွေးထင်လေဖြစ်သည်။

...ခရစ်ယာန်ဘာသာထဲရှိ ဓမ္မပညာ၊ ကျမ်းစာနှင့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော သမိုင်းကိုပင် လေ့လာကြသူအားလုံး- ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် ယုံကြည်သူများ၊ ဘုရားသခင်၏ နောက်လိုက်များနှင့် တစ်ခုတလေ ကွဲပြားကြသလော။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ၎င်းတို့သည် ဓမ္မပညာကို လေ့လာကြသည်၊ ဘုရားသခင်ကို လေ့လာကြသည်။ ဘုရားသခင်ကို လေ့လာသူများနှင့် အခြားအရာများကို လေ့လာသူများကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ ခြားနားချက် မရှိပေ။ ၎င်းတို့သည် သမိုင်းကို လေ့လာသူများ၊ ဒဿနိကဗေဒကို လေ့လာသူများ၊ ဥပဒေပညာ လေ့လာသူများ၊ ဇီဝဗေဒလေ့လာသူများ၊ နက္ခတ္တဗေဒ လေ့လာသည့် လူများနှင့် အတူတူသာဖြစ်သည်- ၎င်းတို့သည် သိပ္ပံပညာ၊ သို့မဟုတ် ဇီဝဗေဒ၊ သို့မဟုတ် အခြားဘာသာရပ်တစ်ခုတလေကိုမျှ မနှစ်သက်ကြပေ၊ ၎င်းတို့သည် ဓမ္မပညာကိုသာ နှစ်သက်ကြသည်။ ဤလူများသည် ဘုရားသခင်၏အမှုတွင် သဲလွန်စများနှင့် လျှို့ဝှက်ချက်ကို သိသာစေသည့် အသွင်အပြင်မျိုး၊ စကားမျိုးများကို ရှာဖွေခြင်းအားဖြင့် ဘုရားသခင်ကို လေ့လာကြ၏- ၎င်းတို့၏ သုတေသနမှ မည်သည့်အရာ ထွက်လာသနည်း။ ဘုရားသခင် တည်ရှိသည်၊ မတည်ရှိသည်ကို ၎င်းတို့ဆုံးဖြတ်နိုင်ကြသလော။ မည်သည့်အခါမျှ ဆုံးဖြတ်နိုင်လိမ့်မည်မဟုတ်။ ဘုရားသခင်၏ အလိုကို ၎င်းတို့ဆုံးဖြတ်နိုင်ကြသလော။ (မဆုံးဖြတ်နိုင်ကြပါ။) အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စကားလုံးများနှင့် စကားရပ်များအလယ် အသက်ရှင်ကြသောကြောင့်၊ အသိပညာအလယ်တွင် အသက်ရှင်ကြသောကြောင့်၊ ဒဿနပညာအလယ်တွင် အသက်ရှင်ကြသောကြောင့်၊ လူသားများ၏ စိတ်များနှင့် အတွေးများအလယ်တွင် အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မြင်နိုင်ကြလိမ့်မည်မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို မည်သည့်အခါတွင်မျှ ၎င်းတို့ရရှိကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ကို ဘုရားသခင်က မည်သည့်အရာအဖြစ် သတ်မှတ်ထားသနည်း။ ယုံကြည်သူမဟုတ်သူများ၊ မယုံကြည်သူများအဖြစ် ဖြစ်၏။ ဤယုံကြည်သူမဟုတ်သူများနှင့် မယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်သည့် လူများကဲ့သို့ ပြုမူရင်း၊ ခရစ်ယာန်များကဲ့သို့ပြုမူရင်း၊ ခရစ်ယာန်အဖွဲ့အစည်းဟု ခေါ်ဆိုသော အရာနှင့် ရောနှောကြသည်- သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ကြသလော။ သူ့ကို ၎င်းတို့ အမှန်တကယ် နာခံကြသလော။ မနာခံပေ။ အဘယ်ကြောင့်နည်း။ တစ်ခု သေချာ၏။ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင် တည်ရှိသည်ကို ၎င်းတို့ယုံကြည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကြောင်း၊ အရာခပ်သိမ်းကို သူအုပ်စိုးကြောင်း၊ သူ့အနေဖြင့် လူ့ဇာတိခံယူနိုင်ကြောင်းကို မယုံကြည်ကြသောကြောင့် ဖြစ်သည်။ ဤမယုံကြည်မှုက မည်သည့်အရာကို ညွှန်ပြသနည်း။ သံသယ၊ ငြင်းပယ်မှုနှင့် ဘုရားသခင် ပြောဆိုသည့် ပရောဖက်ပြုချက်များ- အထူးသဖြင့် ကပ်ဘေးများနှင့်ပတ်သက်သည့် အရာများ- ဖြစ်မလာဖို့နှင့် မပြည့်စုံဖို့ မျှော်လင့်သည့် သဘောထားများဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်မှုအား ၎င်းတို့ဆက်ဆံကြသည့် သဘောထားဖြစ်ပြီး၊ ယင်းမှာ ၎င်းတို့၏ ယုံကြည်ခြင်းဟု ခေါ်ဆိုသည့်အရာ၏ အနှစ်သာရနှင့် စစ်မှန်သော မျက်နှာလည်း ဖြစ်သည်။ ဤလူများသည် ဓမ္မပညာကို သိကျွမ်းတတ်မြောက်မှုနှင့် အသိပညာတွင် အထူးစိတ်ဝင်စားမှု ရှိကြပြီး၊ ဘုရားသခင့်အမှု၏ သမိုင်းဆိုင်ရာ အချက်အလက်များကို စိတ်ဝင်စားကြသောကြောင့် ဘုရားသခင်ကို လေ့လာကြပေသည်။ ၎င်းတို့သည် ဓမ္မပညာကို လေ့လာနေကြသည့် ပညာတတ်တစ်သိုက်ထက် ဘာမျှမပိုပေ။ ဤ “ပညာတတ်များ” သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်ကြပေ၊ ထို့ကြောင့် အမှုပြုဖို့ ဘုရားသခင်ကြွလာပြီး သူ၏နှုတ်ကပတ်တော်များ ပြည့်စုံချိန်တွင် မည်သည့်အရာကို ၎င်းတို့လုပ်ဆောင်ကြသနည်း။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်ကာ အသစ်သောအမှုကို ဆောင်ရွက်နေကြောင်း ၎င်းတို့ကြားချိန်တွင် ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ အဘယ်နည်း။ “မဖြစ်နိုင်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ အသစ်သောအမှုကို ဟောပြောသည့် မည်သူမဆိုကို ၎င်းတို့ရှုတ်ချပြီး ၎င်းတို့ကို သတ်ပင်သတ်ချင်ကြသည်။ ဤသည်မှာ မည်သည့်အရာ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့ အန္တိခရစ် စစ်စစ်များ ဖြစ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကို မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုနှင့် သူ့နှုတ်ကပတ်တော်များ ပြည့်စုံခြင်းတို့အပေါ် ရန်လို၏- “ကိုယ်တော်သည် လူ့ဇာတိမခံခဲ့သကဲ့သို့ ကိုယ်တော်၏နှုတ်ကပတ်တော်များ မပြည့်စုံသေးပါက၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီးဖြစ်ကာ ကိုယ်တော်လူ့ဇာတိခံခဲ့ပါက၊ ကိုယ်တော်သည် ဘုရားသခင်မဟုတ်။” ဤအရာတွင် ငုပ်နေသော အကြောင်းအရာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တည်ရှိသရွေ့ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို ခွင့်မပြုကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်စစ်စစ်တစ်ဦးပင် ဖြစ်သည်မဟုတ်လော။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်၏။ ထိုသို့သော ခိုင်ခိုင်မာမာ ပြုမူပြောဆိုခြင်းများသည် ဘာသာရေး အဖွဲ့အစည်းထဲတွင် တည်ရှိသလော။ ထိုသို့သော ခိုင်ခိုင်မာမာ ပြုမူပြောဆိုခြင်းများကို အလွန်ကျယ်လောင်စွာနှင့် အလွန်အားမာန်ပါပါ ပြောဆိုကြ၏- “ဘုရားသခင် လူ့ဇာတိခံယူပြီးဖြစ်သည်မှာ မှားယွင်း၏။ မဖြစ်နိုင်ပါ။ မည်သည့်လူ့ဇာတိခံယူခြင်းမဆိုသည် အတုအယောင်ဖြစ်သည်။” အချို့က၊ “ဤလူများသည် လှည့်စားခံရကြပြီလော” ဟုမေးကြ၏။ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၌စစ်မှန်သော ယုံကြည်ခြင်း မရှိကြခြင်းသာ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်ကြ၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြပေ၊ ၎င်းတို့သည် ဘုရားသခင်၏ ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုအား ယုံကြည်ဖို့ မဆိုထားနှင့်၊ ကမ္ဘာလောကအား ဘုရားသခင်၏ ဖန်ဆင်းခြင်း အမှုကို မယုံကြည်ကြပေ။ ၎င်းတို့အဖို့ ၎င်းတို့လေ့လာသည့် ဓမ္မပညာသည် သမိုင်းဆိုင်ရာ အဖြစ်အပျက်များ တသီတတန်းဖြစ်သည်၊ ယင်းသည် အယူဝါဒ၊ သို့မဟုတ် သဘောတရားမျိုး ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၃)” မှ

များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူဆိုးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို သောင်းကျန်းမွှေ့ယမ်းရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ ထင်ရာစိုင်းသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌ သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးသော၊ ၎င်းတို့မြင်နိုင်စွမ်းမရှိသော ဝိုးတဝါးဖြစ်သည့်ဘုရားသခင်တစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူတို့ထဲတွင်နေသော်လည်း လူသည် ငါရှိကြောင်းကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါရှိကြောင်းကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါရှိနေကြောင်းကို ပို၍ကြီးမားသောအားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများ၊ သမ္မာကျမ်းစာများတို့နှင့် သဟဇာတဖြစ်ရေးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းကိုရှာဖွေရန် ငါ့ရှေ့မှောက်လာရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် ဝေဝါးသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် ရှိမည့်ဘုရားသခင်၊ မတည်ရှိသောဘုရားသခင် ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

ငါ့ကိုဆန့်ကျင်သူများသည် ငါနှင့်သဟဇာတမဖြစ်သူများ ဖြစ်ကြ၏။ သမ္မာတရားကို မမြတ်နိုးသောသူများသည်လည်း ထိုသို့ပင်ဖြစ်၏။ ငါ့ကိုပုန်ကန်သူများသည် ငါ့ကို သာ၍ပင် ဆန့်ကျင်ကာ ငါနှင့်သာ၍ပင် သဟဇာတမဖြစ်ကြပေ။ ငါနှင့်သဟဇာတ မဖြစ်သူအားလုံးကို ငါသည် မာရ်နတ်၏လက်ထဲသို့ ပို့ပြီး ငါသည် ၎င်းတို့အား မာရ်နတ်၏ပျက်စီးခြင်းထဲသို့ စွန့်လွှတ်၏၊ ၎င်းတို့၏ဆိုးသွမ်းမှုများကို ထုတ်ဖော်ရန် ၎င်းတို့ဆန္ဒရှိသည်အတိုင်း လုပ်စေလျက်၊ အဆုံးတွင် ဝါးမျိုခြင်းခံရရန် ငါသည် ၎င်းတို့အား မာရ်နတ်၏ လက်ထဲသို့ အပ်လိုက်၏။ လူဘယ်နှစ်ဦး ငါ့အားကိုးကွယ်သည်ကို ငါသည် ဂရုမစိုက်။ လူဘယ်နှစ်ဦး ငါ့အားယုံကြည်သည်ကို ငါဂရုမစိုက်ဟု ဆိုလိုခြင်းဖြစ်သည်။ လူဘယ်နှစ်ဦး ငါနှင့်သဟဇာတ ဖြစ်သည်ကိုသာ ငါအာရုံစိုက်၏။ ယင်းမှာ ငါနှင့်သဟဇာတ မဖြစ်သူအားလုံးသည် ငါ့အပေါ်သစ္စာဖောက်သည့် ဆိုးယုတ်သူများဖြစ်သောကြောင့် ဖြစ်သည်။ ထိုသူတို့သည် ငါ၏ရန်သူများဖြစ်ကြကာ၊ ငါ၏ရန်သူများကို ငါ့အိမ်တွင် ငါသည် “အမြတ်တနိုးထား” မည်မဟုတ်။ ငါနှင့်သဟဇာတ ဖြစ်သူများသည် ငါ့အိမ်တွင် ငါ့အား ထာဝရအစေခံလျက်၊ ငါ့ကို ဆန့်ကျင်သူများသည် ငါ၏အပြစ်ဒဏ်ကို ထာဝရခံစားရမည်။ ကျမ်းစာ၏စကားလုံးများကိုသာ အရေးပေးသူများနှင့် သမ္မာတရားကို အလေးမထားသူများသော်လည်းကောင်း ငါ၏ခြေလှမ်းများကို ရှာဖွေရန် အရေးမပေးသူများသော်လည်းကောင်း— ထိုသူတို့သည် ငါ့ကို ဆန့်ကျင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ငါ့အား သမ္မာကျမ်းစာအတိုင်း ကန့်သတ်ကြကာ၊ သမ္မာကျမ်းစာအတွင်းတွင် ငါ့ကို ဘောင်ခတ်ထားကြသဖြင့် ငါ့ကို လွန်ကဲစွာပြစ်မှားကြသောကြောင့် ဖြစ်၏။ ထိုသို့သောသူများ ငါ၏ရှေ့မှောက်သို့ မည်သို့လာနိုင်မည်နည်း။ ထိုသူတို့သည် ငါ၏လုပ်ဆောင်ချက်များ၊ သို့မဟုတ် ငါ၏အလိုဆန္ဒ၊ သို့မဟုတ် သမ္မာတရားကို လုံးဝဂရုမစိုက်ဘဲ သေစေသော စကားလုံးများကိုသာ စွဲလမ်းကြ၏။ ထိုကဲ့သို့သောလူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။