သမ္မာကျမ်းစာသည် သခင့်အဖို့ သက်သေဖြစ်ပြီး ယင်းသည် ကျွန်ုပ်တို့ ယုံကြည်ခြင်း၏ အခြေခံလည်း ဖြစ်သည်။ နှစ်ပေါင်းနှစ်ထောင်ကြာ၊ သခင့်ကို ယုံကြည်ပြီးသူအားလုံးသည် သမ္မာကျမ်းစာအတိုင်း ထိုသို့ လုပ်ဆောင်ကြပြီးဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် သခင့်ကို ကိုယ်စားပြုသည်၊ သခင့်ကို ယုံကြည်ဖို့ဆိုသည်မှာ သမ္မာကျမ်းစာကို ယုံကြည်ဖို့ဖြစ်ပြီး သမ္မာကျမ်းစာကို ယုံကြည်ဖို့ဆိုသည်မှာ သခင့်ကို ယုံကြည်ဖို့ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာမှ သွေဖည်ခဲ့မည်ဆိုပါက သခင့်ကို မည်သို့ ယုံကြည်နိုင်ကြမည်နည်း။ ကျွန်ုပ်တို့၏ သိနားလည်ခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည်ဟု သင် ပြောနေခြင်း ဖြစ်ပါသလား။

18.11.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀)

“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ၏) အစဉ်အလာ နည်းလမ်းဖြင့် ယုံကြည်မှုသည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်း ဖြစ်ခဲ့သည်။ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး၊ လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာကျမ်းစာအား ရှင်းလင်းဖော်ပြမှု ဖြစ်ရပေမည်။ ဆိုလိုသည်မှာ၊ သင်က သခင့်ကို ယုံကြည်လျှင်၊ သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သမ္မာကျမ်းစာမှလွဲ၍ သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်ရပေ။ သင်က ထိုသို့ ပြုလုပ်လျှင်၊ ဘုရားသခင်အား သစ္စာဖောက်နေခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။ သို့ဖြစ်၍၊ လူတို့က သခင်ကို ယုံကြည်သည်နှင့် တစ်ပြိုင်နက် သမ္မာကျမ်းစာကို စတင်ဖတ်ကြားပြီး၊ သမ္မာကျမ်းစာကို အာဂုံဆောင်ကြသည်၊ ပြီးလျှင် သမ္မာကျမ်းစာကို အာဂုံဆောင်လာနိုင်လေလေ၊ သူတို့သည် သခင်ကို ချစ်ကြကြောင်းနှင့် ဧရာမယုံကြည်သူများ ဖြစ်ကြကြောင်း သက်သေပြနိုင်လေလေ ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ကြားလျက် အခြားသူတို့အား သမ္မာကျမ်းစာကို ပြောပြပေးနိုင်သူအားလုံးတို့သည် သူကောင်း ညီအစ်ကိုမောင်နှမများ ဖြစ်သည်။ ဤနှစ်များအားလုံးအတွင်း၊ လူတို့၏ သခင်အပေါ် ယုံကြည်မှုနှင့် သစ္စာရှိမှုကို သူတို့ သမ္မာကျမ်းစာကို သိရှိ နားလည်မှု ပမာဏဖြင့် တိုင်းတာခဲ့ကြသည်။ လူအများစုက သူတို့ မည်သည့် အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်သင့်သည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း နားမလည်ကြဘဲ၊ သမ္မာကျမ်းစာ၏ အခန်းကြီးများကို အဓိပ္ပာယ်ဖွင့်ပေးရန် သဲလွန်စများကို မမြင်မကန်း ရှာသည်မှ လွဲပြီး မည်သည့်အရာမျှ မလုပ်ကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ ဦးတည်ရာလမ်းကြောင်းကို မည်သည့်အခါကမျှ မလိုက်ခဲ့ကြပေ၊ ကာလတစ်လျှောက်လုံး၌ ထိုသူတို့သည် သမ္မာကျမ်းစာကို အသည်းအသန် လေ့လာစူးစမ်းမှု မှလွဲပြီး မည်သည့်အရာမျှ မပြုခဲ့ပေ၊ ထို့အပြင်၊ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ သာ၍သစ်သော လုပ်ဆောင်ချက်ကို မည်သူမျှ မည်သည့်အခါကမျှ ရှာမတွေ့ခဲ့ပေ၊ မည်သူမျှ သမ္မာကျမ်းစာမှ မသွေဖည်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာမှ သွေဖည်ဝံ့ခြင်းလည်း မရှိခဲ့ပေ။ လူတို့သည် ထိုနှစ်များအတွင်း သမ္မာကျမ်းစာကို လေ့လာခဲ့ကြသည်၊ သူတို့သည် ရှင်းလင်းချက် အမျိုးမျိုးကို စိတ်ကူးခဲ့ကြလျက် များစွာ ကြိုးစား အားထုတ်ခဲ့ကြသည်။ သမ္မာကျမ်းစာနှင့် ပတ်သက်၍ သဘောထား ကွဲလွဲချက်များလည်း အများအပြားရှိကြပြီး၊ ၎င်းတို့ကို မဆုံးနိုင်အောင် ငြင်းခုံနေကြသည်မှာ ယနေ့တွင် ဘာသာရေး ဂိုဏ်းဂဏပေါင်း နှစ်ထောင်ကျော်ပင် ဖွဲ့စည်းထူထောင် ထားခဲ့ပြီးသည်အထိ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာကျမ်းစာထဲတွင် အထူး ရှင်းလင်းချက်အချို့ကို သို့မဟုတ် ပို၍ နက်နဲသိမ်မွေ့သည့် လျှို့ဝှက်ဆန်းကြယ်သည့် အချက်များကို ရှာကြံလိုကြပြီး၊ ၎င်းကို စူးစမ်းလေ့လာလိုကာ၊ ၎င်းအထဲတွင် ယေဟောဝါ၏ ဣသရေလနိုင်ငံထဲက လုပ်ဆောင်ချက်၊ သို့မဟုတ် ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်၊ သို့မဟုတ် အခြား မည်သူမျှ မသိသေးသည့် လျှို့ဝှက်ဆန်းကြယ်သည့် နောက်ထပ်အချက်များကို ရှာဖွေလိုကြသည်။ သမ္မာကျမ်းစာအား လူတို့၏ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှုနှင့် ယုံကြည်မှုသာရှိပြီး၊ သမ္မာကျမ်းစာ၏ အတွင်းဇာတ်လမ်း သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမျှ လုံးဝ ရှင်းလင်းစွာ မသိနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖေါ်ပြမရနိုင်အောင် အံ့သြရသည့် ခံစားချက်ရှိနေဆဲဖြစ်ပြီး သူတို့သည် သမ္မာကျမ်းစာကို ပို၍ပင် စွဲလမ်းနေကြပြီး ယုံကြည်နေကြသည်။ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသောကာလ အမှုတော်၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလအတွက် မည်သည့် နိမိတ်လက္ခဏာများ ရှိကြသည် ဆိုသည်ကို ၎င်းတို့က သိလိုကြသည်။ ဤနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ ပို၍ နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည့်အရာများကို အကျိုးအကြောင်းမဲ့စွာ ပို၍ လက်ခံယုံကြည်လာလေလေ ဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုကဲ့သို့ အားကိုးခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မရှာဖွေလိုတော့ပေ။ လူတို့၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်၊ ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင်၏ အမှု၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်၏ အရာအားလုံးနှင့် ဘုရားသခင် အမှု အလုံးစုံကို ရှင်းလင်းပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ အမှုကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်သည်၊ ထို့အပြင် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ဤအယူအဆများကြောင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့်၊ အတိတ်ကာလများက လူတို့ကို သမ္မာကျမ်းစာက မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသောအမှုအတွက် အတားအဆီး တစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာ မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို အခြားတစ်နေရာမှာ ရှာနိုင်ကြမည် ဖြစ်သော်လည်း၊ ယနေ့တွင် ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာက ထိန်းချုပ်ထားပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို တိုးချဲ့ခြင်းသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက်၊ လေထန်ရေဆန် ရုန်းကန်ရမှုတစ်ခု ဖြစ်တော့သည်။ အားလုံး ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ စိတ်ထဲမှာ ကိုးကွယ်ရာတစ်ခု ဖြစ်လာပြီး၊ ၎င်းသည် သူတို့၏ ဦးနှောက်များထဲ၌ ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ပြင်ပတွင် အမှုပြုနိုင်သည်ကို ၎င်းတို့ တကယ့်ကို ယုံကြည်လက်ခံနိုင်စွမ်း မရှိကြပေ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ ပြင်ပတွင် ရှာတွေ့နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း မရှိကြသည့်အပြင်၊ နောက်ဆုံးသော အမှုအတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာက သွေဖည်လျက် အသစ်တစ်ဖန် စတင်နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ လူတို့သည် ဤအရာကို မစဉ်းစားရဲကြပေ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပေ။ လူတို့အနေနှင့် ဘုရားသခင်၏ အမှုသစ်ကို လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတားတစ်ခု ဖြစ်လာကာ ဘုရားသခင်၏ ဤအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးသော၊ ၎င်းတို့မြင်နိုင်စွမ်းမရှိသော ဝိုးတဝါးဖြစ်သည့်ဘုရားသခင်တစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူတို့ထဲတွင်နေသော်လည်း လူသည် ငါရှိကြောင်းကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါရှိကြောင်းကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါရှိနေကြောင်းကို ပို၍ကြီးမားသောအားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများ၊ သမ္မာကျမ်းစာများတို့နှင့် သဟဇာတဖြစ်ရေးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းကိုရှာဖွေရန် ငါ့ရှေ့မှောက်လာရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် ဝေဝါးသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် ရှိမည့်ဘုရားသခင်၊ မတည်ရှိသောဘုရားသခင် ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။ ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

ဓမ္မသစ်ကျမ်းထဲမှ ခရစ်ဝင်ကျမ်းများကို ယေရှု ကားစင်တင်ခံခဲ့ရသည့်နောက် အနှစ်နှစ်ဆယ်မှ အနှစ်သုံးဆယ် အကြာတွင် ရေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန် မတိုင်မီက အစ္စရေးလူမျိုးများသည် ဓမ္မဟောင်းကျမ်းကိုသာ ဖတ်ရှုခဲ့ကြသည်။ ယင်းမှာ ကျေးဇူးတော်ခေတ်၏ အစပိုင်းမှ လူများသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ကြသည်ဟု ဆိုရပေမည်။ ဓမ္မသစ်ကျမ်းသည် ကျေးဇူးတော် ခေတ်အတွင်းတွင်သာ ပေါ်ပေါက်လာခဲ့သည်။ ယေရှု အလုပ်လုပ်ခဲ့သည့် အချိန်က ဓမ္မသစ်ကျမ်း မရှိခဲ့ပေ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် လူတို့သည် ယေရှု၏ အမှုကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခရစ်ဝင်ကျမ်း လေးကျမ်း၊ ထို့အပြင် ပေါလုနှင့် ပေတရုတို့၏ ရေးစာများနှင့် ဗျာဒိတ်ကျမ်းတို့ ရှိခဲ့လေသည်။ ယေရှု ကောင်းကင်သို့ တက်ကြွသွားခဲ့သည့်နောက်ပိုင်း နှစ်ပေါင်း သုံးရာကျော်ကြာချိန်တွင်၊ နောက်ပိုင်း မျိုးဆက်များသည် ဤမှတ်တမ်းမှတ်ရာများကို စုပေါင်း၍ ကောက်နုတ်စုစည်းခဲ့ကြပြီး၊ ထိုအခါမှသာ သမ္မာကျမ်းစာ၏ ဓမ္မသစ်ကျမ်း ရှိခဲ့ပေသည်။ ဤအလုပ် ပြီးစီးပြီးသည့်အခါမှသာ ဓမ္မသစ်ကျမ်း ရှိခဲ့ခြင်း ဖြစ်သည်၊ ယင်းသည် ယခင်က မရှိခဲ့ပေ။ ဘုရားသခင်သည် ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့ပြီး၊ ပေါလုနှင့် အခြား တမန်တော်တို့သည် နေရာအမျိုးမျိုး၌ရှိသည့် အသင်းတော်များထံ ဩဝါဒစာများစွာ ရေးသားခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့နောက်တွင် လူတို့သည် ၎င်းတို့၏ ဩဝါဒစာများကို ပေါင်းလိုက်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို ပရောဖက်ပြုထားသည့် ပတ်မုကျွန်း၌ ယောဟန် မှတ်တမ်းတင်ခဲ့သော အကြီးမားဆုံး ရူပါရုံကို ဖြည့်စွက်ခဲ့ကြသည်။ လူတို့သည် ယနေ့ခေတ် မိန့်မြွက်ချက်များနှင့် မတူသည့် ဤအစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။ ယနေ့ခေတ်တွင် ရေးမှတ်ထားသော အရာများသည် ဘုရားအမှု၏ ခြေလှမ်းများနှင့်အညီ ဖြစ်သည်။ ယနေ့ လူများ ကြုံတွေ့နေကြသော အရာများသည် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အလုပ်၊ ဘုရားသခင် ကိုယ်တိုင် မိန့်မြွက်သောစကားများဖြစ်သည်။ လူသားမျိုးနွယ်ဖြစ်သော သင့်အနေနှင့် ဝင်စွက်ဖက်ရန် မလိုပေ။ တိုက်ရိုက်လာသည့် စကားများသည် တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ထားသည့် စကားများ ဖြစ်ပြီး လူ၏ မှတ်တမ်းများနှင့် စီစဉ်ထားပုံချင်း မတူပါ။ လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများဖြစ်ပြီး တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများနှင့်၊ သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။ ဘုရားသခင် ယနေ့ လုပ်ဆောင်သည့် အမှုကို သင်အဘယ်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင်၏ အမှုကသာလျှင် လူကို ကယ်တင်နိုင်သည်။ သမ္မာကျမ်းစာသည် လူကို မကယ်တင်နိုင်ပါ။ လူတို့သည် ယင်းကို နှစ်ပေါင်းထောင်နှင့်ချီပြီး ဖတ်ရှုနိုင်ခဲ့ကြသော်လည်း ယင်းတို့အထဲတွင် အပြောင်းအလဲ စိုးစဉ်းမျှရှိခဲ့မည် မဟုတ်ခဲ့ချေ။ သင်က သမ္မာကျမ်းစာကို ကိုးကွယ်နေလျှင် သန့်ရှင်းသောဝိညာဉ်၏ လုပ်ဆောင်ချက်ကို ဘယ်တော့မှ ရမည် မဟုတ်ပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

ယနေ့တွင် ငါသည် သမ္မာကျမ်းစာအား ဤနည်းဖြင့် စိတ်ဖြာ လေ့လာဆွေးနွေးနေပြီး ယင်းမှာ ငါသည် ထိုကျမ်းစာကို မုန်းသည်၊ သို့မဟုတ် ထိုကျမ်းစာ၏ကိုးကားချက် တန်ဖိုးကို ငြင်းဆိုသည်ဟု မဆိုလိုပေ။ သမ္မာကျမ်းစာ၏ ပင်ကိုတန်ဖိုးနှင့် ဇာစ်မြစ်များကို သင်နားလည်အောင် ရှင်းပြနေရခြင်းက သင်အမှောင်ထဲတွင် ရှိနေခြင်းကို ရပ်တန့်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး များပြားလှသော အမြင်များရှိကြကာ၊ အများစုက မှားယွင်းကြသည့်အတွက် ဖြစ်သည်။ ယခုကဲ့သို့သော နည်းလမ်းဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းက လူတို့အနေနှင့် ရသင့်သည့်အရာကို မရရှိရန် ဟန့်တားနေရုံသာမက၊ သာ၍ အရေးပါသည်မှာ ၎င်းသည် ငါပြုလုပ်ရန် ရည်ရွယ်သည့် အမှုကို နှောင့်ယှက်နေသည်။ ၎င်းသည် အနာဂတ် အလုပ်ကို အလွန့်အလွန် ဝင်ရောက်နှောင့်ယှက်ပြီး ကောင်းကျိုးများ မပေးဘဲ၊ ဆိုးကျိုးများသာ ပေး၏။ သို့ဖြစ်၍၊ ငါသင်တို့ကို သွန်သင်နေသည့်အရာမှာ သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် အတွင်းပိုင်း အကြောင်းအရာတို့ပင် ဖြစ်သည်။ ငါသည် သင့်အား သမ္မာကျမ်းစာကို မဖတ်ဖို့ သို့မဟုတ် ဟိုဟိုသည်သည် သွားကာ ထိုအရာက တန်ဖိုးမဲ့ကြောင်းကို ကြေညာဖို့ တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ သင်၌ သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာနှင့် အမြင် ရှိစေဖို့ရန်သာ ဖြစ်သည်။ အလွန်အကျွံ တစ်ဖက်သတ် မဆန်လေနှင့်။ သမ္မာကျမ်းစာသည် လူသားများက ရေးသားခဲ့သည့် သမိုင်းစာအုပ် ဖြစ်သော်ငြားလည်း၊ ၎င်းသည် ရှေးခေတ် သန့်ရှင်းသူများနှင့် ပရောဖက်များက ဘုရားသခင်အား အစေခံရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရား များစွာအပြင်၊ များမကြာမီကတမန်တော်များ ဘုရားသခင်ကို အစေခံရာ၌ အတွေ့အကြုံများကိုလည်း မှတ်တမ်းတင်လေသည်- ယင်းအချက်များ အားလုံးကို ဤလူတို့က အမှန်ပင် မြင်ကာ သိခဲ့ကြပြီး ဤခေတ် လူတို့အတွက် မှန်သော လမ်းခရီးကို လိုက်စားရာတွင် ရည်ညွှန်းချက်အဖြစ် အသုံးချနိုင်ပေသည်။ သို့ဖြစ်၍၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် လူများသည် အခြားစာအုပ်များ၌ ရှာမတွေ့နိုင်သည့် အသက်လမ်းခရီးများစွာကို ရရှိနိုင်ကြသည်။ ဤလမ်းခရီးများသည် အတိတ်ကာလ ပရောဖက်များနှင့် တမန်တော်များ တွေ့ကြုံခဲ့ကြရသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အသက်လမ်းခရီးများ ဖြစ်ကြပြီး၊ နှုတ်ကပတ်တော် များစွာတို့သည် တန်ဖိုးရှိပြီး၊ လူတို့ လိုအပ်သည့်အရာကို ထောက်ပံ့ပေးနိုင်လေသည်။ သို့ဖြစ်သောကြောင့်၊ လူအားလုံးက သမ္မာကျမ်းစာ ဖတ်ရှုရခြင်းကို နှစ်သက်ကြသည်။ သမ္မာကျမ်းစာထဲတွင် သွယ်ဝှက်ထားသည်များ အလွန်များပြားသဖြင့်၊ ကျမ်းစာအပေါ် လူတို့၏ ရှုမြင်ပုံများသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များအပေါ် ရှုမြင်ပုံများနှင့် မတူကြပေ။ သမ္မာကျမ်းစာသည် ခေတ်ဟောင်းနှင့် ခေတ်သစ်များထဲတွင် ယေဟောဝါနှင့် ယေရှုတို့ကို အစေခံခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် အသိပညာများကို စုစည်းထားသည့် မှတ်တမ်းဖြစ်၍၊ နောက်ပိုင်း မျိုးဆက်များသည် ဉာဏ်အလင်းဖွင့်ပြမူ၊ အလင်းပေးမှုနှင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများကို များစွာ ရယူနိုင်ခဲ့ကြသည်။ သမ္မာကျမ်းစာသည် မည်သည့် ဝိညာဉ်ရေးရာပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များထက်မဆို ပိုမြင့်မားရခြင်း၏ အကြောင်းရင်းမှာ ထိုသူတို့၏ ရေးသားချက် အားလုံးသည် သမ္မာကျမ်းစာထဲမှ ကောက်ယူထားခြင်း ဖြစ်ပြီး၊ သူတို့၏ အတွေ့အကြုံများ အားလုံးက သမ္မာကျမ်းစာထဲမှ လာကြခြင်း ဖြစ်ကာ၊ ၎င်းတို့အားလုံး သမ္မာကျမ်းစာကို ရှင်းပြသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍၊ လူတို့သည် မည်သည့် ဝိညာဉ်ရေးရာပုဂ္ဂိုလ်ကြီးများ၏ စာအုပ်များမှမဆို ထောက်ပံ့ခြင်းကို ရရှိနိုင်ကြသော်လည်း၊ သူတို့အတွက် သမ္မာကျမ်းစာသည် အလွန်မြင့်မားပြီး လေးနက်သည့်ပုံပေါ်သည့်အတွက် ကျမ်းစာကို ၎င်းတို့ ကိုးကွယ်နေကြဆဲ ဖြစ်သည်။ သမ္မာကျမ်းစာသည် ပေါလု၏သြဝါဒစာများနှင့် ပေတရု၏သြဝါဒစာများကဲ့သို့ အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များပါသည့် ကျမ်းစာအုပ်များကို အတူတကွ စုစည်းပေးထားသော်လည်း၊ လူတို့သည် ထိုကျမ်းအုပ်များ၏ ထောက်ပံ့မှုနှင့် မစမှုတို့ကို ခံရနိုင်ကြသော်လည်း၊ ဤကျမ်းအုပ်များသည် ခေတ်မမီဆဲ ဖြစ်သည်၊ ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြဆဲဖြစ်ပြီး၊ ၎င်းတို့သည် မည်မျှပင် ကောင်းမွန်စေကာမူ၊ ကာလတစ်ခု အတွက်သာ သင့်တော်ပြီး၊ ထာ၀ရသင့်တော်သည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် အစဉ်တိုးတက်လျက် ရှိသည့်အတွက်၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌သာ ရပ်တန့်မသွားနိုင်ခဲ့သကဲ့သို့၊ ယေရှု ကားစင်တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင် ထာဝရ ကျန်ရှိမနေနိုင်ပေ။ သို့ဖြစ်၍၊ ဤစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ပြီး နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှ ကောင်းစေကာမူ၊ ခေတ်ကုန်သွားပြီဖြစ်ဆဲ ဖြစ်သည်။ ထိုအရာသည် ဣသရေလနိုင်ငံထဲတွင် ယေဟောဝါ၏ ဖန်ဆင်းခြင်း သို့မဟုတ် သူ၏အမှုများနှင့် အလားတူပင် ဖြစ်သည်။ ဤအမှု မည်မျှပင် ကြီးမြတ်စေကာမူ၊ ၎င်းသည် ခေတ်ကုန်လာဦးမည် ဖြစ်ပြီး ၎င်းခေတ် ကုန်လွန်သွားသည့်အချိန် ရောက်လာဦးမည် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည်လည်း အလားတူပင် ဖြစ်သည်၊ ၎င်းသည် ကြီးမြတ်သည်၊ သို့သော် အဆုံးသတ်ရမည့် အချိန်ကျလိမ့်ဦးမည် ဖြစ်သည်၊ ၎င်းသည် တစ်ချိန်လုံး ဖန်ဆင်းခြင်း အမှုကြား၌ အစဉ်အမြဲ ရှိမနေနိုင်သကဲ့သို့၊ ကားစင်တင်ခံရခြင်း အမှုကြားတွင်လည်း အစဉ်အမြဲ ရှိမနေနိုင်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် မည်မျှပင် ယုံကြည်လက်ခံစရာ ကောင်းပါစေ၊ ၎င်းသည် စာတန်ကို ချိုးနှိမ်ရာတွင် မည်မျှပင် ထိရောက်မှု ရှိခဲ့ပါစေ၊ စင်စစ်မှာမူ အမှုသည် အမှုအဖြစ် ရှိနေဆဲ၊ ခေတ်များသည်လည်း ခေတ်များအဖြစ် ရှိနေဆဲ ဖြစ်သည်။ ဖန်ဆင်းခြင်းရှိခဲ့ပြီး နောက်ဆုံးသော ကာလရှိရမည် ဖြစ်သောကြောင့် အမှုသည် အခြေခံအုတ်မြစ် တစ်ခုတည်းအပေါ်တွင် အစဉ်အမြဲ မနေနိုင်သကဲ့သို့၊ အချိန်ကာလများသည်လည်း မည်သည့်အခါမျှ မပြောင်းလဲဘဲ မရှိနိုင်ပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ကြောင့်၊ ယနေ့တွင် ဓမ္မသစ်ကျမ်းထဲက အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည့် တမန်တော်များ၏ သြဝါဒစာများနှင့် ခရစ်ဝင်ကျမ်း လေးကျမ်းသည် သမိုင်းဆိုင်ရာ စာအုပ်များ ဖြစ်လာကြလေပြီ၊ ၎င်းတို့သည် နှစ်ချုပ်စာအုပ် အဟောင်းများ ဖြစ်လာကြပြီးဖြစ်ကာ ခေတ်ဟောင်း နှစ်ချုပ်စာအုပ်များက လူများကို ခေတ်သစ်ထဲသို့ မည်သို့ ခေါ်ဆောင်သွားနိုင်မည်နည်း။ ဤနှစ်ချုပ် စာအုပ်များသည် လူတို့ကို အသက်ဖြင့် မည်သို့ပင် ထောက်ပံ့ပေးနိုင်ပါစေ၊ ၎င်းတို့သည် လူတို့ကို ကားတိုင်ဆီသို့ မည်သို့ပင် ခေါ်ဆောင်ပေးနိုင်ပါစေ၊ ၎င်းတို့သည် ခေတ်ကုန်သွားကြပြီ မဟုတ်လော။ ၎င်းတို့သည် တန်ဖိုးမဲ့နေကြပြီ မဟုတ်လော။ သို့ဖြစ်၍ သင်သည် ထိုနှစ်ချုပ်စာအုပ်များကို မျက်စိမှိတ် မယုံကြည်အပ်ဟု ငါပြော၏။ ၎င်းတို့သည် အလွန် ဟောင်းနွမ်းသွားကြပြီ၊ ၎င်းတို့သည် သင့်ကို အမှုအသစ်ဆီသို့ ခေါ်ဆောင် မပေးနိုင်ကြဘဲ၊ သင့်ကို ဝန်သာ ပိစေနိုင်၏။ ၎င်းတို့သည် သင့်အား အမှုသစ်နှင့် ဝင်ရောက်မှု အသစ်ဆီသို့ မခေါ်ဆောင်ပေးနိုင်ရုံသာမက၊ သင်တို့ကို အိုဟောင်းသော ဘာသာရေး အသင်းတော်များအတွင်း ခေါ်ဆောင်ပေသည် - ထိုသို့ဆိုပါက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် ဆုတ်ယုတ်သွားနေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

သမ္မာကျမ်းစာသည် ထောင်စုနှစ်အချို့ကြာ လူ့သမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင်၊ နောက်ဆုံးသော ကာလတွင် ကျမ်းစာက ဘုရားသခင်၏နေရာကို ယူထားလိုက်သည်အထိ လူတို့သည် ကျမ်းစာကို ဘုရားသခင်အလား သဘောထား ကြပြီး၊ ယင်းက ဘုရားသခင်ကို စက်ဆုပ်စေ၏။ ထို့ကြောင့်၊ အခွင့်သာသည့်အခါတွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် ဇာစ်မြစ်တို့ကို ရှင်းလင်းစေဖို့ တာဝန်ရှိသည်ဟု ခံစားခဲ့သည်။ ဤအရာကို သူ မလုပ်ဆောင်ပါက၊ သမ္မာကျမ်းစာသည် လူတို့၏ စိတ်နှလုံးများ ထဲတွင် ဘုရားသခင်၏နေရာကို ဆက်လက်ယူထားလိမ့်မည် ဖြစ်ပြီး လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ရန်နှင့် ရှုတ်ချရန် ကျမ်းစာ၏ ကျမ်းဟောင်းတရားများကို အသုံးပြုကြပေလိမ့်မည်။ ကျမ်းစာ၏ အနှစ်သာရ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အပြစ်အနာအဆာများကို ရှင်းပြခြင်းအားဖြင့်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ တည်ရှိခြင်းကို လုံးဝ ငြင်းပယ်နေခြင်း မဟုတ်သကဲ့သို့၊ ရှုတ်ချနေခြင်းလည်း မဟုတ်ပေ။ ယင်းထက်၊ ကျမ်းစာကို ၎င်းတို့ မကိုးကွယ်တော့ရန်နှင့် ၎င်းတို့ လမ်းမပျောက်တော့ရန်အလို့ငှာ သမ္မာကျမ်းစာ၏ နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိစေသည့်၊ သမ္မာကျမ်းစာအပေါ် လူတို့ ထားရှိသည့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းပြီး ကျမ်းစာနှင့် သက်ဆိုင်သည့် မှန်ကန်သော အမြင်ကို ၎င်းတို့အား ပေးသည့် သင့်တင့်လျောက်ပတ်သော ဖော်ပြချက်တစ်ခုကို သူက ပေးနေခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ကျိုးကြောင်းမမြင်သော သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းအား ဘုရားသခင်၌ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းကဲ့သို့ မမှားတော့ဖို့ရန်အလို့ငှာ၊ သမ္မာကျမ်းစာ၏ မှန်ကန်သော နောက်ခံအကြောင်းအရာနှင့် ချွတ်ယွင်းချက်များကို ရင်ဆိုင်ရန်ပင် မကြောက်ရွံ့တော့ဖို့ရန် အလို့ငှာ ဖြစ်သည်ဟု ဆိုလိုသည်။ သမ္မာကျမ်းစာနှင့် သက်ဆိုင်သော သိနားလည်မှု စစ်စစ်တစ်ခု လူတို့ ရရှိသည်နှင့်တစ်ပြိုင်နက်၊ စိတ်မလုံမလဲဖြစ်ခြင်း မရှိဘဲ ယင်းကို ၎င်းတို့ ဘေးဖယ်ထားနိုင်ပြီး ဘုရားသခင်၏ အသစ်သော နှုတ်ကပတ်တော်များကို ရဲဝံ့စွာ လက်ခံနိုင်ပေသည်။ ဤသည်မှာ ဤအခန်းများထဲက ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ဤနေရာတွင် လူတို့ကို ဘုရားသခင် ပြောလိုသည့် သမ္မာတရားမှာ မည်သည့်အယူအဆ သို့မဟုတ် အချက်အလက်ကမျှ ဘုရားသခင်၏ ယနေ့ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ နေရာကို မယူနိုင်သည့် အကြောင်းနှင့် ဘုရားသခင်၏ကိုယ်စား မည်သည့်အရာမျှ မရပ်တည်နိုင်သည့်အကြောင်း ဖြစ်သည်။ သမ္မာကျမ်းစာ၏ ထောင်ချောက်မှ လူတို့ မလွတ်နိုင်ပါက၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ မည်သည့်အခါတွင်မျှ လာနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက် ၎င်းတို့ လာလိုပါက၊ ဦးစွာပထမ သူ့ကို အစားထိုးနိုင်သည့် မည်သည့်အရာမဆိုကို ၎င်းတို့၏ စိတ်နှလုံးများမှ သန့်ရှင်းစေရမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်အဖို့ ကျေနပ်စရာ ဖြစ်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ၊ နိဒါန်း

အရှေ့သို့- သင်က သခင်ယေရှုသည် ပြန်ကြွလာပြီးဖြစ်သည်၊ သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ သမ္မာတရားများကို ဖော်ပြနေသည်ဟု သက်သေခံသည်။ သို့သော် သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားပြီး၊ သမ္မာကျမ်းစာ၏ သမ္မာတရားက မခြုံငုံသည့်အရာ မည်သည့်အရာမျှမရှိဟု ဆိုကြသည်။ ၎င်းတို့က သမ္မာကျမ်းစာ ပြင်ပတွင် ဘုရားသခင်၏ မည်သည့် နှုတ်ကပတ်တော်များနှင့် အမှုတော်မျှမရှိသကဲ့သို့ သမ္မာကျမ်းစာ ပြင်ပ၌ ရှိသည့် မည်သည့်အရာမဆိုသည် မိစ္ဆာအယူဝါဒဖြစ်သည်ဟု ဆိုကြသည်။ ဤကိစ္စရပ်ကို ကျွန်ုပ်တို့ မည်သို့ သဘောထားသင့်သနည်း။
နောက်တစ်ခုသို့- သခင်ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူတို့ကို သန့်စင်ခြင်း ရရှိဖို့နှင့် ကယ်တင်ခံရဖို့ အခွင့်ပေးမည့် သမ္မာတရား အလုံးစုံကို ဖော်ပြပြီး၊ လက်ရှိတွင် ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ကျွန်ုပ်တို့ ဤအရာကို လက်မခံဝံ့ပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို သမ္မာကျမ်းစာထဲတွင် ရေးမှတ်ထားပြီး၊ သမ္မာကျမ်းစာ ပြင်ပတွင် ဘုရားသခင်၏ အခြားသော နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတော် မရှိသလို၊ သမ္မာကျမ်းစာကို ဆန့်ကျင်သည့် သို့မဟုတ် ကျော်လွန်သည့်အရာတိုင်းသည် မိစ္ဆာအယူဝါဒဖြစ်သည်ဟု ကျွန်ုပ်တို့ကို သွန်သင်ကြသောကြောင့် ဖြစ်သည်။ ဤကိစ္စရပ်အပေါ် ပိုင်းခြားသိမြင်မှု ကျွန်ုပ်တို့ မရှိပါ။ ကျွန်ုပ်တို့အတွက် ထိုအရာကို ရှင်းပြပေးနိုင်ပါမည်လား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။