နောက်ဆုံးသောကာလ၌ ပြန်ကြွလာသည့်အခါ မည်သည့် အမှုကို သခင်ယေရှုက အတိအကျ လုပ်ဆောင်လိမ့်မည်နည်း။

08.01.2020

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)

“ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။” (ဗျာဒိတ်ကျမ်း ၅:၄-၅)

“နောက်ဆုံးသော ကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များစွာသော လူတို့ကလည်း သွားကြပြီး၊ သင်တို့လာကြ၊ ယေဟောဝါ၏ တောင်ဆီသို့၊ ယာကုပ်၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြစို့၊ သူသည် ငါတို့ကို သူ၏လမ်းခရီးများအား သွန်သင်လိမ့်မည်။ သူ၏လမ်းကြောင်းများ၌ ငါတို့လျှောက်ကြမည်ဟု ဆိုကြလိမ့်မည်။ ဇိအုန်မှ ပညတ်တော်နှင့် ယေရုရှလင်မှ ယေဟောဝါ၏ နှုတ်ကပတ်တော် ပေါ်ထွက်လိမ့်မည်။ သူသည် တိုင်းနိုင်ငံများအလယ်တွင် တရားစီရင်လိမ့်မည်ဖြစ်ပြီး လူများစွာတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်၊ ပြီးလျှင် သူတို့၏ ဓါးများကို ထယ်သွားများအဖြစ်၊ သူတို့၏ လှံများကို တံစဉ်များအဖြစ် ထုလုပ်လိမ့်မည်။ တစ်တိုင်းပြည်ကို တစ်တိုင်းပြည်က ဆန့်ကျင်ပြီး စစ်မချီရ၊ စစ်မက်ကို သူတို့ နောက်ထပ် သင်ရလိမ့်မည်မဟုတ်။” (ဟေရှာယအနာဂတ္တိကျမ်း ၂:၂-၄)

“ငါသည်အလျှင်အမြန် လာသည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။” (ဗျာဒိတ်ကျမ်း ၂၂:၁၂)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

နောက်ဆုံးသောကာလအတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်များ ပြောဆိုဖို့ ကမ္ဘာမြေသို့ ကြွလာပြီဖြစ်သည်။ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့ပြီး၊ ကားစင်တင်ခံရခြင်းနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး အိုဟောင်းသော အရာအားလုံးကို ဖျက်သိမ်းခဲ့သည်။ ယေရှု၏ ကြွရောက်ခြင်းသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိခြင်းသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေပြီး ဖြစ်သည်။ သူသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် အသိဉာဏ်ပွင့်လင်းစေရန်၊ ပြီးလျှင် လူသား၏ နှလုံးသားအတွင်းရှိ မရေရာသော ဘုရားသခင်၏ နေရာကို ဖယ်ရှားရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ ယေရှုက သူ ကြွလာခဲ့ချိန်တွင် လုပ်ဆောင်ခဲ့သည့် အမှု၏ အဆင့် မဟုတ်ပေ။ ယေရှုကြွလာခဲ့ချိန်တွင် သူသည် နိမိတ်လက္ခဏာများစွာကို ပြသခဲ့သည်၊ မကျန်းမာသောသူများကို အနာရောဂါငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ၊ ကားစင်တင်ခံရခြင်း နှင့်ဆိုင်သည့် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ လူတို့၏ အယူအဆများတွင် ဤသည်မှာ ဘုရားသခင် ဖြစ်သင့်သည့်ပုံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားခြင်းအမှုကို မလုပ်ဆောင်ခဲ့ပေ။ သူကြွလာခဲ့ချိန်တွင် သူသည် ကားစင်တင်ခံခဲ့ရသည်၊ မကျန်းမာသောသူများကို အနာငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ စိတ်နှလုံးထဲတွင် မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့ရန်အလို့ငှာ၊ လူသား၏ အယူအဆများထဲက မရေရာသည့် ဘုရားသခင်က ထိန်းသိမ်းထားသည့် နေရာကို ဖယ်ရှားလေသည်။ သူ၏ တကယ့် နှုတ်ကပတ်တော်များနှင့် တကယ့်အမှု၊ နယ်မြေအနှံ့ သူ၏သွားလာလှုပ်ရှားမှုနှင့် လူသားအလယ် သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး ပုံမှန်ဖြစ်သော အမှုမှတစ်ဆင့်၊ လူသားကို ဘုရားသခင်၏ လက်တွေ့အရှိတရားအား သူသိစေပြီး လူသား၏နှလုံးသားထဲက မရေရာသည့် ဘုရားသခင်၏ နေရာကို ဖယ်ရှားလေသည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာခပ်သိမ်းကို ပြီးမြောက်စေရန် သူ၏ လူ့ဇာတိက ပြောဆိုသော နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်က ပြီးမြောက်စေမည့် အမှုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

နောက်ဆုံးသောကာလ၏ အမှုသည် နှုတ်ကပတ်တော်များကို ပြောဆိုရန် ဖြစ်သည်။ နှုတ်ကပတ်တော်များအားဖြင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်၏ နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်ခဲ့သော အပြောင်းအလဲများထက် များစွာ ပိုမို ကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် မကောင်းဆိုးဝါးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူသားထံမှ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူသားအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကျန်ရှိနေဆဲ ဖြစ်ခဲ့သည်။ လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းရှိ ကျန်ရှိနေဆဲ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်နေခဲ့သည့်အချိန်တွင်၊ သူနှင့်ပတ်သက်သည့် လူ၏ အသိပညာသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ လူသားက သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် အမြဲ ယုံကြည်ခဲ့ပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော စေတနာရှိသော အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့က ၎င်းတို့၏ ယုံကြည်ခြင်း ခွန်အားအပေါ် သူ့ဝတ်ရုံ၏ အစွန်းကို ထိတွေ့ခြင်းမှ အနာရောဂါငြိမ်းခဲ့ကြသည်။ မျက်စိကန်းသူ မြင်နိုင်ခဲ့ပြီး သေသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် မိမိကိုယ်ကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သည့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ရှာဖွေမတွေ့ရှိနိုင်ခဲ့သကဲ့သို့၊ ယင်းကို မည်သို့ စွန့်ပစ်ရမည်ကိုလည်း မသိခဲ့ပေ။ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက်၊ နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး- တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင်၊ ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန်၊ သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး၊ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။

............

...“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာအားလုံးသို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြောဆိုခဲ့သည့် ပြစ်တင်မောင်းမဲသည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၌ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ယနေ့တွင် ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း” နှင့်ဆိုင်သည့် အမှုကို ပြည့်စုံစေရန်၊ လူကို စုံလင်စေဖို့နှင့် နှုတ်ကပတ်တော်ဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် နှုတ်ကပတ်တော်၏ စစ်ဆေးမှုကို လူသားအား လက်ခံစေဖို့ နှုတ်ကပတ်တော်ကို အသုံးပြုရန် လူ့ဇာတိခံလာပြီးဖြစ်ပေသည်။ သူ၏နှုတ်ကပတ်တော်များဖြင့်၊ သူသည် သင့်ကို ထောက်ပံ့မှု ရရှိစေပြီး အသက်ကို ရရှိစေသည်။ သူ၏ နှုတ်ကပတ်တော်များဖြင့် သင်သည် သူ၏အမှုနှင့် လုပ်ဆောင်ချက်များကို မြင်ရသည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် စစ်ဆေးရန် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ထိုသို့ဖြင့် အခက်အခဲကို သင် ခံစားရပါက၊ ယင်းသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် အချက်အလက်များဖြင့် အမှုမပြုဘဲ နှုတ်ကပတ်တော်များဖြင့် အမှုပြုသည်။ သူ၏ နှုတ်ကပတ်တော်သည် သင့်အပေါ် ရောက်လာပြီးနောက်တွင်သာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အမှုပြုနိုင်ပြီး၊ သင့်အား နာကျင်မှု ခံစားစေနိုင်သည် သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို လက်တွေ့အရှိတရားထဲသို့ ခေါ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို စုံလင်စေနိုင်စွမ်းရှိသည်။ ထို့ကြောင့်၊ ဤအရာကို အနည်းဆုံး သင်နားလည်ရမည်- နောက်ဆုံးသောကာလ အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုသည် အဓိကအားဖြင့် လူတိုင်းကို စုံလင်စေဖို့နှင့် လူသားကို လမ်းပြဖို့ သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုခြင်း ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးသည် နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပေ။ လူအချို့က ဘုရားသခင်ကို ခုခံသည့် အချိန်များ ရှိသည်။ ဘုရားသခင်က သင့်ကို အလွန် စိတ်ပင်ပန်းခြင်းမဖြစ်စေပေ၊ သင်၏ ခန္ဓာသည် ပြစ်တင်ဆုံးမခြင်းမခံရသကဲ့သို့၊ အခက်အခဲကို သင် မခံစားရပေ- သို့သော် သူ၏ နှုတ်ကပတ်တော် သင့်အပေါ် ရောက်လာပြီး သင့်ကို စစ်ဆေးသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် သင့်အတွက် မခံမရပ်နိုင်စရာ ဖြစ်ပေသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ အစေခံသူများ၏ အချိန်ကာလအတွင်းတွင်၊ ဘုရားသခင်သည် လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အနက်ဆုံးသော တွင်းထဲသို့ အမှန်တကယ် ရောက်ရှိခဲ့ပါသလော။ လူသားကို စစ်ဆေးဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းမျှမှတစ်ဆင့်၊ လူသည် အနက်ဆုံးသော တွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ အတောအတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ အရာအားလုံးကို ပြီးမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းသွားစေဖို့ အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူ၏ဖြစ်ခြင်းကို သူ၏ နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင် မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ကမ္ဘာမြေသို့ကြွချိန်တွင်၊ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းမှလွဲ၍ အခြားမည်သည့်အမှုကိုမျှ သူမလုပ်ဆောင်ပေ- ထို့ကြောင့် အချက်အလက်များကို မလိုအပ်ပေ။ နှုတ်ကပတ်တော်များက လုံလောက်ပေ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် အဓိကအားဖြင့် ဤအမှုကို လုပ်ဆောင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များထဲ၌ သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား ရှုမြင်ခွင့်ပေးဖို့၊ သူသည် မိမိကိုယ်ကိုယ် မည်သို့ နှိမ့်ချစွာ ကွယ်ဝှက်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား မြင်ခွင့်ပေးဖို့နှင့် သူ၏အလုံးစုံကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့ ကြွလာပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အားလုံးသည် သူ၏နှုတ်ကပတ်တော်များထဲတွင်ရှိ၏။ သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ် ဖြစ်ခြင်းသည်လည်း သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤအရာတွင် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့် နည်းစနစ် များစွာကို သင့်အား မြင်စေခြင်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် အခြေခံသဘောတရားဖြစ်သည်။ လူသားက လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို အမှန်တကယ် မြင်နိုင်ဖို့နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ဖို့အလို့ငှာ မတူညီသော ရှုထောင့်များမှ စကားပြောရန် သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ခြင်း၊ စုံလင်စေခြင်းနှင့် သုတ်သင်ဖယ်ရှားခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ အောင်မြင်ခြင်းသို့ ဆောင်ကြဉ်းခံရပေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့ ဖော်ထုတ်ခံရကြသည်၊ သုတ်သင်ဖယ်ရှားခံရပြီး၊ စမ်းသပ်ခံရကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားကြပြီးဖြစ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့အပြင်၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကိုကယ်တင်ရန် သူ၏ ဆန္ဒကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရှင်းပြီး သာမန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး၊ လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး၊ လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့်ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ကြပြီး၊ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်လာကြပြီး ဖြစ်သည့် သာ၍ များသော လူများပင် ရှိလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ၊ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် လူ့သဘာဝ၏ အနှစ်သာရကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်နှင့် လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်ခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံ‌လေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ဆိုးယုတ်သူများကို မဖျက်ဆီးဘဲ၊ ယင်းအစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက၊ လူသားတိုင်းသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့၊ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် ပြီးပြည့်စုံမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။